အလုပ်၊ လောကဓံ၊ ခံယူချက်

အလုပ်၊ လောကဓံ၊ ခံယူချက်
Photo: blog.soltekonline.com
Photo: blog.soltekonline.com
Published 8 July 2021
သိုက်စိုးထွန်း(နတ်ရွာ)

တစ်ခါတုန်းက ရာဇဂြိုဟ်ပြည်မှာ သူ ဌေးသမီးတစ်ယောက်ရှိသတဲ့။ တစ်နေ့တော့ သူက လေသာပြူတင်းဖွင့်အကြည့်မှာ ကုက္ကုဋမိတ္တဆိုတဲ့ မုဆိုးတစ်ယောက်ကိုမြင်ပြီး ချစ်ခင်စိတ်ဝင်မိသတဲ့။ ဒါနဲ့ အကျိုးအကြောင်း စုံစမ်းပြီး မုဆိုးနောက် ကောက်ကောက်ပါအောင် လိုက်သွားရက အကြင်လင်မယား ဘဝရောက်သွားသတဲ့။ အချိန်ကာလကြာတော့ သားခုနစ်ယောက်ရပြီး ချွေးမခုနစ်ယောက်နဲ့အတူ နေကြသတဲ့။

တစ်နေ့မှာ တောလည်ထွက်တဲ့မုဆိုးက သူထောင်ထားခဲ့တဲ့ ကျော့ကွင်းတွေမှာ ဘာသားကောင်မှ မမိဘဲဖြစ်နေတာကို တွေ့ရသတဲ့။ အနီးအနားကြည့်လိုက်တော့လည်း မြတ်စွာဘုရားရှင်ရဲ့ခြေတော်ရာကို တွေ့သတဲ့။ ဒီတော့ ငါ့ကျော့ကွင်းက သားကောင်တွေကို သူလွှတ်ပစ်တာနေမှာပဲလို့ထင်ပြီး ဘုရားရှင်ကို လိုက်ရှာ၊ ချုံရင်းမှာသီတင်းသုံးနေတဲ့ ဘုရားရှင်ကိုတွေ့တော့ လေးနဲ့ခွင်းဖို့ ပြင်သတဲ့။ လေးညှို့ကိုတော့ ဆွဲလိုက်ပါရဲ့၊ ညှို့ကိုပြန်လျှော့လို့လည်းမရ၊ အောက်ချလို့လည်း မရဖြစ်ပြီး ဒုက္ခရောက်နေတယ်။

အချိန်တန်လို့ မုဆိုးကြီး ပြန်ရောက်မလာတော့ မုဆိုးကြီးရဲ့မယားက သူ့သားတွေကိုလွှတ်ပြီး အရှာခိုင်းလိုက်တယ်။ သားတွေကလည်း သူတို့အဖေမုဆိုးကြီးရဲ့ဖြစ်အင်ကိုကြည့်ပြီး မြတ်စွာဘုရားကို လေးနဲ့ခွင်းဖို့ လုပ်ကြပြန်ရော။ သူတို့လည်း သူတို့ အဖေလို ဖြစ်သွားကြပြန်ရော။ နောက်တော့ မုဆိုးကြီးရဲ့ မယားရော၊ သူ့ချွေးမတွေရော ထပ်လိုက်လာကြပြီး လူစုံချိန်မှာ ဘုရားရှင်က တရားဟောလိုက်တော့ မုဆိုးကြီးရော၊ သားတွေရော၊ ချွေးမတွေရော သောတာပန် တည်သွားကြသတဲ့။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ မုဆိုး ကြီးမှာ ဇနီးရှိသလားလို့ ရဟန်းတော်တွေက မြတ်စွာဘုရားကို မေးလျှောက်ကြတယ်။ ရှိတယ်၊ သူ့မယားက မိဘအိမ်မှာနေတုန်းကတည်းက သောတာပန်ပုဂ္ဂိုလ်ဖြစ်ခဲ့တာပဲလို့ မိန့်တော်မူတယ်။ ဒီတော့ ရဟန်းတော်တွေ ကြားမှာ စကားတီးတိုးပြောစရာ ဖြစ်သွားသတဲ့။ ဘယ့်နှယ် သောတာပန်ပုဂ္ဂိုလ်က မုဆိုးကိုယူတယ်၊ သားခုနစ်ယောက်ရတယ်၊ မုဆိုးကလေးကို ယူခဲ့ပါဦးဆိုတော့ ယူပေးတယ်၊ မြားကိုယူခဲ့ပါဦးဆိုတော့ ယူပေးတယ်၊ လှံကိုယူခဲ့ပါဦး၊ ပိုက်ကွန်ကို ယူခဲ့ပါဦး ဆိုတော့လည်း ယူပေးတယ်။ ဒီမုဆိုးက သူ့ဇနီးယူပေးတဲ့ ပစ္စည်းတွေနဲ့ သူ့အသက်သတ်တဲ့ အလုပ်တွေလုပ်တယ်။ ဘယ်လိုလဲ၊ သောတာပန်က သူ့အသက် သတ်တဲ့အလုပ်ကိုများ လုပ်နေလေသလားဆိုပြီး အချင်းချင်း ပြောဆိုနေကြတာပေါ့။

ဒီတော့ မြတ်စွာဘုရားရှင်က ချစ်သားတို့၊ သောတာပန်ဆိုတာ သူ့အသက်ကို မသတ်ကြဘူး၊ ဒီအမျိုးသမီးကတော့ သူ့ခင်ပွန်းရဲ့စကားကို လိုက်နာသောအားဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်တယ်။ သူ့ခင်ပွန်းသူများ အသက်တွေသက်ပါစေဆိုတဲ့ စိတ်မျိုးမရှိဘူး။ လက်မှာအနာမရှိရင် အဆိပ်ကိုကိုင်ပေမဲ့ အဆိပ်မသင့်သလို အကုသိုလ်စိတ် မရှိလို့ အကုသိုလ်မပြုတဲ့သူမှာ လေးမြားတွေ ယူပေးပေမဲ့အကုသိုလ် မဖြစ်တဲ့အကြောင်း မိန့်တော်မူပြီးတဲ့နောက်မှာ-

“ ပါဏိမှိ စေ ဝဏော နာဿ၊ ဟရေယျ ပါဏိနာ ၀ိသံ။

နာဗ္ဗဏံ ၀ိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗ တော။

လက်၌အနာမရှိလျှင် လက်ဖြင့်အဆိပ်ကို ကိုင်နိုင်၏။ အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်။ မကောင်းမှုမပြုသူအား မကောင်းမှုမရှိချေ” ဆိုတဲ့ ဂါထာတော်ကို ဟောတော်မူပါသတဲ့။ (ဓမ္မပဒ၊ ပါပဝဂ်၊ ၈၊ ကုက္ကုဋမိတ္တမုဆိုးဝတ္ထု)

ဒီဝတ္ထုလေးကို ဖတ်ရ၊ နာရပြီးတဲ့ နောက်မှာတော့ ဆင်ခြင်စရာ၊ တွေးဆစရာတွေ ရလာခဲ့ပါတယ်။

လူတိုင်းလူတိုင်းမှာ စားဝတ်နေရေး အတွက် အလုပ်ကိုယ်စီရှိကြပါတယ်။ အလုပ် ဟူသမျှ ဂုဏ်ရှိစွတဲ့။ သမာအာဇီဝကျတဲ့ အလုပ်သာဖြစ်နေပါစေ၊ ဘယ်အလုပ်မျိုးမဆို သူ့ဂုဏ်နဲ့သူ တင့်တယ်နေကြတာပါပဲ။ ကိုယ့်အလုပ်အတွက် အချီးမွမ်းခံရတဲ့အခါ မျိုးရှိသလို တစ်ခါတစ်ခါကျတော့လည်း ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ပတ်သက်ပြီး ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုတွေ ခံရတတ်ပါတယ်။

တချို့က စားဝတ်နေရေး တစ်ဖက်တစ်လမ်းက အဆင်ပြေစေဖို့အတွက် အလုပ်တစ်ခုကို မရမကရှာကြံပြီး လုပ်ကိုင်နေကြရသလို တချို့ကျတော့လည်း ဂုဏ်သိက္ခာတစ်ခုအတွက် အလုပ်တစ်ခုကို စဉ်ဆက်မပြတ် လုပ်ကိုင်နေကြရတာ။ စားဝတ်နေရေးအတွက်ပဲဖြစ်ဖြစ်၊ ဂုဏ်သိက္ခာအတွက်ပဲ ဖြစ်ဖြစ်၊ ဘာအတွက်ပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကြောင့် သူတစ်ပါးအပေါ် မထိခိုက်မနစ်နာစေသရွေ့၊ သမာအာဇီဝကျနေသရွေ့ ဒီအလုပ်ကြောင့် ကိုယ်ကဂုဏ်တက်နေမှာပါပဲ။ ဂုဏ်ပျက်မှာတော့မဟုတ်ပါဘူး။ ဒါကို ယုံကြည်ထားဖို့ လိုပါတယ်။

ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာစေခြင်းဆိုတဲ့ နေရာမှာလည်း အကြောင်းရင်းမှန်ကို ကျကျနန ခွဲခြမ်းစိတ်ဖြာကြည့်ဖို့တော့ လိုပါတယ်။ လူတစ်ယောက်က ပြစ်မှုတစ်ခုကို ကျူးလွန်တယ်။ ဒီပြစ်မှုနဲ့ပတ်သက် ပြီးတော့ ထောင်ဒဏ်၊ ငွေဒဏ်မည် ရွေ့မည် မျှကျခံစေဆိုပြီး တရားသူကြီးက စီရင်ချက်ချတယ်။ ဒီနေရာမှာ တရားသူကြီးလုပ်လိုက်တဲ့အလုပ်ကြောင့် ဟိုလူ ထိခိုက်နစ်နာသွားတာ မဟုတ်ပါဘူး။ သူကျူးလွန်တဲ့ပြစ်မှုကြောင့်သာ သူနစ်နာရတာပါ။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ထက်ပိုပြီး ချလိုက်မိရင်တော့ တစ်မျိုးပေါ့။ တစ်ခါတစ်ခါကျတော့ ကိုယ်ကျူးလွန်တဲ့အမှုကိစ္စအပေါ်မှာ မေ့သွားတတ်ပြီး စီရင်ချက်ချသူကိုသာ အငြိုးထားမိတတ်ကြပါတယ်။ သတိချပ်စရာပါ။

နိန္ဒာ၊ ပသံသာဆိုတဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဒဏ်ကို လူမှန်သမျှ ခံကြရတာပါပဲ။ ကိုယ်လုပ်တဲ့အလုပ်တစ်ခုကြောင့် ချီးမွမ်းခံရတာလည်း ရှိမယ်။ ကဲ့ရဲ့ခံရတာလည်းရှိမယ်။ ချီးမွမ်းခံရလို့ မြောက်ကြွမြောက်ကြွ ဖြစ်စရာမလိုသလို ကဲ့ရဲ့ခံရလို့ နိမ့်ကျသိမ်ငယ်စရာလည်း မလိုပါဘူး။ ဒါပေမဲ့ အကျိုးအကြောင်းအားဖြင့်တော့ ဆင်ခြင်ရမှာပါ။

ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုက တကယ့်ကို ဆိုးရွားယုတ်ညံ့တဲ့အလုပ်တစ်ခုဖြစ်နေပြီလား။ ဒါဆိုရင်တော့ ပြုပြင်ရမှာပါ။ ဒီအလုပ်ကို မဆိုင်းမတွစွန့်လွှတ်ရမှာပါ။ ကိုယ့်အလုပ်က ဖြူစင်သန့်ရှင်းတဲ့ အလုပ်တစ်ခု ဖြစ်နေတယ်ဆိုတာကို တွေ့ရသလား၊ ဒါဆိုရင်တော့ လူပြောသူပြောကြောင့် နောက်တွန့်နေဖို့ မလိုပါဘူး။ အချိန်ကာလတစ်ခုကို လွန်မြောက်ပြီးတဲ့နောက်မှာတော့ လူပြောသူပြောတွေက ရပ်သွားပါလိမ့်မယ်။

ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံတဲ့။ တစ်ခါတစ်ခါကျတော့လည်း ကာလဒေသပယောဂကြောင့် အနေအထားတွေက ပြောင်းလဲကုန်တတ်ပါတယ်။ နေရာတစ်ခုမှာ အချီးမွမ်းခံရတဲ့အလုပ်တစ်ခုက တခြားနေရာရောက်တော့ ကဲ့ရဲ့စရာ ဖြစ်နေတတ်ပြန်ရော။ အချိန်ကာလမတူတော့တာနဲ့လည်း တန်ဖိုးကွာခြားသွားတာဖြစ်နိုင်သလို နေရာဒေသ မတူတော့တာအတွက်လည်း တန်ဖိုးတွေ ကွာသွားတတ်ပြန်ပါတယ်။ တစ်ချိန်တစ်ခါတုန်းက ဒီအလုပ်လေးကြောင့် ချီးကျူးသြဘာထောပနာ ပြုခြင်းခံခဲ့ရပေမဲ့ နောက်တစ်ချိန်ချိန်ကျတော့ ဒီအလုပ်လေးကြောင့်ပဲ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရတတ်ပြန်ပါတယ်။

တကယ်တော့ ကောင်းမှု၊ မကောင်းမှုဆိုတာ အချိန်၊ အခါ၊ နေရာဒေသကိုလိုက်ပြီး ပြောင်းလဲတတ်တာမျိုး မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ရှုမြင်ပုံကသာ ပြောင်းလဲသွားတာပါ။ ငရုတ်သီးကို အိမ်ထဲမှာပဲစားစား၊ အိမ်အပြင်မှာပဲစားစား၊ သူ့အရသာကတော့ စပ်နေမှာပါပဲ။ လူ ၁၀၀ က ချိုပါတယ်ပြောလို့ သံပုရာသီးက ချိုလာမှာမဟုတ်ပါဘူး။ ကုန်းမြင့်မှာပဲဖြစ်ဖြစ်၊ ချိုင့်ဝှမ်းလွင်ပြင်မှာပဲ ဖြစ်ဖြစ်၊ တောရိပ်မြိုင်လယ်မှာပဲဖြစ်ဖြစ်၊ ပင်လယ်ကမ်းစပ်မှာပဲဖြစ်ဖြစ် ကောင်းတဲ့လုပ်ရပ်ကိုလုပ်ရင် ကောင်းကျိုးရမှာဖြစ်ပြီး မကောင်းတဲ့ လုပ်ရပ်ကိုလုပ်ရင် မကောင်းကျိုးရမှာပါ။ ကုန်းမြင့်မှာလုပ်တဲ့ကောင်းမှုက ပိုအကျိုးများပြီး ချိုင့်ဝှမ်းမှာလုပ်တဲ့ကောင်းမှုက အကျိုးပေးနိမ့်ပါးလိမ့်မယ်လို့ ယူဆလို့မရပါဘူး။ ထားရှိတဲ့စေတနာနဲ့ ပြုလုပ်တဲ့ လုပ်ရပ်အပေါ်မူတည်ပြီးတော့သာ အကျိုးပေး ကွာသွားနိုင်တာမျိုးပါ။

ကောင်းတဲ့လုပ်ရပ်တစ်ခုက လူပြော သူပြောကြောင့် ဆိုးမသွားနိုင်သလို ဆိုးတဲ့ လုပ်ရပ်တစ်ခုကလည်း လူပြောသူပြောကြောင့် ကောင်းလာနိုင်စရာမရှိပါဘူး။ ဒါပေမဲ့ ပုထုဇဉ်ပီပီ ယိမ်းယိုင်မှုကတော့ ရှိတတ်ပါတယ်။ ကိုယ်လုပ်နေတာကတော့ ကောင်းတဲ့အလုပ်ပဲ။ “ ဟေ့၊ မင်းလုပ်နေတာ သိပ်မဟုတ်တော့ဘူးနော်” လို့ တစ်ယောက်ယောက်က ပြောလာတော့ နည်းနည်းတော့ တွန့်သွားတယ်။ ဒါလည်း ဆက်တော့ လုပ်နေဖြစ်သေးတယ်။ နောက်ထပ်တစ်ယောက်က “ မင်း၊ မှားနေပြီနော်” ဆိုတော့ ထပ်ပြီး တွေဝေသွားပြန်တယ်။ တစ်ယောက်အစ တစ်ရာအဆုံး အကုန်လုံးဝိုင်းပြောကြပြီဆိုတော့ ဇဝေဇဝါ ဖြစ်ကုန်ရော။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ ကိုယ်လုပ်နေတဲ့အလုပ်က တကယ်ပဲ မှားနေလေရော့သလား ဆိုတဲ့အထင်မျိုး ရောက်လာတယ်။ ငါနောက်ဆုတ်တော့မှလေလားဆိုတဲ့ အတွေးဝင်လာတတ်ပါတယ်။

တစ်ယောက်မက၊ နှစ်ယောက်မက ထုနဲ့ထည်နဲ့ အင်နဲ့အားနဲ့ဖိလာတဲ့ဒဏ်မျိုးကို ခံနိုင်ဖို့ဆိုတာကလည်း ခက်တော့အခက်သားလား။ ကျန်တဲ့သူမပြောနဲ့ သိကြားမင်းတို့၊ ဗြဟ္မာမင်းတို့တောင် အခါခပ်သိမ်း ခံနိုင်တာမျိုး မဟုတ်ဘူးလို့ ဆိုရမှာ။ ဘုရားအလောင်းတော်ကြီး ဗောဓိပင်ရင်းမှာ သဗ္ဗညုတရွှေဉာဏ်တော် ရခါနီးတော့ သိကြားမင်းတို့၊ ဗြဟ္မာမင်းတို့က အနားမှာရှိနေကြသေးတယ်။ မာရ်နတ်မင်းရဲ့တပ်ကြီးလည်း ချီတက်လာရော၊ အလောင်းတော်ကြီးအနားမှာ ဘယ်သူမှမရှိကြတော့ဘူးတဲ့။ အကုန်ထွက်ပြေးကြသတဲ့။ သိကြားမင်းဆို ပြေးလိုက်တာ စကြာဝဠာတံတိုင်းအထိတောင် ရောက်သွားသတဲ့။ ပတ်ဝန်းကျင်က ပေးလာတဲ့ဖိအားကို သိကြားမင်း၊ ဗြဟ္မာမင်းတို့တောင် ခံနိုင်ဖို့ခက်တာဆိုတော့ သာမန်လူတွေအတွက် ပိုပြီး ခက်တော့တာပေါ့လေ။ လောကဓံဆိုတာ ခံနိုင်ဖို့အခက်သားပဲဆိုပြီးတော့လည်း နေရာပြောင်းတိုင်း အရောင်လိုက်ပြောင်းနေဖို့၊ လေသိမ်းတိုင်း ယိမ်းနေဖို့တော့ မသင့်သေးပါဘူး။ ကောင်းတဲ့မှန်တဲ့ လမ်းဆိုတာ သေချာနေပြီဆိုရင်တော့ လောကဓံမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး ရှေ့တူရူကို လျှောက်လှမ်းရမှာပါ။

ကိုယ်လုပ်ကိုင်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီးတော့ ပတ်ဝန်းကျင်ရဲ့ ၀ိုင်းဝန်းချီးကျူးမှုကိုခံနေရပြီလား။ ဒါဆိုရင် ကိုယ့်လုပ်ရပ်က အမှန်တကယ် ချီးကျူးသင့်ချီးကျူးထိုက်တဲ့ အလုပ်တစ်ခုဟုတ်ရဲ့လားဆိုတာကို ကိုယ့်ဘာသာ ပြန်သုံးသပ်ရမှာပါ။ ကိုယ့်အရှိန်အဝါ၊ ကိုယ့်သြဇာကိုမလွန်ဆန်နိုင်လို့ မျက်နှာအားရ ၀ိုင်းဝန်းချီးကျူးမြှောက်ပင့် နေကြတာလားဆိုတာကို ပြန်သုံးသပ်ရမှာပါ။ မလွန်ဆန်နိုင်တဲ့ အကြောင်းတစ်ခုကြောင့် အလကားနေရင်း ဘုန်းတော်ဘွဲ့ဖွဲ့နေတာမျိုးလည်း ရှိနိုင်တဲ့အတွက် ကိုယ့်ကို ချီးကျူးနေတာတွေက အမှန်တကယ် ချီးကျူးသင့်လို့ ချီးကျူးနေတာမျိုးလားဆိုတာကို သေချာပြန်ကြည့်ရမှာပါ။ မချီးကျူးသင့်ဘဲ အချီးကျူးခံနေရပြီဆိုရင်တော့ သတိကြပ်ကြပ်ထားဖို့လိုနေပါပြီ။ ကိုယ့်လုပ်ရပ်ကို အမှန်တကယ် ချီးကျူးထိုက်အောင် ပြန်ပြုပြင်ဖို့လိုပါပြီ။ တကယ်ကောင်းလို့၊ မှန်လို့ ချီးကျူးတာမျိုးဆိုရင်တော့ ဒီလုပ်ရပ်မျိုး ရှေ့ဆက်ပြီး ဆောင်ရွက်နိုင်ဖို့ ကြိုးစားရမှာပါ။

ကိုယ့်အလုပ်ကြောင့် အကဲ့ရဲ့ခံနေရပြီလား။ ဒါဆိုရင် ကိုယ့်လုပ်ရပ်က တကယ်ပဲ ကဲ့ရဲ့စရာ ဖြစ်နေပြီလားဆိုတာကို အပြန်အပြန်အလှန်လှန် ဆန်းစစ်ရမှာပါ။ တကယ်ကို မသင့်လျော်တဲ့ အလုပ်တစ်ခုကို လုပ်နေမိလို့ အကဲ့ရဲ့ခံရတာဆိုရင်တော့ ဒီအလုပ်ကို အမြန်စွန့်လွှတ်ရမှာပါ။ အမြန်ပြုပြင်ရမှာပါ။ ကိုယ့်အလုပ်က သမာအာဇီဝလည်း ကျတယ်၊ ဖြူစင်သန့်ရှင်းတဲ့ အလုပ်တစ်ခုဖြစ်တယ်ဆိုရင်တော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုကို လစ်လျူရှုနိုင်ဖို့ကြိုးစားရမှာပါ။ “ အများအကျိုး၊ ရွက်သည်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့” ဆိုတဲ့ ရွှေဟင်္သာ ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမအတိုင်း စိတ်ကောင်းနှင့်ယှဉ်ပြီး ရှေ့ခရီးကို လျှောက်လှမ်းရမှာပါ။

ငါလုပ်နေတာ မှန်တဲ့အလုပ်ပဲ၊ မင်းတို့ ဘာပြောပြော ဂရုမစိုက်ဘူးဆိုတဲ့ သဘောထားမျိုးလည်း မမွေးလိုက်ဖို့ လိုပါတယ်။ ဒီအလုပ်ကို ဘာ့ကြောင့်လုပ်ရတယ်၊ ဘယ်လို ရည်ချက်မျိုးရှိတယ်ဆိုတာကို ကဲ့ရဲ့လာသူတွေ သဘောပေါက်အောင် ပြန်ရှင်းပြနိုင်ရမှာပါ။ ရှင်းပြလို့ လက်ခံတာ၊ လက်မခံတာကတော့ တစ်ဖက်လူရဲ့အပိုင်းပါပဲ။ လူတိုင်း လက်ခံအောင်တော့ စွမ်းနိုင်မှာမဟုတ်ပါဘူး။

ကုက္ကုဋမိတ္တမုဆိုးဝတ္ထုမှာတော့ မုဆိုးမယားရဲ့လုပ်ရပ်ထက် စိတ်ထားနဲ့ ခံယူချက်က အရေးကြီးပုံကိုတွေ့ရမှာပါ။ သူကမ်းပေးလိုက်တဲ့ ဓား၊ လှံ၊ လေး၊ မြားတွေက သတ္တဝါတွေ သေစေနိုင်တဲ့ လက်နက်တွေဖြစ်နေပေမဲ့ သားသမင်တွေ ရပါစေတော့ဆိုတဲ့ စိတ်နဲ့ သူလုပ်နေတာ မဟုတ်ပါဘူး။ ဇနီးမယားတစ်ယောက်ရဲ့ ပြုဖွယ်ကိစ္စတွေကိုသာ ဆောင်ရွက်နေတာပါတဲ့။ သူ့တာဝန်သူ ကျေနိုင်ဖို့ ကြိုးစားနေခဲ့တာပါတဲ့။

ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လောကဓံရဲ့အထုအထောင်းကြားမှာ အလုပ်၊ လောကဓံ၊ ခံယူချက်၊ ဒီသုံးချက် သဟဇာတဖြစ်အောင် ထိန်းညှိပြီး မိမိသူတစ်ပါး၊ အကျိုးများစေမယ့် လုပ်ရပ်တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်ကြရင်း ကိုယ့်ဘဝရဲ့ရှေ့ခရီးကို သတိရှိရှိ၊ ဉာဏ်ရှိရှိနဲ့ ခရီးဆက်နိုင်ကြပါစေ။

Most Read

Most Recent