BTS အဖွဲ့က နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးကို တတိယအကြိမ် တက်ရောက်မည်

BTS အဖွဲ့က နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးကို တတိယအကြိမ် တက်ရောက်မည်
Photo:SCMP
Photo:SCMP
Published 22 July 2021

လျှမ်းလျှမ်းတောက်အောင်မြင်နေသည့် တောင်ကိုရီးယား ယောကျ်ားလေးအဆိုတော်အဖွဲ့ BTS ကို သမ္မတမွန်ဂျေအင်းက နိုင်ငံကိုယ်စားပြု အထူးကိုယ်စားလှယ်များအဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။

ယဉ်ကျေးမှုနှင့် အနာဂတ်မျိုးဆက်များအတွက် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့အဖြစ် သမ္မတ မွန်ဂျေအင်းက BTS ကို ခန့်အပ်ကြောင်း ဇူလိုင် ၂၁ ရက်နံနက်တွင် အိမ်ပြာတော်ပြောခွင့်ရပုဂ္ဂိုလ် Park Kyung Mi က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအလယ်တွင် တောင်ကိုရီးယားနိုင်ငံ၏ သံတမန်ရေး အင်အားကိုတိုးချဲ့ရန်၊ ကမ္ဘာ့စင်မြင့်ထက်တွင် တက်ကြွစွာ ပါဝင်နေသည့် အရပ်သား ကျွမ်းကျင်သူများနှင့် ပူးပေါင်းပြီး ကမ္ဘာ့ရေးရာဆွေးနွေးမှုများကို ဦးဆောင်နိုင်သည့် နိုင်ငံဖြစ်လာရန် အစိုးရက ရည်ရွယ်သည်ဟုလည်း သိရသည်။ 

BTS ၏ “Butter” သီချင်းသည် Billboard’s Hot 100 တွင် စံချိန်တင် ခုနစ်ပတ်ဆက်တိုက် ဗိုလ်စွဲခဲ့ပြီးနောက် ၎င်းတို့ နောက်ဆုံးထွက်ရှိထားသည့် “Permission to Dance” သီချင်းက ယခုတစ်ပတ်တွင် နံပါတ် (၁) နေရာကို ဝင်ယူလိုက်ပြန်သည်။

BTS သည် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြုအဖြစ် နယူးယောက်တွင် စက်တင်ဘာအတွင်း ပြုလုပ်မည့် ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည်ဖြစ်ပြီး အခြားသော နိုင်ငံတကာဆွေးနွေးပွဲများကိုလည်း တက်ရောက်မည်ဖြစ်ကာ ကမ္ဘာတစ်ဝန်းရှိ ဆယ်ကျော်သက်လူငယ်များအား  အားပေးလှုံ့ဆော်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင်အရေး၊ ဆင်းရဲမွဲတေမှု ၊ ခွဲခြားဆက်ဆံမှုအစရှိသည့် ကမ္ဘာ့ရေးရာပြဿနာများကို ၀ိုင်းဝန်းဖြေရှင်းမည့် ဆောင်ရွက်မှုများတွင်လည်း ပါဝင်သွားမည်ဖြစ်သည်။

BTS အဖွဲ့သည် ၂၀၁၈ ခုနှစ်က ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင်လည်း တက်ရောက်မိန့်ခွန်းပြောခွင့် ရရှိခဲ့ပြီး ယခုတစ်ကြိမ်နှင့်ဆိုလျှင် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တတိယကြိမ်မြောက် တက်ရောက်ခွင့်ရရှိခြင်းဖြစ်သည်။

Most Read

Most Recent