အာတီတာအား အသင်းဘုတ်အဖွဲ့က ထောက်ခံအားပေးနေသည်ဟုဆိုသော်လည်း ကွန်တီအား အာဆင်နယ်ပစ်မှတ်ထားနေကြောင်း ဗြိတိန်မီဒီယာများ ဖော်ပြ

အာတီတာအား အသင်းဘုတ်အဖွဲ့က ထောက်ခံအားပေးနေသည်ဟုဆိုသော်လည်း ကွန်တီအား အာဆင်နယ်ပစ်မှတ်ထားနေကြောင်း ဗြိတိန်မီဒီယာများ ဖော်ပြ
Photo: Arsenal Presser
Photo: Arsenal Presser
Published 26 August 2021

အာဆင်နယ်အသင်းသည် ရှုံးပွဲများကြောင့် ဖိအားများကြုံတွေ့နေရသည့် နည်းပြဖြစ်သူ အာတီတာအား ထောက်ခံအားပေးနေဆဲဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အာဆင်နယ်အသင်းတာဝန်ရှိသူများသည် နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီအား ပစ်မှတ်ထားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အာဆင်နယ်အသင်းသည် ရာသီအဖွင့်ပွဲစဉ်တွင် တန်းတက် ဘရန့်ဖို့ဒ်အသင်းနှင့် လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းတို့ကို (၂)ပွဲဆက်ရှုံးနိမ့်ပြီးနောက် အမှတ်ပေးဇယားအဆင့် (၁၉)နေရာတွင် ရပ်တည်လျက်ရှိသည်။

အာဆင်နယ်အသင်းအားပေးသူပရိသတ်များက အာတီတာအား ရာထူးမှထုတ်ပယ်ရန် အာဆင်နယ်အသင်းကို တောင်းဆိုခဲ့သော်လည်း အာဆင်နယ်အသင်းဘုတ်အဖွဲ့သည် အသင်း၏ကစားသမားဟောင်းတစ်ဦးလည်းဖြစ်သူ အာတီတာအား ထောက်ခံအားပေးလျက်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

သို့သော် ပြီးခဲ့သည့်ရက်ပိုင်းက ထွက်ပေါ်ခဲ့သော သတင်းများအရ အာဆင်နယ်အသင်းသည် လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသူ အီတလီလူမျိုးနည်းပြ ကွန်တီကို အာတီတာ၏နေရာတွင်အစားထိုးရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

အီတလီလက်ရွေးစင်အသင်းနှင့် အတ္တလန်တာ၊ ဆီနာ၊ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ အင်တာမီလန် အစရှိသောအသင်းများကို ကိုင်တွယ်ခဲ့ဖူးသူ ကွန်တီသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက အင်တာမီလန်အသင်းအား ဆယ်စုနှစ်တစ်ခုကျော်ကြာဝေးကွာနေသော စီးရီးအေချန်ပီယံဆု ရယူပေးခဲ့ပြီးနောက် အသင်းနှင့် လမ်းခွဲခဲ့သူဖြစ်သည်။

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်စဉ် ပရီးမီးယားလိဂ်ဖလားနှင့် FA ဖလားတို့ကို ရယူပေးနိုင်ခဲ့သူ ကွန်တီအား အာဆင်နယ်အသင်း ရလဒ်များဆက်လက်ဆိုးရွားနေပါက ဆက်သွယ်ကမ်းလှမ်းရန် အာဆင်နယ်အသင်းတာဝန်ရှိသူများက စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Telegraph က ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် နိုင်ငံတကာပွဲစဉ်များ ကစားမည့် အောက်တိုဘာလအထိ အသင်း၏အခြေအနေကို စောင့်ကြည့်လေ့လာသွားမည်ဖြစ်ပြီး ရလဒ်များတိုးတက်လာမှုမရှိပါက ကွန်တီကို ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း Telegraph က ဖော်ပြခဲ့သည်။

အကယ်၍ ကွန်တီအား ကမ်းလှမ်းမှု အဆင်မပြေခဲ့ပါက အာဆင်နယ်အသင်းသည် ရိုးမားအသင်းနည်းပြဟောင်း ပေါ်လိုဖွန်ဆီကာ၊ ဘုန်းမောက်အသင်းနည်းပြဟောင်း အက်ဒီဟောင်း အစရှိသူတို့ကို ချဉ်းကပ်ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Daily Express သတင်းစာတွင် ဖော်ပြခဲ့သော သတင်းအရမူ အာဆင်နယ်အသင်းသည် လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကိုလည်း မျက်စိကျနေကြောင်း သိရှိရသည်။

လက်စတာအသင်းတွင် ဘရန်ဒန်ရော်ဂျာ စွမ်းဆောင်ခဲ့သည့် အနေအထားများကို အာဆင်နယ်အသင်းဘုတ်အဖွဲ့တာဝန်ရှိသူအချို့က သဘောကျနှစ်သက်နေပြီး ၎င်းကိုလည်း အာဆင်နယ်နည်းပြသစ်အဖြစ် ကမ်းလှမ်းမည့်သူများစာရင်းတွင် ထည့် သွင်းထားကြောင်း Daily Express က ဖော်ပြခဲ့သည်။

အာတီတာသည် အာဆင်နယ်အသင်းကို ၂၀၀၉ ဒီဇင်ဘာလမှ စတင်တာဝန်ယူပြီး ပြိုင်ပွဲစုံ (၈၈)ပွဲ (၄၅ ပွဲနိုင်) ကိုင်တွယ်ထားသည်။ 

Most Read

Most Recent