ဘာပေ၊ ပေါ့ဘာအပါအဝင် ထိပ်တန်းကစားသမား (၅)ဦးကို ၂၀၂၂ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်း စီစဉ်နေ

ဘာပေ၊ ပေါ့ဘာအပါအဝင် ထိပ်တန်းကစားသမား (၅)ဦးကို ၂၀၂၂ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်း စီစဉ်နေ
Photo: The Sun
Photo: The Sun
Published 19 August 2021

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာပေ၊ ပေါ့ဘာအပါအဝင် ထိပ်တန်းကစားသမား (၅) ဦးကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန်စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်း အဓိကခေါ်ယူလိုနေသည့် နာမည်ကျော်ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ၂၀၂၂ ဇွန်လ (၃၀)ရက်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မန်ယူကွင်းလယ်လူ ပေါ့ဘာ၊ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂိုဟက်ဇ်ကာ၊ ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါနှင့် ရန်းစ်လူငယ်ကွင်းလယ်ကစားသမား ကာမာဗင်ဂါတို့မှာလည်း ယခုရာသီကုန်တွင် သက်ဆိုင်ရာအသင်းများနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ရီးယဲလ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် သြစတြီးယားနောက်ခံလူ အလာဘာတစ်ဦးတည်းကိုသာ ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ခေါ်ယူထားပြီး လာမည့်နွေရာသီတွင် လည်း ယင်းကဲ့သို့ ထိပ်တန်းကစားသမားများ ခေါ်ယူရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဥရောပကလပ်အသင်းများမှာ ငွေကြေးကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရပြီး အသုံးစရိတ်ကို လျှော့ချနေသည့်အတွက် ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူမှုနှင့် အငှားခေါ်ယူမှုများမှာ ရေပန်းစားလျက်ရှိနေသည်။

ထို့ကြောင့် ရီးယဲလ်အသင်းသည် ယခုရာသီကုန်တွင် သက်ဆိုင်ရာကလပ်အသင်းများနှင့် စာချုပ်သက်တမ်းကုန်ဆုံးကြမည့် ဘာပေ၊ ပေါ့ဘာ၊ ဂိုဟက်ဇ်ကာ၊ ရူဒီဂါနှင့် ကာမာဗင်ဂါတို့ကို လာမည့်နွေရာသီတွင် ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

Most Read

Most Recent