ကွင်းဖွင့်ပြုလုပ်သည့် ချယ်လ်ဆီးအသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ဗာနာကို အသင်းမှထွက်သွားဟု ပရိသတ်တစ်ဦး မိုက်ဖြင့်ပြောကြားခဲ့

ကွင်းဖွင့်ပြုလုပ်သည့် ချယ်လ်ဆီးအသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ဗာနာကို အသင်းမှထွက်သွားဟု ပရိသတ်တစ်ဦး မိုက်ဖြင့်ပြောကြားခဲ့
Photo: Getty Images
Photo: Getty Images
Published 19 August 2021

ကွင်းဖွင့်ပြုလုပ်ခဲ့သည့် ချယ်လ်ဆီးအသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် အသင်းပရိသတ်တစ်ဦးက တိုက်စစ်မှူး ဗာနာကို အသင်းမှထွက်သွားဟု မိုက်ဖြင့် ပြောဆိုခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အာဆင်နယ်အသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပြင်ဆင်သည့်အနေဖြင့် သြဂုတ် (၁၈)ရက်(ဗုဒ္ဓဟူးနေ့)တွင် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၌ လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ပရိသတ်အနည်းငယ်ကို ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည်။

လေ့ကျင့်မှုများ မစတင်မီ အက်ဇ်ပီလီကွယ်တာနှင့် ချယ်လ်ဆီးကစားသမားများသည် ပြီးခဲ့သည့်ရာသီက ရရှိခဲ့သည့် ချန်ပီယံလိဂ်ဖလား၊ ပူပူနွေးနွေးရရှိထားသည့် ဥရောပစူပါဖလားတို့နှင့် အောင်ပွဲခံခဲ့ပြီး ပရိသတ်များကို ပြသခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အဆိုပါအသင်းလေ့ကျင့်ရေးအစီအစဉ်ကို အင်တာမီလန်အသင်းမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သို့သော် ကစားသမားများ လေ့ကျင့်ခန်းပြုလုပ်နေချိန်တွင် ပရိသတ်တစ်ဦးကြောင့် ဗာနာ ကံဆိုးခဲ့ရသလို၊ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့သည့် ပရိသတ်များမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြောင်း သိရှိရသည်။

လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်တွင် အစီအစဉ်တင်ဆက်သူက ပရိသတ်များကို မေးခွန်းများ မေးမြန်းခဲ့ရာ အမျိုးသားပရိသတ်တစ်ဦးသည် မိုက်ဖြင့် ''အခု ကျွန်တော် ပြောချင်တာကတော့ ဗာနာ အသင်းက ထွက်သွားဖို့ပါပဲ''ဟု ပြောကြားခဲ့သည်။

၎င်း၏ပြောဆိုမှုကြောင့် ချယ်လ်ဆီးပရိသတ်များမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး အမျိုးသမီးပရိသတ်တစ်ဦးက ၎င်းကို ''မဟုတ်ဘူး။ ထွက်သွားရမှာက နင်ပဲ။ နင် ဘယ်သူလဲ။ နင့်ကိုယ်နင် ဘာကောင်ထင်နေလဲ''ဟု လက်ညှိုးထိုးကာ အော်ဟစ်ခဲ့ကြောင်း သိရသည်။

ဗာနာသည် ပြီးခဲ့သည့် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလတွင် လိုက်ပ်ဇစ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင် (၅၃)သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၅၂)ပွဲတွင် (၁၂)ဂိုးသာသွင်းနိုင်ခဲ့သဖြင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။

Most Read

Most Recent