တစ်ကောင်ကြွက်

တစ်ကောင်ကြွက်
Photo : pinterest.com
Photo : pinterest.com
Published 5 July 2021
လင်းခေတ်ကြယ်

ကျွန်တော့်ကို မြို့ပြရဲ့ လမ်းတစ်နေရာမှာ မွေးဖွားခဲ့တယ်။ ကျွန်တော့်အဖေဟာ ဘယ်သူမှန်း မသိသလို ကျွန်တော့်အမေကိုလည်း ကောင်းကောင်း မမှတ်မိခဲ့ဘူး။ ကျွန်တော့်မှာ ညီအစ်ကို မောင်နှမ ဘယ်နှယောက်ရှိမှန်းလည်း မသိဘူး။ ကျွန်တော် ငယ်ငယ်လေးမှာပဲ အမေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတယ်။ အမေ စွန့်ပစ်ပြီးနောက်ပိုင်း လမ်းတွေမှာ ကျွန်တော်တစ်ယောက်တည်း ဘယ်ကိုသွားလို့ ဘယ်ဆီရောက်မယ်မှန်း မသိတဲ့ခရီးကို လျှောက်ခဲ့မိတယ်။ တွေ့တဲ့နေရာမှာ အိပ်ပြီး ဖြစ်သလို စားခဲ့ရတယ်။ ကျွန်တော့်လို အလေအလွင့် တစ်ယောက်ကို ဘယ်သူကမှ ဂရုမစိုက်ကြတဲ့အတွက် အသက်ငယ်ငယ်နဲ့ မြို့ရဲ့ လမ်းမတွေမှာ ကြုံသလို ရှင်သန်နေထိုင်ရင်း ဘဝအကြောင်းကို သင်ယူရတယ်။ ကျွန်တော့်လို ဘဝတူတွေကိုလည်း လမ်းပေါ်မှာ မကြာခဏဆိုသလို တွေ့ရပေမဲ့ ခပ်တန်းတန်းရယ်။ တစ်ခါတလေ ကျွန်တော့်ထက် အကောင်ကြီးသူတွေနဲ့ တွေ့တဲ့အခါ သူတို့ရဲ့ အနိုင်ကျင့်မှုကို ခံရတာတွေလည်း ရှိခဲ့တယ်။ တစ်ခါတလေ စွန့်ပစ်အမှိုက်ပုံထဲကနေ စားကောင်းသောက်ဖွယ်တွေကို စားရတဲ့နေ့တွေလည်း ရှိခဲ့တယ်။ မိုးရွာတဲ့ နေ့တွေဆိုရင် ခိုနားစရာ မရှိတဲ့အတွက် ကျွန်တော့် တစ်ကိုယ်လုံးမှာ မိုးရေတွေစိုရွဲနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ညတွေကိုလည်း ဖြတ်ကျော်ခဲ့ဖူးတယ်။

မြို့ပြမှာ ကျွန်တော့်အတွက် နားခိုလို့ရမယ့် အိမ်ဆိုတာ မရှိဘူး။ မြို့ပြမှာ ကျွန်တော့်အတွက် အရန်သင့် စားသောက်စရာတွေ ချကျွေးမယ့် ဆွေမျိုးအသိုင်းအဝိုင်းဆိုတာ မရှိဘူး။ မြို့ပြမှာ ကျွန်တော့်အတွက် သနားကြင်နာပြီး မေတ္တာတရားနဲ့ ထွေးပွေ့ ဆီးကြိုမယ့်သူဆိုတာ မရှိဘူး။  မြို့ပြမှာ ကျွန်တော့်နဲ့ နွေးနွေးထွေးထွေး ဆော့ကစားပေးမယ့် မိတ်ဆွေ အပေါင်းအသင်း မရှိဘူး။ မြို့ပြမှာ ကျွန်တော့်အတွက် ဆိုးတူကောင်းဖက် မျှဝေခံစားပေးမယ့် ခရီးသွားဖော် မရှိခဲ့ဘူး။ 

ဒီလိုနဲ့ ကျွန်တော်ဟာ လမ်းနဲ့ အသားကျခဲ့တယ်။ မြေကြီးဟာ ကျွန်တော့်အတွက်တော့ အိပ်ရာဖြစ်ပြီး ကောင်းကင်ဟာ ကျွန်တော့်အတွက်တော့ ခေါင်မိုးဖြစ်ခဲ့တယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွန်တော် ကြီးပြင်းရှင်သန်နေရတဲ့ဘဝက ခက်ခဲကြမ်းတမ်းမှုတွေ ပြည့်နှက်နေတယ်။ လမ်းပေါ်မှာဖြစ်ဖြစ်၊ ပန်းခြံမှာဖြစ်ဖြစ် မိဘတွေနဲ့ ဆော့ကစားနေတဲ့ ကလေးတွေကို မြင်ရတဲ့အခါ ဘယ်လိုမှ ဖော်ပြလို့မရတဲ့ နာကျင်မှုက ကျွန်တော့်စိတ်ထဲမှာ ဖွဲမီးလို တငွေ့ငွေ့ လောင်မြိုက်ခဲ့တယ်။

ဒါပေမဲ့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဆေးစက်ကျရာ အရုပ်ထင်နေရတဲ့ဘဝမို့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ လောကဓံ အထုအထောင်းမှာ အသားကျခဲ့တယ်။ နေ့စဉ် ဝမ်းရေးအတွက် လမ်းပေါ်မှာ ရှာဖွေစားသောက်ရင်း လောကကြီးအကြောင်း လက်ရေးလှ သင်ယူရတယ်။ လမ်းပေါ်မှာ ရှင်သန်ရသူမို့  ကျွန်တော့်အသက်ဟာ ချောက်ကမ်းပါးစွန်းမှာ ရပ်နေရတဲ့ လူတစ်ယောက်လို အန္တရာယ်လည်း များပါတယ်။ ကလေးတစ်ယောက် ဖြစ်တဲ့အတွက် လမ်းကူးတာကစလို့ ပတ်ဝန်းကျင်က အရာအားလုံးဟာ ကျွန်တော့်အတွက်တော့ အသက်အန္တရာယ်နား နီးတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း ကျွန်တော်ရှင်သန်ရာ စားကျက်မြေကို ပြောင်းဖို့အတွက် ဆုံးဖြတ်ရပါတော့တယ်။

ကျွန်တော့်ဘဝရဲ့ အလှည့်အပြောင်းလို့ ဆိုရမလားပဲ။ တစ်နေ့မှာတော့ ကျွန်တော့်ကို တံခါးဖွင့်ကြိုဆိုတဲ့ အိမ်တစ်အိမ်ကို ကျွန်တော်ရောက်ခဲ့တယ်။ အဲဒီနေ့က မိုးတွေ အရမ်းသည်းနေတဲ့ နေ့တစ်နေ့ပါ။ ပြက္ခဒိန်မှာ ပြဿဒါးလား။ ရက်ရာဇာလား ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ အရင်နေ့တွေလိုပဲ မိုးရွာနေတဲ့ လမ်းပေါ်မှာ လျှောက်သွားရင်းနဲ့ ကျွန်တော်ဟာ လမ်းပျောက်နေခဲ့တယ်။ ပတ်ဝန်းကျင်မှာ မိုးတွေက သည်းနေသလို လျှပ်စီးတွေကလည်း လက်နေပြီး မိုးခြိမ်းသံတွေကလည်း ကျယ်လောင်နေတဲ့အတွက် လမ်းသွားရင်း ကြောက်နေမိတယ်။  ဒီလို ကြောက်လန့်နေတဲ့ စိတ်ကြောင့်ပဲ တစ်နေရာမှာ ဝင်ခိုဖို့အတွက် ပတ်ဝန်းကျင်ကို ကျွန်တော် အပူတပြင်း ရှာဖွေခဲ့တယ်။ အိမ်တစ်အိမ်ရဲ့ အရှေ့ကို ရောက်ချိန်မှာတော့ လူကြီးတစ်ယောက် ကျွန်တော့်ဘေးကနေ ဖြတ်လျှောက်ပြီး တံခါးဖွင့်ထားတဲ့ အဲဒီအိမ်ထဲကို ဝင်သွားတာ တွေ့ရတယ်။ ကျွန်တော်လည်း ဘာမှစဉ်းစား မနေတော့ဘဲ တံခါးဖွင့်ထားတဲ့ အဲဒီအိမ်ထဲကို အလိုအလျောက် တန်းဝင်ခဲ့လိုက်တယ်။

အိမ်ထဲကို ရောက်တော့ လုံခြုံတဲ့ တစ်နေရာမှာ ပုန်းနေလိုက်ပြီး အိမ်ရှင်တွေရဲ့ အခြေအနေကို အကဲခတ်ရတယ်။ ကျွန်တော် အိမ်ထဲဝင်လာတာကို အိမ်ရှင်တွေက ဘာမှပြောဆိုခြင်း မရှိတဲ့အတွက် ကျွန်တော့်အတွက်တော့ ခိုလှုံစရာ အိမ်တစ်အိမ်ရပြီဆိုပြီး ဝမ်းသာမိတာ အမှန်ပါပဲ။ ကျွန်တော် ဝင်ရောက်ခဲ့တဲ့ အိမ်မှာ မိသားစုက များများစားစား မရှိပါဘူး။ အိမ်ရှင် လင်မယားအပြင် ကလေးလေး တစ်ယောက်လည်း ရှိနေတာကို သိလိုက်ရတဲ့အတွက် ကျွန်တော့်အတွက်တော့ အချိုပေါ်သကာလောင်းသလို ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်လို အဖေ၊ အမေ မရှိတဲ့ တစ်ကောင်ကြွက်အတွက် မိသားစုတစ်စု ကောက်ရလိုက်သလိုပါပဲ။ ကလေးလေးကလည်း ဖြူဖြူဖွေးဖွေး၊ ဝဝတုတ်တုတ်လေးမို့ ချစ်စရာလေးပါ။ အသက်ကလည်း တစ်နှစ်ကျော်သာ ရှိသေးတဲ့အတွက် သူမတ်တတ်စမ်း လမ်းလျှောက်နေပုံကို ကြည့်ရင်း ကျွန်တော့်မှာ သူ့နဲ့ကစားချင်စိတ်တွေ တဖွားဖွား ပေါ်နေမိတယ်။ အိမ်ရှင် လင်မယားကလည်း အသက်အရွယ် သိပ်မကြီးသူမို့ သူတို့မိသားစု ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာကိုကြည့်ပြီး ကျွန်တော်မမြင်ဖူးခဲ့တဲ့ အဖေနဲ့ စွန့်ပစ်ခဲ့တဲ့ အမေ့ကို နာနာကျင်ကျင် လွမ်းမိတယ်။

အဲဒီအိမ်ကို ရောက်ပြီး မကြာခင်မှာပဲ ကျွန်တော်ဟာ အိမ်နဲ့ အသားတကျ ဖြစ်ခဲ့တယ်။ အိမ်ရဲ့ ဘယ်နေရာမဆို ကျွန်တော့် ခြေရာတွေချည်းပါပဲ။ ကလေးအနားမှာ အိမ်ရှင်လင်မယား မရှိတဲ့အခါ သူ့ဘေးနားကို သွားပြီး သူ့နဲ့ စကားတွေ ပြောနေမိတယ်။ ရက်ပိုင်းအတွင်း သူနဲ့ ကျွန်တော့်ကြားမှာ ရင်းနှီးမှုက အတော်အတန်ရှိခဲ့တယ်လို့ ဆိုရမှာပါ။ သူ့ဘေးမှာ လူရှိပေမဲ့လည်း ကျွန်တော့်ကို တွေ့တာနဲ့ စကားတွေ လှမ်းပြောတာ၊ သူ မတ်တတ်စမ်း လမ်းလျှောက်တဲ့အခါ ကျွန်တော့်ကို တွေ့တာနဲ့ ကျွန်တော့်ဆီ တန်းတန်းမတ်မတ် လျှောက်လာတာ၊ သူ့ကစားစရာတွေနဲ့ ကျွန်တော့်ဆီ လှမ်းပစ်တာ စတဲ့ အခြေအနေတွေက သူနဲ့ကျွန်တော့်ကြားမှာ တဖြည်းဖြည်း သံယောဇဉ် အမျှင်တန်းခဲ့တယ်လို့ ဆိုရမှာပါ။

ဒီလို သူ့နဲ့ သံယောဇဉ် အမျှင်တန်းနေပေမဲ့လည်း အိမ်ရှင်လင်မယားကိုတော့ ကျွန်တော့်စိတ်မှာ ကြောက်နေတုန်းပဲ။ အိမ်ထဲမှာ ကျွန်တော် လျှောက်ဆော့နေပေမဲ့လည်း သူတို့ရှိရင် ငြိမ်ကုတ်နေရတယ်။ ဒီအိမ်ထဲ ကျွန်တော်ရောက်နေတာ မကြာသေးဘူးဆိုပေမဲ့ သူတို့ကတော့ သိပုံမပေါ်ပါဘူး။ ကျွန်တော် ရောက်နေတာကို ကလေးလေးနဲ့ ကျွန်တော်ပဲ သိလိမ့်မယ် ထင်တယ်။ ဒီအိမ်ရောက်ပြီး နောက်ပိုင်းမှာ ကျွန်တော့်အတွက်တော့ စားရေးသောက်ရေးအတွက် ဘာမှပူပန်စရာ မရှိခဲ့ဘူး။ အိပ်ချိန်ဆိုလည်း လမ်းပေါ်က မိုးထဲရေထဲမှာ အိပ်ခဲ့ရတဲ့ ဘဝလိုမျိုးမဟုတ်ဘဲ မိုးလုံလေလုံနဲ့ စိတ်ချလက်ချ အိပ်လို့ရတဲ့ အခြေအနေပါ။ ဒါ့အပြင် ကျွန်တော့်အတွက် ဒီအိမ်ကပေးတဲ့ အထူးလက်ဆောင်အနေနဲ့ ကစားဖော် ကလေးလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ခွင့်ရခဲ့ပြီ မဟုတ်လား။ ဒီအိမ်ကိုရောက်မှပဲ ကျွန်တော့်ဘဝဟာ  အရာရာ အပြောင်းလဲကြီး ပြောင်းလဲခဲ့ရတယ်။ ကျွန်တော်မျှော်လင့် တောင့်တခဲ့တဲ့ မိသားစု ဘဝလေးကိုလည်း ဒီအိမ်ရောက်မှ ပိုင်ဆိုင်ခွင့်ရခဲ့တယ်လို့ ဆိုရမှာပါ။

အရာရာ အဆင်ပြေနေပြီလို့ မှတ်ယူမိချိန်မှာပဲ မျှော်လင့်မထားတဲ့ ကံတရားက ကျွန်တော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဝင်ရောက်လာခဲ့ပါတယ်။ ကျွန်တော် မျှော်လင့်မထားတဲ့  ကံတရားက ကျွန်တော့်ဘဝကြီး တစ်ခုလုံးကို ရက်ရက်စက်စက် ခြေမွဖျက်ဆီးလိမ့်မယ်လို့ ထင်မထားခဲ့တာ အမှန်ပါ။ ဒါကြောင့်လည်း ကျွန်တော့်ဘက်က ပေါ့ပေါ့ဆဆ နေခဲ့မိတယ်။ အဲဒီလိုပေါ့ဆမှုတွေကြောင့်ပဲ ကျွန်တော့်ဘဝကြီးက ကျွန်တော် ထင်မှတ် မထားလောက်အောင် အပြောင်းအလဲကြီး ပြောင်းလဲခဲ့ရတာပါ။ ကျွန်တော့်ရဲ့ အနေအထိုင် မဆင်ခြင်မှုတွေကြောင့် ဒီအိမ်ထဲမှာ ကျွန်တော် ရောက်ရှိနေတာကို အိမ်ရှင်လင်မယား က သိသွားခဲ့တယ်။ ကျွန်တော့်ဘက်က အစားနဲ့ အဆော့သောင်းကျန်းမှုကြောင့် သူတို့ ရိပ်မိသွားခဲ့တာလည်း ဖြစ်ပါတယ်။ သူတို့ ရိပ်မိသွားတာကိုလည်း ကျွန်တော့်ဘက်က ဂရုစိုက်ခြင်း မရှိခဲ့ပါဘူး။ စားလိုက်၊ ကစားလိုက်၊ အိပ်လိုက်နဲ့ ဒီအိမ်ထဲမှာ ကျွန်တော်ဟာ အပျော်ကြီး ပျော်နေခဲ့တယ်။ အရင်လမ်းပေါ်ကဘဝနဲ့ ကွာခြားချက် ကြီးမားလွန်းတာကြောင့်လည်း ကျွန်တော့်အပျော်တွေကို မထိန်းနိုင်ခဲ့တာပါ။ အပျော်ကြောင့် အပျက်ဖြစ်ခဲ့ရတယ် ဆိုတဲ့စကားလို ကျွန်တော့်ရဲ့ မဆင်မခြင်အပျော်တွေကြောင့်ပဲ ကျွန်တော့်ဘဝက အပျက်ဘက်ကို ဦးတည်လာခဲ့တယ်။    

ဒီအိမ်ကို စရောက်တုန်းကတော့ ကျွန်တော့်ရဲ့ စားရေးသောက်ရေးဟာ အိမ်နောက်ဖေးက အမှိုက်ပုံးပါ။ အမှိုက်ပုံး ဆိုပေမဲ့လည်း လမ်းပေါ်မှာ ရှာဖွေစားသောက်ခဲ့ရတဲ့ အမှိုက်ပုံတွေနဲ့တော့ မတူပါဘူး။ အိမ်ရှင်တွေ စွန့်ပစ်တဲ့ အစားအစာတွေကလည်း လတ်ဆတ်သန့်ရှင်းတဲ့အတွက် ကျွန်တော့်အတွက်တော့ နတ်သုဒ္ဓါလို့ ဆိုရမှာပါ။ နောက်ပိုင်းမှာ အမှိုက်ပုံးထဲက အစားအသောက်တွေအပြင် နောက်ဖေး မီးဖိုချောင်ထဲက အသီးအနှံတွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေ၊ ဆန်အိတ်နဲ့ တခြားစားစရာတွေကိုပါ အိမ်ရှင်တွေ မသိအောင် စားသောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ တစ်အိမ်လုံးမှာလည်း ကျွန်တော့်ရဲ့ ဆော့ကစားမှုကြောင့် အကျႌ၊ မွေ့ရာ၊ ကြမ်းခင်း၊ တံခါးနဲ့ တခြားပစ္စည်းတွေ ပျက်စီးခဲ့တဲ့အတွက် အိမ်ရှင်လင်မယားရဲ့ ဒေါသတွေက ကျွန်တော့်ဆီကို ပုံကျလာပါတယ်။

အဲဒီလိုဖြစ်ပြီးနောက်ပိုင်း အိမ်ထဲမှာ ကျွန်တော့်အတွက် အန္တရာယ်တွေက များပြားလာခဲ့တယ်။ အိမ်ထဲက ကျွန်တော် သွားလာဆော့ကစားနေတဲ့ ချောင်ကြိုချောင်ကြားပါ မကျန် ထောင်ချောက်တွေကို  အိမ်ရှင်လင်မယားက ချထားတာ တွေ့ရတယ်။ အစားအသောက်တွေကိုလည်း အရင်လို မထားတော့ဘဲ စနစ်တကျ သိမ်းဆည်းလာတာကြောင့် ကျွန်တော့်အတွက်တော့ အနေအစား မချောင်တော့ဘူးလို့ ဆိုရမှာပါ။ ညဘက်တွေမှာ ထောင်ချောက်တွေကို ရှောင်ကွင်းပြီး သွားလာရသလို မနက်ပိုင်းမှာလည်း အိမ်ရှင်တွေ မမြင်အောင် ရှောင်ပုန်းနေရတာတွေ ရှိလာတဲ့အတွက် နောက်ပိုင်းမှာ အထီးကျန်သလို ခံစားလာရတယ်။ ဒါ့အပြင် အိမ်ရှင်လင်မယားက ကလေးလေးကို ကြမ်းပြင်မှာ မထားတော့ဘဲ ခုတင်ပေါ်မှာသာထားပြီး အလစ်မပေးတော့တာကြောင့် ကလေးလေးနဲ့ အရင်လို နီးနီးကပ်ကပ် ကစားခွင့် မရတော့တာကလည်း ပိုပြီး ခြောက်သွေ့စေပါတယ်။

တစ်ညမှာတော့ ကလေးလေးနဲ့ ကစားချင်တဲ့စိတ်ကို ဘယ်လိုထိန်းမရတာကြောင့် ညဘက် သူတို့မိသားစုတွေ အိပ်မောကျနေချိန် ခုတင်ပေါ်တက်ပြီး ခြင်ထောင်ထဲကို ဝင်ခဲ့မိတယ်။ မိသားစု သုံးယောက်စလုံးက အိပ်မောကျနေတဲ့အတွက် ကလေးလေး အနားထိသွားပြီး ဆော့ကစားနေမိတယ်။ ကလေးလေးနဲ့ ဒီလိုအနီးကပ် နေခွင့်မရခဲ့တာကြာပြီ ဖြစ်တဲ့အတွက် ကျွန်တော့်စိတ်ထဲမှာ အပျော်တွေက တစ်စထက်တစ်စ ကူးစက်လာပြီး ခြင်ထောင်အပြင်ကို ပြန်ထွက်သွားဖို့ သတိမရခဲ့ဘူး။ အိမ်ရှင်ယောကျ်ားဖြစ်သူ နိုးလာချိန် မှာတော့ ခြင်ထောင်ထဲ ကျွန်တော့်ကို တွေ့သွားတဲ့အတွက် ဒေါသတကြီးနဲ့ လိုက်ရိုက်ပါတော့တယ်။

“ သေစမ်းကွာ။ ဒီလောက်တောင် ဒုက္ခပေးတဲ့ ကြွက်။ သေစမ်းကွာ။ သေစမ်း ...”

အဲဒီအသံကို နောက်ဆုံး ကြားလိုက်ချိန်မှာပဲ ကျွန်တော်ဟာ လောကကြီးနဲ့ အဆက်အသွယ် ပြတ်တောက် သွားပါတော့တယ်။  

Most Read

Most Recent