ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျိန္တလီကမ်းခြေဒေသ လိပ်ထိန်းသိမ်းရေးဇုန်တွင် ယခုနှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် လိပ်ဥချမှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ယခင်နှစ်ထက် လာရောက်ဥချမှု ပိုများမည်ဟု မျှော်လင့်ကြောင်း သိရသည်။
ကျိန္တလီကမ်းခြေဒေသတွင် လိပ်များဥချသည့်ရာသီသည် စက်တင်ဘာမှ မေလအထိ ခုနစ်လခန့် ကြာမြင့်၍ ယခုနှစ် ရာသီအတွက် ပထမဆုံးအကြိမ် ဥချခြင်းဖြစ်ကာ လိပ်ကျင်း တည်နေရာကို GPS ဖတ်ပြီး ထိန်းသိမ်းထားကြောင်း ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း (KIFCA) အဖွဲ့မှ ကိုသားကြီး၏ ပြောကြားချက်အရ သိရသည်။
“ဒီရာသီအတွက် ပထမဆုံး တက်ဥတာပေါ့။ လိပ်အမျိုးအစားက ပြင်သာလိပ်နဲ့ လိပ်လှောင်း နှစ်မျိုးထဲက တစ်မျိုး ဖြစ်နိုင်တယ်။ မနေ့က မိုးရွာထားတော့ ခြေရာက ခန့်မှန်းရ နည်းနည်းအတိအကျ မပြောနိုင်ဘူး။ ဥက ၁၂၀ နဲ့ ၁၅၀ ကြား ရှိလိမ့်မယ်။ လိပ်ကျင်းက နွေဘက်တွေကျတော့ ခြံခတ်စရာ မလိုဘူး။ လိပ်ကျင်းကို တည်နေရာ GPS ပွိုင့်မှတ်ပြီး ခြေရာလက်ရာဖျောက် နှစ်ရက်လောက် စောင့်ကြည့်ပြီး သဘာဝအတိုင်း ထားတယ်ပေါ့။ ရက်ပေါင်း ၅၂/၅၅ ရက်လောက်ဆိုရင် ပေါက်တယ်။ အခုလိပ်ကျင်းကတော့ မိုးတွင်း မိုးရွာထားတဲ့အရှိန်နဲ့ သဲက စိုနေတယ်။ စိုတဲ့အခါ ပင်လယ်ဂဏန်းနီတွေက အလွယ်တကူ ဖောက်နိုင်တယ်လေ။ အဲဒါကြောင့် လိပ်ကျင်းကို ခြံကာဖို့ ပြင်နေကြတယ်” ဟု ကျိန္တလီဒေသ ကမ်းနီး ငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း (KIFCA) အဖွဲ့မှ ကိုသားကြီးက ပြောကြားသည်။
ကျိန္တလီကမ်းခြေဒေသတွင် ယခင်နှစ်က လိပ်များ လာရောက်ဥချမှု နည်းခဲ့ပြီး ယခုနှစ်တွင်မူ ယခင်နှစ်ထက် ဥချမှု ပိုမိုများပြားလိမ့် မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
“ဒီနှစ်မှာတော့ ပိုပြီး တက်ဥမယ်လို့ မျှော်မှန်းတာပေါ့နော်။ မနှစ်ကတော့ လှိုင်းတွေ ကြမ်းတာရယ်၊ ရာသီဥတု ဖောက်ပြန်တာရယ်နဲ့ နောက်ပြီးတော့ တခြားငါးဖမ်းတာတွေက ပိုများတယ်လေ။ ဒီနှစ်တော့ ကျွန်တော် မြင်တာကတော့ ငါးဖမ်းတာတွေကလည်း ပုံမှန်ထက် ပိုပြီးတော့ လျော့ကျသွားတယ်။ လျော့ကျသွားတယ် ဆိုတာက ငါးစျေး မကောင်းတာရယ် သယ်ယူပို့ဆောင်ရေး စနစ်တွေရယ်၊ နောက် နိုင်ငံခြားကနေပြီးတော့ ကိုဗစ်ကပ်ရောဂါနဲ့ တခြားအချက်အလက်တွေနဲ့ ပိတ်ဆို့ထားတာလေ။ အဲဒါဆိုတော့ ရေလုပ်သား အတော်များများကလည်း အားစိုက်ပြီးတော့ မဆင်းဘူးပေါ့နော်။ နောက်ပြီးတော့ ဆီစျေးတွေကလည်း တက်တယ်လေ။ အချက်အလက် ပေါင်းစုံသွားတော့ ပင်လယ်ပြင်မှာ ငါးဖမ်းဆီးမှုတွေ လျော့လာတာ မြင်ရတယ်။ အဲဒါဆိုတော့ လိပ်တွေကတော့ ဒီနှစ်ရာသီမှာ ပိုတက်မလားပေါ့ အဲဒီလို ခန့်မှန်းမိတယ်။ အတိအကျတော့ ရာသီကုန်မှ ပြောလို့ရမယ်” ဟု WCS Myanmar မှ ဦးသောင်းထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံရှိ ပင်လယ်လိပ်မျိုးစိတ်များသည် လွန်ခဲ့သည့် ငါးနှစ်ခန့်မှစ၍ အကောင်ရေ လျော့နည်းလာကာ အချို့လိပ်မျိုးစိတ်များသည် မတွေ့ရသလောက် ရှားပါးလာသဖြင့် ရှားပါး ပင်လယ်လိပ်မျိုးစိတ်များ ထိန်းသိမ်းရန် ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီကမ်းခြေတွင် ကမ်းခြေအရှည် ၂၄ မိုင် (၁၇၉၂၀၀ ဧက) အား ဇုန် သုံးဇုန် ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။















