ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲအဖြစ် ယူကရိန်းလက်ဝှေ့သမား အူဆိုက်နှင့် ဂျိုရှူအာ ယနေ့ ထိုးသတ်မည်

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲအဖြစ် ယူကရိန်းလက်ဝှေ့သမား အူဆိုက်နှင့် ဂျိုရှူအာ ယနေ့ ထိုးသတ်မည်
Photo: maxboxing
Photo: maxboxing
Published 25 September 2021

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်သူ ဗြိတိန်လက်ဝှေ့အကျော်အမော် အန်သိုနီဂျိုရှူအာသည် ယနေ့(စက်တင်ဘာ ၂၅ ရက်)တွင် ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်နှင့် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

    

အဆိုပါပွဲကို ပရိသတ် (၆၀,၀၀၀)ကျော်ဝင်ဆံ့သည့် ပရီးမီး ယားလိဂ်ထိပ်သီးကလပ် စပါးအသင်း၏အိမ်ကွင်း Tottenham Hotspur Stadium တွင် ပြုလုပ်မည်ဖြစ်ပြီး ဂျိုရှူအာအနေဖြင့် WBA(Super)၊ IBF၊ WBO နှင့် IBO ချန်ပီယံရွှေခါးပတ်များကို ကာကွယ်သွားရမည်ဖြစ်သည်။ 

Main Card ပွဲစဉ်များကို မြန်မာစံတော်ချိန် စက်တင်ဘာလ (၂၅) ရက် ည (၁၁း၃၀)နာရီတွင် စတင်မည်ဖြစ်ပြီး ဂျိုရှူအာ-အူဆိုက်ပွဲစဉ်မှာမူ မြန်မာစံတော်ချိန် နံနက် (၃း၃၀) နာရီဝန်းကျင်တွင်မှ စတင်ထိုးသတ်ဖွယ်ရှိသည်။ 

အူဆိုက်နှင့်ထိုးသတ်မည့် ချန်ပီယံကာကွယ်ပွဲတွင် Southpaw Stance (ညာလက်၊ ညာခြေကို ရှေ့တွင်နေရာယူမှု) အတွက် စိုးရိမ်မိကြောင်း ဂျိုရှူအာက ဝန်ခံခဲ့သည်။

     

"လက်ဝှေ့ကြိုးဝိုင်းထဲ သူယူဆောင်လာမယ့် ကျွန်တော့်အတွက် အခြိမ်းခြောက်နိုင်ဆုံးအရာလား။ Southpaw Stance ဖြစ်နိုင်တယ်လို့ပဲ ကျွန်တော် ပြောရပါလိမ့်မယ်။ သူဟာ ပြိုင်ဘက်များစွာကို Orthodox Stance (ဘယ်လက်၊ ဘယ်ခြေကို ရှေ့တွင်နေရာယူမှု)နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ Southpaw Stance အတွက် ကောင်းကောင်းပြင်ဆင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ခြေထောက်ကို ဘယ်လို နေရာထားဖို့ လိုအပ်တယ်ဆိုတာ အမှန်တကယ် သင်ယူထားခဲ့ပါတယ်။ ပြီးတော့ Southpaw နဲ့ Counterpunch တွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာကိုပေါ့။ သူ့ရဲ့အကြီးမားဆုံးခြိမ်းခြောက်မှုကတော့ သူ ကစားသမားဘဝတစ်ခုလုံးကို ကျွန်တော့်လိုပဲ အားလုံးမြင်တွေ့ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ (၃)လစလုံး သူ့အတွက် ကျွန်တော် လေ့ကျင့်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားနိုင်ပြီဖြစ်ပါတယ်"ဟု ဂျိုရှူအာက ပြောကြားခဲ့သည်။ 

အူဆိုက်သည် Southpaw Stance တစ်ဦးဖြစ်ပြီး ဂျိုရှူအာအနေဖြင့် နောက်ဆုံးထိုးသတ်ထားခဲ့သည့် အန်ဒီရုဇ်(၂ ပွဲ)၊ ကူဘရတ်ပူလက်ဗ်တို့နှင့်ပွဲများထက် ကွဲပြားခြားနားသည့် စိန်ခေါ်မှုကို ရင်ဆိုင်ရဖွယ်ရှိသည်ဟုလည်း သတင်းများက ဖော်ပြခဲ့ သည်။

    

အသက် (၃၄) နှစ် အရွယ်ရှိ အူဆိုက်သည် အငြင်းပွားဖွယ်မရှိ ခရူဆာဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ဂျိုရှူအာကဲ့သို့ ၂၀၁၂ လန်ဒန်အိုလံပစ်တွင် ရွှေဆုရယူခဲ့သူလည်းဖြစ်သည်။ 

ယင်းအိုလံပစ်ပြိုင်ပွဲတွင် ဂျိုရှူအာက စူပါဟဲဗီးဝိတ်တန်း၊ အူဆိုက်က ဟဲဗီးဝိတ်တန်းများတွင် ရွှေတံဆိပ်ရယူနိုင်ခဲ့ကြသည်။ 

အူဆိုက်အနေဖြင့် ဂျိုရှူအာနှင့်ပွဲမတိုင်မီအထိ ဟဲဗီးဝိတ်လက်ဝှေ့ပွဲ နှစ်ပွဲသာ ထိုးသတ်ထားရသေးကြောင်း သိရသည်။ 

၎င်းသည် ဟဲဗီးဝိတ်တန်းတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ (၁၂)ရက်တွင် ပွဲဦးထွက်ထိုးသတ်ခဲ့ကာ ပြိုင်ဘက်ဖြစ်သူ ဝစ်သာစပွန်းက (၇)ချီတွင် အရှုံးပေးသွားသဖြင့် အနိုင်ရခဲ့ပြီး တစ်နှစ်အကြာ၌ ဗြိတိန် လက်ဝှေ့သမား ချီဆိုရာနှင့် ထိုးသတ်သည့်ပွဲ၌မူ အမှတ်ဖြင့် အ နိုင်ရရှိခဲ့သည်။ 

ပရိုလက်ဝှေ့သမားမှတ်တမ်းတွင် ဂျိုရှူအာက (၂၄)ပွဲနိုင်၊ (၁)ပွဲရှုံးထားပြီး အူဆိုက်မှာမူ (၁၈)ပွဲစလုံး အနိုင်ယူထားခဲ့သည်။

Most Read

Most Recent