■ လက်ရှိရာသီ ဂျူဗင်တပ်စ်၏ အကောင်းဆုံးပွဲဟု တူရင်ဒါဘီအောင်ပွဲ ပိုင်ဆိုင်ပြီးနောက် အယ်လီဂရီ ကြွေးကြော်

■ လက်ရှိရာသီ ဂျူဗင်တပ်စ်၏ အကောင်းဆုံးပွဲဟု တူရင်ဒါဘီအောင်ပွဲ ပိုင်ဆိုင်ပြီးနောက် အယ်လီဂရီ ကြွေးကြော်
Published 4 October 2021

ပြီးခဲ့သည့်တူရင်ဒါဘီပွဲစဉ်တွင် တိုရီနိုအသင်းကို အဝေးကွင်း၌ (၁-၀)ဂိုးဖြင့် အနိုင်ရရှိပြီးနောက် လက်ရှိရာသီ သူတို့အသင်း၏ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက ကြွေးကြော်ခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် လက်ရှိရာသီ စီးရီးအေအစောပိုင်းပွဲစဉ်များတွင် ရလဒ်ဆိုးများဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုအခါ စီးရီးအေနောက်ဆုံး (၃)ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

သို့သော် ဂျူဗင်တပ်စ်အသင်း၏ကစားပုံအပေါ် ဝေဖန်မှုများရှိနေသဖြင့် အယ်လီဂရီက ယခုကဲ့သို့ ကြွေးကြော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုရီနိုအသင်းနှင့်တူရင်ဒါဘီပွဲတွင် ဂျူဗင်တပ်စ်အသင်းသည် ပထမပိုင်း၌ ဘောလုံးပိုင်ဆိုင်မှု (၃၉)ရာခိုင်နှုန်းသာရှိပြီး ရုန်းကန်ခဲ့ရသော်လည်း ကွာဒရာဒိုကို လူစားလဲခြင်းနှင့် ခီယေဆာကို တိုက်စစ်တွင် ပြောင်းလဲကစားစေခြင်းတို့ကြောင့် ရလဒ်ကောင်း ပိုင်ဆိုင်ခဲ့ရသည်။ 

ဂျူဗင်တပ်စ်အသင်းအတွက် အနိုင်ဂိုးကို လိုကာတယ်လီ သွင်းယူနိုင်အောင် ခီယေဆာက ပွဲချိန် (၈၆)မိနစ်တွင် ဖန်တီးပေးခဲ့ခြင်းလည်းဖြစ်သည်။ 

အယ်လီဂရီက ''ပထမပိုင်းမှာ ကျွန်တော်တို့အသင်းကစားပုံဟာ လိုအပ်ချက်များခဲ့ပါတယ်။ မွိုက်စ်ကိန်းက တိုက်စစ်မှာ ကစားပုံမဆိုးပေမဲ့ ဘောလုံးဆုံးရှုံးတာ များခဲ့ပါတယ်။ လိုကာတယ်လီက ကျွန်တော် ကစားစေချင်တဲ့နေရာမှာ ပိုကောင်းအောင်

ကစားလာနိုင်ပါတယ်။ သူ့ရဲ့ရွေ့လျားမှုတွေ၊ ဘောလုံးပေးပို့မှုတွေကလည်း ပိုပြီးတိကျသေသပ်လာပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးချိန်မှာ ကျွန်တော်တို့အသင်းရဲ့ ခံစစ်၊ တိုက်စစ်ဟန်ချက်ညီမျှအောင် ဘယ်လိုလုပ်မလဲဆိုတာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တိုရီနိုနဲ့ပွဲမှာ ကျွန်တော်တို့အသင်းရဲ့ ဒီရာသီအကောင်းဆုံးပုံစံကို မြင်ခဲ့ရပါတယ်''ဟု ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် တူရင်ဒါဘီတွင် ပေးဂိုးမရှိအောင် ကစားနိုင်သဖြင့် စီးရီးအေပွဲ (၂၀)ဆက် ဂိုးပေးရသည့်မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လအတွင်းကစားသည့် ဂျူဗင်တပ်စ် (၃-၀) စပီဇီယာပွဲစဉ်တွင် ဂိုးမပေးရပြီးနောက် စီးရီးအေ ပွဲ (၂၀)ဆက် ဂိုးပေးခဲ့ရခြင်းဖြစ်သည်။ 

လက်ရှိအချိန်တွင် စီးရီးအေတွင် နိုင်ပွဲများ ပြန်ရလာသလို၊ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင်လည်း (၂)ပွဲဆက် အနိုင်ရထားသဖြင့် ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီ၏ အနာဂတ်ပြန်လည်တည်ငြိမ်လာပြီဖြစ်သည်။

Most Read

Most Recent