လားရှိုးမြို့၏ ကိုဗစ်နေ့ရက်များကြားက ပရဟိတသူရဲကောင်းလေးများ

လားရှိုးမြို့၏ ကိုဗစ်နေ့ရက်များကြားက ပရဟိတသူရဲကောင်းလေးများ
COVID-19 Operation Team Lashio တွင် ပါဝင်ဆောင်ရွက်နေသူများကို တွေ့ရစဉ်
COVID-19 Operation Team Lashio တွင် ပါဝင်ဆောင်ရွက်နေသူများကို တွေ့ရစဉ်
Published 3 October 2021
စိုင်းထွန်းနေလှိုင်

( ၁ )

ကိုဗစ်-၁၉ တတိယလှိုင်းကာလ အတောအတွင်း မြို့တွင်းလမ်းမများပေါ်တွင် ပရဟိတယာဉ်များ နေ့စဉ်ဖြတ်သန်းမောင်းနှင်နေသည့် မြင်ကွင်းများကို ခပ်စိပ်စိပ်တွေ့ မြင်နေရသည်။  ဖြတ်သန်းသွားလာနေသည့် အရေးပေါ်ကားသံသည် အိမ်ကနေလည်း ကြားနေရသည်။ မြို့ထဲသွားရင်လည်း ကြားနေရသည်။မနက်ခင်းမှာလည်း ကြားရတတ်သည်။ ညဉ့်နက်ပိုင်းတွင်လည်း ကြားနေရတတ်သည်။

လားရှိုးမြို့သည် တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ တရုတ်နိုင်ငံနှင့်နီးစပ်သည့် ဒေသတစ်ခုလည်း ဖြစ်သည်။ လားရှိုးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ကူးသန်းရောင်းဝယ်မှု အစဉ်တစိုက်ရှိခဲ့သည့် ဒေသဖြစ်သည့်အလျောက် တရုတ်နိုင်ငံနှင့်လည်း ကုန်စည်ကူးသန်းရောင်းဝယ်မှုရှိသည့် ဒေသလည်းဖြစ်သည်။

ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလ အတောအတွင်း စည်ကားလှသော လားရှိုးမြို့လေးသည် အသွားအလာ သိပ်မပြတ်ခဲ့။ စျေးဆိုင်များတွင် ထိုင်သူထိုင်စားသူစား မြင်တွေ့ခဲ့သည်။ လမ်းမများပေါ်တွင် အသွားအလာ စည်စည်ကားကားရှိခဲ့သည်။ ကိုဗစ်တတိယလှိုင်းတွင်တော့ ထိုအခြေအနေ မဟုတ်ခဲ့။ Stay at Home မြို့အဖြစ်ပင် ရှိခဲ့သည်။

ကိုဗစ် -၁၉ တတိယလှိုင်းကာလသည် လားရှိုးမြို့တွင် ဇွန် ၉ ရက်မှစတင်ခဲ့ပြီး အောက်တိုဘာ ၁ ရက် ည ၈ နာရီအထိ လေးလနီးပါး ကာလအတောအတွင်းတွင် ရောဂါကူးစက်ခံခဲ့ရသူပေါင်း ၃၁၅၇ ဦး အထိရှိခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား၍ ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူခဲ့သူများအနက် အောက်တိုဘာ ၁ ရက်အထိ ၁၇၀ ဦးအထိသေဆုံးခဲ့ပြီး ကိုဗစ်ဖြစ်ပွားကာ ဆေးရုံတက်ရောက်နိုင်ခြင်းမရှိသေးမီ နေအိမ်တွင် သေဆုံးကြသူများနှင့် ကိုဗစ်သံသယဖြင့် သေဆုံးခဲ့ကြသူများလည်း အများအပြားရှိခဲ့ကြောင်း လားရှိုးမြို့ရှိ ပေးသောလက် လူမှုကူညီရေးအသင်းမှ ကိုမြင့်မော်က ပြောကြားသည်။

လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ကြရသူများကို လားရှိုးပညာရေးဒီဂရီကောလိပ်ရှိ ကြပ်မတ်ကုသဆောင်တွင် အဓိကထားကာ ကုသပေးလျက်ရှိနေပြီး ရောဂါအခြေအနေ ပြင်းထန်သူများကို လားရှိုးပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်များတွင် ကုသပေးလျက်ရှိသည်။

လားရှိုးမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံထားရသူများနှင့် ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ဆက်စပ်မှုရှိသူများ၊ ကိုဗစ်ရောဂါဖြင့် အသက်သေဆုံးခဲ့ကြရသူများကို လားရှိုးမြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များနှင့် COVID-19 Operation Team Lashio မှ ပရဟိတအဖွဲ့များက လိုအပ်သည့် ကူညီထောက်ပံ့မှုများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးကြသည်။

( ၂ )

လားရှိုးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားသူများကို လားရှိုးမြို့ပေါ်ရှိ COVID-19 Operation Team Lashio မှ ပရဟိတအဖွဲ့များအပြင် အခြားပရဟိတအဖွဲ့များမှ ပရဟိတသမားများက ကိုဗစ်ရောဂါ ပိုးကူးစက်ခံထားရသူများ၊ ရောဂါပိုးကူးစက်ခံထားရသူများနှင့် ထိတွေ့ဆက်စပ်မှုရှိသူများကို ၎င်းတို့နေထိုင်ရာနေရာများမှ တစ်ဆင့် Swab ယူသည့်နေရာသို့ ခေါ်ဆောင်ခြင်း ၊ ပို့ဆောင်ပေးခြင်းများ၊ ရောဂါကူးစက်ခံထားရပါက ကိုဗစ်-၁၉ ရောဂါကြပ်မတ်ကုသဆောင်များသို့ ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

COVID-19 Operation Team Lashio သည် လားရှိုးမြို့ရှိ ပရဟိတ အဖွဲ့ပေါင်း ခုနစ်ဖွဲ့မှ အဖွဲ့ဝင်ပေါင်း ၄၀ ကျော်ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ပရဟိတမော်တော်ယာဉ် ၁၇ စီးဖြင့် နေ့မအား ညမနား ကိုဗစ်ရောဂါ ကူးစက်မှုနှင့်ပတ်သက်သည့်ကဏ္ဍများသာမက အခြားအရေးပေါ်ဖြစ်ပွားသည့် ဖြစ်စဉ်များကိုလည်း ပြည်သူများအတွက် အချိန်နှင့်တစ်ပြေးညီ လှုပ်ရှားကူညီဆောင်ရွက်ပေးလျက်ရှိသည်။

“ကျွန်တော်တို့က COVID-19 Operation Team  ကို COVID-19 ရောဂါကြီးကို တိုက်ထုတ်မယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် COVID-19 ရောဂါကို နဖူးတွေ့ဒူးတွေ့ သေသေကျေကျေ တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ COVID-19 Operation Team Lashio ကို စဖွဲ့ခဲ့တာပါ။  ကျွန်တော်တို့ COVID-19 Operation Team မှာ အဖွဲ့ဝင်ပေါင်း လေးဆယ်ကျော်ရှိတယ်။ ကျွန်တော်တို့အဖွဲ့မှာ သံသယလူနာနဲ့ ပေါ့စတစ်လူနာ သေဆုံးမှုတွေကို ဆောင်ရွက်ပေးတဲ့အဖွဲ့ကတစ်ဖွဲ့၊ ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေနဲ့ ထိတွေ့ဆက်စပ်မှု ရှိသူတွေကို Swab ယူတာရယ်၊ ပေါ့စတစ်လူနာတွေကို ဆေးရုံပို့ဆောင်ပေးတဲ့အဖွဲ့က တစ်ဖွဲ့၊ ပိုးသတ်ဆေးဖျန်းတဲ့အဖွဲ့က တစ်ဖွဲ့၊ Lockdown ချထားတဲ့နေရာတွေမှာ ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့ကတစ်ဖွဲ့ ၊ အောက်ဆီဂျင်ကူညီထောက်ပံ့ရေးအဖွဲ့ကတစ်ဖွဲ့ဆိုပြီး ကဏ္ဍငါးခုခွဲပြီးတော့ ပူးပေါင်းဆောင်ရွက်ကြပါတယ်” ဟု COVID-19 Operation Team Lashio မှ ကိုနိုင်က ဆိုသည်။

ကိုဗစ်-၁၉ တတိယလှိုင်းကာလ အတောအတွင်း COVID-19 Operation Team Lashio ကို ပရဟိတအဖွဲ့လေးဖွဲ့ဖြင့် စတင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး နောက်ပိုင်းတွင် သုံးဖွဲ့ထပ်တိုးကာ အဖွဲ့ခုနစ်ဖွဲ့ဖြင့် ပြည်သူများနှင့်ကျန်းမာရေး ဝန်ထမ်းများအတွက် တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။အဖွဲ့၏လှုပ်ရှား ဆောင်ရွက်မှုများစတင်ချိန်တွင် လားရှိုးမြို့ရှိ ပြည်သူတို့၏ လှူဒါန်းငွေများဖြင့် လည်ပတ်ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာက စက်သုံးဆီများနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

“အဓိကတော့ ကျွန်တော်တို့ကို အထောက်အပံ့ပေးနေတာကတော့ လားရှိုးမြို့က မြို့ခံပြည်သူတွေပါပဲ။ အခုက စက်သုံးဆီစျေးတွေကလည်းမြင့်တော့ တစ်လတစ်လကား ၁၇ စီးအတွက် ကုန်ကျစရိတ်ကလည်း ပိုမြင့်တာပေါ့။နောက်တစ်ချက်က အရင်တုန်းက ကျွန်တော်တို့က မြို့လယ်လောက်မှာရှိတဲ့နေရာမှာ အထိုင်ချထားတာပေါ့။ Swab စစ်တဲ့ သာသနာ ၂၅၀၀ ဘုရားနားက မိုးကုတ် ၀ိပဿနာ တရားစခန်းနားမှာပေါ့။ အခုတော့ Swab ယူတဲ့နေရာက ပြည်ထောင်စု အားကစားကွင်းထဲ ပြောင်းလိုက်ရတော့ ပရဟိတယာဉ်တွေလည်း သူတို့ရှိရာဘောလုံးကွင်းထဲမှာ အထိုင်သွားချရတာပေါ့။ အဲဒီလို အခြေအနေကြောင့် ကျွန်တော်တို့မှာ စက်သုံးဆီပိုကုန်လာတဲ့အပိုင်းတွေ ရှိတာပေါ့။ အရင်မြို့တွင်းမှာ အထိုင်ချတုန်းကတော့ ဘယ်နေရာဘယ်ကိုသွားသွား အလယ်ကျတော့ ခရီးကသိပ်မဝေးတော့ ဆီသိပ်မကုန်တာပေါ့။ အခုကလားရှိုးမြို့ရဲ့ ပြည်ထောင်စု အားကစားကွင်းထဲမှာဆိုတော့ ကိုဗစ်ရောဂါဖြစ်တဲ့ လူနာတွေကို ပို့ပေးရတဲ့ ကိုဗစ်ကြပ်မတ်ကုသဆောင်နဲ့လည်း တော်တော်လှမ်းသွားတာပေါ့” ဟု ကိုနိုင်က ဆက်လက်ပြောကြားသည်။

ကိုဗစ်လူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိသူများကို ကူညီနေသည့် COVID-19 Operation Team Lashio တွင် အမျိုးသမီး ပရဟိတများလည်းပါဝင်ပြီး ၎င်းတို့မှာ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို အဓိကထားလုပ်ဆောင်ကြကြောင်း သိရသည်။ လက်ရှိတွင် အလှူငွေလှူဒါန်းမှုများလည်း ယခင်ထက်လျော့နည်းလာပြီး စက်သုံးဆီနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများမှာ တစ်လစာသာရှိတော့သည့်အတွက် ကိုဗစ်ရောဂါပိုးကူးစက်မှု များပြားလာဦးမည်ဆိုပါက ဆက်လက် ရပ်တည်နိုင်ရန် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နိုင်ရဖွယ်ရှိနိုင်ကြောင်း သိရသည်။ ၎င်းတို့အတွက် အဓိကစိန်ခေါ်မှုမှာ စက်သုံးဆီသည် အဓိကဖြစ်နေကြောင်း သိရသည်။

( ၃ )

လားရှိုးမြို့နယ်တွင် စက်တင်ဘာလအတွင်း မြို့တွင်းရောဂါကူးစက်မှု ယခင်ထက် သိသိသာသာ လျော့နည်းသွားသော်လည်း ကျေးရွာများတွင် ရောဂါပိုးကူးစက်မှု ခံထားရသူ စစ်ဆေးတွေ့ရှိမှုမှာ ယခင်ထက် များပြားလာသည်ကို တွေ့ရပြီး ကိုဗစ်ရောဂါကြောင့် သေဆုံးမှုမှာလည်း ယခင်လများထက် လျော့နည်းသွားကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်ခံရပြီးသေဆုံးသူများနှင့် ပတ်သက်၍ COVID-19 Operation Team Lashio မှ ကိုမြင့်မော်က “အစ်ကိုတို့အဖွဲ့က ကိုဗစ်ပေါ့စတစ်သမားတွေ သေဆုံးရင် သင်္ဂြိုဟ်တဲ့နေရာမှာ တာဝန်ယူတယ်။ ကိုဗစ်ကုသတဲ့ စင်တာတွေ မဖွင့်ခင်မှာ တချို့တွေက အိမ်မှာကျိတ်ကုနေကြတာ များတယ်။အိမ်မှာကုကြတာများတော့ ရပ်ကွက် ၆ နဲ့ ရပ်ကွက် ၇ ဘက်မှာ သေဆုံးသူပေါင်း ၃၅ ဦးလောက်အထိကို သေဆုံးတွေ ပို့ပေးခဲ့ရတယ်။ကိုဗစ်ကာလအတွင်းမှာ ဆေးရုံတက်ရင်း သေဆုံးသူတွေ၊ အိမ်မှာကျိတ်ကုကြရင်း သေဆုံးခဲ့တာတွေ၊ ကိုဗစ်ဖြစ်မှန်းမသိဘဲ သေဆုံးခဲ့သူတွေကို တွက်ကြည့်ရင် ကျွန်တော်အထင်သေဆုံးသူ ၃၀၀ ဝန်းကျင်လောက်အထိကို ရှိနေပြီ” ဟု ပြောသည်။

ပရဟိတသမားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူများကို သွားရောက်ခေါ်ဆောင်ရာတွင် တံခါးမဖွင့်ပေးခြင်း၊ ရန်ပြုခြင်း၊ ဆူပူကြိမ်းမောင်းခြင်းများလည်း ကြုံတွေ့ရသည့်အပြင် အခြားအခက်အခဲများစွာလည်းရှိကြောင်း ၎င်းတို့ကပြောသည်။

“ကိုဗစ်တတိယလှိုင်းကာလ အတောအတွင်းမှာကိုပဲ ကျွန်တော်တို့ COVID-19 Operation Team Lashio အနေနဲ့ အိမ်ထောင်စုပေါင်း ခုနစ်ရာနီးပါးကို အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ဆန်၊ဆီ၊ ဆား၊ကြက်သွန်၊ ကြာဆံ၊ ကြက်ဥနဲ့ အခြားအခြေခံ လိုအပ်တဲ့ပစ္စည်းတွေကို သွားရောက်ပြီး ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။  ဇူလိုင်၊ သြဂုတ်လအတွင်းမှာ Quarantine ဝင်ရောက်နေတဲ့ အိမ်တွေကိုဆို အလှူရှင်ကများတော့ တော်တော်များများ ထောက်ပံ့ပေးနိုင်ခဲ့တယ်။အခုကတော့ အလှူရှင်တွေလည်း ပန်းကုန်ပြီလေ” ဟု Quarantine နေအိမ်များအတွက် ထောက်ပံ့ကူညီပေးနေသူ ကိုနေမျိုးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားနေသည့်ကာလ အတောအတွင်း ဒေသခံပြည်သူများနှင့် ရောဂါကူးစက်ခံထားရသူများ၊ သံသယလူနာများအတွက် ပရဟိတသမားများသည် ဂုဏ်ပြုထိုက်သော သူရဲကောင်းများပင် ဖြစ်သည်။ လေးစားထိုက်သော လူသားများပင်ဖြစ်သည်။ 

Most Read

Most Recent