နွေရာသီအပူလှိုင်းအောက်မှ ခြောက်သွေ့နေသည့် အီရတ်စိုက်ခင်းမြေများ

နွေရာသီအပူလှိုင်းအောက်မှ ခြောက်သွေ့နေသည့် အီရတ်စိုက်ခင်းမြေများ
Photo:AFP
Photo:AFP
Published 10 July 2021
ရာဇ

အီရတ်နိုင်ငံသည် အလွန်ပူပြင်းသည့် နွေရာသီအပူရှိန်အောက်တွင် မီးဖုတ်ခံနေရသကဲ့သို့ ဖြစ်နေချိန်တွင် သီးနှံဖြစ်ထွန်းရေးအတွက် ရုန်းကန်နေရသည့် လယ်သမားများနှင့် တိရစ္ဆာန်မွေးမြူသူများသည် သောက်သုံးရေပြတ်လပ်မှုကို ဆိုးရွားစွာရင်ဆိုင်နေရပြီး ရေရှားပါးမှုသည် ၎င်းတို့မွေးမြူထားသည့် တိရစ္ဆာန်များ၊ စိုက်ပျိုးထားသည့် လယ်ယာစိုက်ခင်းများနှင့် ၎င်းတို့၏ လူနေမှုဘဝကို ပျက်စီးဆုံးရှုံးစေမည့် အကြောင်းတရားတစ်ခု ဖြစ်နေသည်။

ရေနံပေါကြွယ်ဝသည့် အီရတ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်လေးစုအတွင်း စစ်ပွဲများ သောင်းကျန်းမှုများ၏ ဒဏ်ရာဒဏ်ချက်များကို ကုစားနေရပြီး ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်မရှိဆုံးနိုင်ငံများထဲတွင် ပါဝင်ခဲ့ပြီး အခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့်လည်း ရုန်းကန်နေရသည်။

တူရကီနှင့် အီရန်တို့၏ မြစ်ညာဘက်များတွင် ရေကာတာများတည်ဆောက်မှုကြောင့် Tigris နှင့် Euphrates မြစ်များကိုဆုတ်ယုတ်လာစေခဲ့ပြီး ယင်းမြစ်များထဲတွင် အညစ်အကြေးများ၊ စွန့်ပစ်အမှိုက်များဖြင့် အလွန်ညစ်ညမ်းနေပြီး အီရတ်နိုင်ငံ အရှေ့တောင်ဘက်တစ်လျောက် စီးဆင်းနေသည်။

သမ္မာကျန်းစာထဲတွင် ဧဒင်ဥယျာဉ် တည်ရှိသည့်နေရာဟုယူဆရသည့် မက်ဆိုပိုတေးမီးယား စိမ့်မြေတွင် မိုးခေါင်မှုကို ကြုံတွေ့ခံစားခဲ့ရသည်။ ယင်းစိမ့်မြေသည် တစ်ချိန်ကကျွဲများနှင့် ကျွဲကျောင်းသူများ၏ နွေရာသီအပူဒဏ်မှ ခိုနားရာနေရာတစ်ခုဖြစ်ခဲ့သည်။

Shatt al-Arab မြစ်အတွင်းသို့ စီးဝင်သည့် ကြီးမားသည့် စမ်းချောင်းကြီးနှစ်ခုရှိသည့် အီရတ်တောင်ပိုင်းတွင် ပင်လယ်ကွေ့မှ ရေငန်များ ဝင်ရောက်မှုကြောင့် ကမ်းပါးပေါ်တွင် စိမ်းလန်းစိုပြေသည့် အုန်းပင်များဖြင့် ဝေဆာနေသည့် မြစ်ကြောတစ်လျောက်ရှိ ရေအရည်အသွေးကို နိမ့်ကျစေခဲ့သည်။

“ကျွန်တော်တို့ စိုက်တဲ့အပင်တိုင်း သေသွားကြပါတယ်။ ရေငန်ကို ခံနိုင်ရည်ရှိတဲ့ အုန်းပင်တွေ လူဆန်ပဲပင်တွေတောင် စိုက်လို့မရပါဘူး” ဟု ဘာစရာမြို့ရှိ မြစ်ကမ်းနံဘေးတွင် နေထိုင်သည့် လယ်သမားတစ်ဦးဖြစ်သူ ရာဖစ်တူဖစ်က ပြောကြားခဲ့သည်။

မြစ်ညာဘက်ပိုင်းတွင် ရေငန်များဝင်ရောက်မှုကြောင့် စိုက်ပျိုးမြေ ဟက်တာထောင်ချီ ပျက်စီးခဲ့ပြီးဖြစ်သည်။

ယခုနှစ်အတွင်း အခြေအနေမျာ ပိုမိုဆိုးရွားလာသည်ဟု ဘာစရာပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးပညာရှင် အလာအယ်ဘာဒရန်က ပြောကြားခဲ့သည်။

“ပထမဆုံးအကြိမ်အဖြစ် စိုက်ပျိုးရာသီစတင်တဲ့ ဧပြီလ အစောပိုင်းလောက်မှာပဲ ရေငန်တွေဝင်လာခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

စိုက်ပျိုးမွေးမြူရေးအတွက် ထိုးနှက်ချက်

အီရတ်တွင် ဆယ်စုနှစ်များချီပြီးဖြစ်ပွားခဲ့သည့် စစ်ဘက်ဆိုင်ရာ ပဋိပက္ခများ၊ လျစ်လျူရှုမှုနှင့် အကျင့်ပျက်ခြစားမှုများသည် ဆည်မြောင်းစနစ်များနှင့် ရေသန့်စင်စက်ရုံများကို ယိုယွင်းစေခဲ့သည်။

ကုလသမဂ္ဂ၏ အဆိုအရ အီရတ်၏ စိုက်ပျိုးမြေ ၃.၅ ရာခိုင်နှုန်းသာ ဆယ်မြောင်းစနစ်များမှ ရေကို ရယူသုံးစွဲနိုင်ခဲ့ကြောင်း သိရသည်။

ထိုအချိန်အတောအတွင်း မြစ်များတွင် ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများ၊ ရေနံယိုဖိတ်မှုများ၊ စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းများဖြင့် ညစ်ညမ်းနေသည်။

ဘာစရာမြို့ရှိ ဆည်မြောင်းများတွင် အမှိုက်များဖြင့် ပိတ်ဆို့နေပြီး ၂၀၁၈ ခုနှစ်က အညစ်အကြေးများနှင့် အဆိပ်သင့်စွန့်ပစ် ပစ္စည်းများဖြင့် ညစ်ညမ်းနေသည့် ရေကိုသောက်သုံးမိသဖြင့် ဆေးရုံတင်ခဲ့ရသူပေါင်း ၁၀၀,၀၀၀ ကျော် ရှိခဲ့သည်။

အပူရှိန်နှင့် ရေပြတ်လပ်မှုသည် အီရတ်၏ စီးပွားရေးတွင် ငါးရာခိုင်နှုန်းရှိပြီး အလုပ်အကိုင် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းရှိသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက်ကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။ စိုက်ပျိုးမွေးမြူရေးသည် အီရတ်အတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း နိုင်ငံအတွင်း စားနပ်ရိက္ခာလိုအပ်မှု၏ ထက်ဝက်ခန့်ကိုသာ ထောက်ပံ့ပေးနိုင်ခဲ့ကာ ပြည်ပမှ တင်သွင်းဝယ်ယူမှုကိုသာ အားထားနေရသည်။

လူဦးရေ သန်း ၄၀ ရှိသည့် အီရတ်နိုင်ငံတွင် လူဦးရေ ခုနစ်သန်းခန့်သည် မိုးခေါင်ရေရှားခြင်းနှင့် နေရာအတည်တကျမရှိသည့် အန္တရာယ်များကို ခံစားခဲ့ရသည်ဟု အီရတ်သမ္မတဘာဟမ်ဆာလင်က မကြာသေးမီက ရေးသားခဲ့သည်။

အီရတ်၏ စိမ့်မြေဖြစ်သည့် ချီဘာယစ်ရှ် ခရိုင်တွင်နေထိုင်သည့် ကျွဲမွေးသူအလီ ဂျက်ဆစ်ကမူ ယခုဆိုလျှင်သူသည် တိရစ္ဆာန်များ၏ နို့ကို ဆက်လက်ရရှိရန် ဝေးလံသည့်ခရီးကို သွားနေရသည်ဟု ပြောကြားခဲ့ပြီး ယင်းအလုပ်သည် သူ့မိသားစု၏ တစ်ခုတည်းသော ဝင်ငွေဖြစ်သည်ဟု ဆိုသည်။

“နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်လောက် ကျွန်တော်တို့ ရေအရှာထွက်ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွဲတွေဟာ ရေငန်တွေကို သောက်မယ်ဆိုရင် သူတို့ အဆိပ်သင့်နိုင်လို့ပါပဲ။ ဒါဆိုရင် သူတို့ဆီက နို့ထွက်မှာ မဟုတ်တော့ဘဲ သေသွားနိုင်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

အခြား ကျွဲမွေးသူတစ်ဦးဖြစ်သည့် ရာအက်ဟမ်အစ်ကမူ သူ့ခြေထောက်အောက်တွင် ခြောက်သွေ့ကွဲအက်နေသည့် မြေကြီးကို လက်ညှိုးထိုးပြခဲ့သည်။

“လွန်ခဲ့တဲ့ ၁၀ ရက်မတိုင်ခင်က ဒီနေရာမှာ ရွှံ့တွေ၊ ရေတွေနဲ့ စိမ်းလမ်းစိုပြေနေခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

နှစ်နှင့်ချီ မိုးခေါင်မှု

အီရတ်နိုင်ငံအရှေ့ပိုင်းမှ လယ်သမားတစ်ဦးဖြစ်သူ အဗ္ဗဒါရာဇက်ကာဒါ (၄၅ နှစ်) ကမူ သူသည် မိုးရွာခြင်းကို မမြင်ခဲ့ရသည်မှာ လေးနှစ်ခန့်ရှိပြီဟု အီရန်နယ်စပ်အနီး ခါနာကင်မြို့ရှိ ၃၈ ဟက်တာခန့်ကျယ်ဝန်းသည့် ၎င်း၏လယ်ထဲတွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ နှစ်နှင့်ချီသည့် မိုးခေါင်မှုကြောင့် ဒေသခံ လယ်သမားအများစုသည် လယ်ယာစိုက်ပျိုးမှုကို စွန့်လွှတ်ပြီး အခြားအလုပ်ကြမ်းများကို ပြောင်းလဲလုပ်ကိုင်ခဲ့ကြသည်ဟု ၎င်းကဆိုသည်။

နိုင်ငံတစ်ဝန်းတွင် စိုက်ပျိုးမြေစုစုပေါင်း၏ ၆၉ ရာခိုင်နှုန်းမှာ စိုက်ပျိုး၍မရသည့် ခြောက်သွေ့သည့်မြေများအဖြစ်သို့ ပြောင်းလဲလာသည့်အရေးနှင့် ခြိမ်းခြောက်ခံနေရသည်ဟု သစ်တောဌာန အရာရှိတစ်ဦးဖြစ်သူ ဆာမက်ကာမယ်က ပြောကြားခဲ့သည်။

လယ်သမားများသည် မဖြစ်ထွန်းသည့် ၎င်းတို့၏ စိုက်ပျိုးမြေများကို အခြားစီးပွားရေးလုပ်ငန်းများထံ ရောင်းချနေသဖြင့် အီရတ်၏ စိုက်ပျိုးမွေးမြူရေးမြေများမှာ တစ်စတစ်စလျော့နည်းလာသည်ဟု စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ အာမက်ဆက်ဒမ်က ပြောကြားခဲ့သည်။

“အိမ်ရာဆောက်လုပ်ရေးတွေ ဝယ်လိုအား ပိုများလာချိန်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကတော့ လုံလောက်တဲ့ ဝင်ငွေမရှိကြတော့ပါဘူး” ဟု ဆက်ဒမ်က ပြောကြားခဲ့သည်။

ဝင်ငွေအနည်းအကျဉ်းဖြင့် အလွန်ပင်ပန်းဆင်းရဲစွာ လုပ်ဆောင်ရမည့်အစား ဘာစရာမြို့မှ လယ်သမားများသည် ၎င်းတို့၏လယ်ကွက်များကို ရောင်းချပြီး ယူရို ၂၅,၀၀၀ မှ ၇၀,၀၀၀ အထိ ရရှိခဲ့ကာ ယင်းငွေပမာဏသည် လယ်သမားများအတွက် များပြားလွန်းသည်ဟု ၎င်းကဆိုသည်။

“ဒီနှုန်းနဲ့ဆိုရင်တော့ တစ်နှစ်ပြီးတစ်နှစ် စိုက်ပျိုးမြေရဲ့ ၁၀ ရာခိုင်နှုန်းစီဟာ ကွယ်ပျောက်သွားပြီး လူနေ တိုက်ခန်းတွေ၊ အိမ်ရာတွေဖြစ်လာပါလိမ့်” ဟု ဆက်ဒမ်က ဆိုသည်။

ယင်းကြောင့် ကျေးလက်ဒေသမှ လူအများအပြားသည် မြို့နယ်များနှင့် မြို့ကြီးများဆီသို့ အစုလိုက်အပြုံလိုက် စုပြုံဝင်ရောက်လာမှုကို အရှိန်မြှင့်ပေးရာရောက်ခဲ့ပြီး စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုတ်ထွေးပွေလီမှုများအပေါ် ကြီးမားသည့် ဖိအားသက်ရောက်စေသည်။

“ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညွှန်ပြချက်တွေအရ အီရတ်ဟာ ၂၀၅၀ ပြည့်နှစ်မှာ အပူချိန်နှစ် ဒီဂရီဆဲလ်စီးယပ်စ်လောက် မြင့်တက်လာနိုင်ပြီး မိုးရွာသွန်းမှုဟာလည်း ကိုးရာခိုင်နှုန်းလောက် လျော့ကျလာပါလိမ့်မယ်” ဟု အီရတ်သမ္မတဆာလင်က မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောကြားခဲ့သည်။                                             

Most Read

Most Recent