မိုးတွင်းကာလ သတိထားရမည့် ဖားကန့် မြေပြိုရာသီ

မိုးတွင်းကာလ သတိထားရမည့် ဖားကန့် မြေပြိုရာသီ
Published 4 July 2021
ထွန်းလင်းအောင်(မြစ်ကြီးနား)

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂ ရက် နံနက်က လူပေါင်း ၁၇၂ ဦးအထိ စံချိန်တင် သေဆုံးခဲ့သော ဖားကန့်ဒေသ ဝှေခါမှော်ကမ်းပါး ပြိုကျမှုတွင် သေဆုံးသူများအား သယ်ဆောင်နေစဉ် (ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့)

ဖားကန့်ဟုဆိုလျှင် ကျောက်စိမ်းဖြင့် ကမ္ဘာကျော်သည်။ စနစ်တကျလုပ်ငန်း မဟုတ်တော့ မြေပြိုမှုကြောင့်လည်း လူပေါင်း တစ်ဦးစ နှစ်ဦးစ မှသည် ရာကျော်သေဆုံး သည့် ဖြစ်စဉ်များကလည်း ကမ္ဘာကပင် ထိတ် လန့်တုန်လှုပ်ရသည်။ နှစ်စဉ်နှစ်တိုင်း လူပေါင်း ရာဂဏန်းမျှ  သေဆုံးမှုများ စတင်ခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ်မှစတင်ကာ ယခုဆိုလျှင်  ဆယ်စုနှစ်နှစ်စုပင် ကျော်ခဲ့ပြီဖြစ် သည်။ စစ်ပွဲများ၊ ဆင်းရဲခြင်းများနှင့် သယံ ဇာတများဖြင့် လုံးချာလိုက်နေသည့် အခြေအနေများကြောင့် သယံဇာတကျိန်စာဟုပင် ခေါ်ကြသည်။ တချို့ သွေးစွန်းသော ကျောက်စိမ်း။ နာမည်တွေ ဘယ်လိုပေးပေး  ပျမ်းမျှ တွက်ချက်လျှင်  နှစ်ပေါင်း ၂၀ ကျော်တွင် လူပေါင်း နှစ်ထောင်ကျော် သေဆုံးခဲ့ပြီ။  ဒီကာလများအတွင်းလည်း မြေပြိုမှုနှင့် သေဆုံးမှုများကို ထိန်းချုပ်တားဆီးနိုင်ခဲ့မှုများ မရှိခဲ့။ ယခုနှစ် မိုးစရွာပြီးသည်နှင့် ဖားကန့် မြေပြို သေဆုံးသတင်းများက ခပ်စိပ်စိပ်တွေ့လာရပြီဖြစ်သည်။

ဇွန် ၃၀ ရက်က ဖားပြင်ကျေးရွာအနီး မြေစာပုံဟောင်း လျှောပြို၍ လူသုံးဦး သေ ဆုံးသည်။ နှစ်ရက်အကြာတွင် ယခင်ပြိုကျမှု အနီးမှာပင် ဇူလိုင် ၂ ရက်မှာ တစ်ယောက် သေဆုံးပြန်သည်။ ဒဏ်ရာရသူများလည်း သုံးလေးငါးယောက်။ မြေပြိုရာသီကား စချေပြီ။

ဖားကန့် မြေပြိုရာသီ

ဖားကန့်မြေပြိုမှု အများဆုံး ဖြစ်ပွား သည့်အချိန်မှာ မြေသားများ ရေဝချိန်၊ မြေ ကြီးတုန်ခါမှု (မိုင်းဒဏ်၊ ငလျင်ဒဏ်များ) ကြောင့် ဖြစ်ပေါ်နေသည့်အက်ကြောင်းများ ရေဝင်ချိန် မိုးဦးနှင့် မိုးရာသီဖြစ်သည်။  မြေ သားများ လျှောဆင်းခြင်း၊ ပြုတ်ကျခြင်း၊ မိုက် ကျင်း (<ကက်တွင်း<ကင်း) များတွင် အပေါ်မှ မြေသားများ ကွာကျခြင်းတို့ကြောင့် လူများ သေဆုံးကြရခြင်းဖြစ်သည်။ အကြီးဆုံး ပြို ဆင်းမှုများကို မြေစာပုံနှင့် လုပ်ကွက်အစပ် များရှိ ရေကန်ကြီးသဖွယ်ဖြစ်နေသည့် လုပ် ကွက်ဟောင်းများ ကျိုးပေါက်ကြခြင်းများတွင် တွေ့ရသည် ။ ယခုနောက်ပိုင်း အသေအ ပျောက်များသည့်ကိစ္စရပ်များတွင် လုပ် ကွက်ဟောင်း ရေကန်ကြီးများအတွင်းသို့ အခြားတစ်ဖက်မှ   မြေပြိုကျကာ ဆူနာမီရေ လှိုင်းကဲ့သို့ လှိုင်းလုံးကြီးများဖြင့် အခြားဘက် ကမ်းမှ ကျောက်ရှာသူများကို ရိုက်ချကာ ရေ ကန်အတွင်း ရေနစ်သေဆုံးကြရခြင်းဖြစ် သည်။ အသေအပျောက်လည်း များတတ် သည်။ လွန်ခဲ့သည့်နှစ်က စံချိန်ချိုး လူသေ မှုဖြစ်ခဲ့သည့် ဝှေခါမှော်မြေပြိုမှုမှာ မြေပြို မှုကြောင့် ရေလှိုင်းရိုက်ချမှုကြောင့် သေဆုံး ကြရခြင်းဖြစ်သည်။

ဖားကန့်ဒေသ၌ ကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကိုမိုးကျော်က “ဒီရာသီက မြေပြိုတာ မကြာမကြာ ဖြစ်တဲ့ရာသီပဲ။ ဒီနှစ်တော့ နည်းနေသေးတယ်။ ဒါပေမဲ့ ထိန်းကွပ်သူမရှိ တူးချင်ရာ တူးနေကြတော့ ဒီသတင်း မျိုး ကြားရဦးမှာပဲ။ အဓိကတော့ မြေစာပုံ ဟောင်းတွေက ပြိုနိုင်ခြေ အမြင့်ဆုံးပဲ။ မိုးရေ ဝတော့ ဗြုန်းဆို ပြုတ်ကျတာ။ ဖားပြင်၊ ဝှေခါ၊ မှော်ဆီစာ၊ သာယာကုန်း၊ မန၊ မမုံ နားတွေက မြေစာပုံတွေက အန္တရာယ်အများဆုံးပဲ”ဟု ဆိုသည်။

မေ့ပျောက်၍ မရသည့်  စံချိန်တင် မြေပြိုသေဆုံးမှုများ

ဖားကန့်၏ ကျောက်စိမ်းတူးဖော်မှုကို ကြည့်လျှင် လက်ကျင်းခေတ်၊ ရေငုပ်ကျင်းခေတ်၊ ခေါက်စားခေတ်၊ ဖက်စပ်ခေတ်၊ ယန္တရားငယ်ခေတ်၊ ယန္တရားကြီးခေတ်ဟု ခွဲ၍ရမည်ထင်သည်။ ခေတ်တိုင်းမှာလည်း ကျောက်စိမ်းတူးဖော်မှုတွင် အသက်ပေါင်း များစွာပေးခဲ့ကြရသည်။

၁၉၉၀ ပြည့်ကနေ ၁၉၉၇ ခုနှစ်လောက် အထိ လက်တူးကျင်းများ၊ ယန္တရား အနည်း ငယ်သာ ရှိသည့်အတွက် ရေမဆေးကျောက် ကဲ့သို့ ရှာဖွေသူဟာ မူးယစ်ဆေးဝါးသုံးစွဲသူ တွေ ဆေးဖိုးရှာသည့် အလုပ်သာ ဖြစ်သည်။ ၂ဝဝဝပြည့်နှစ်နောက်ပိုင်းတွင် ကျောက်စိမ်း လုပ်ကွက်များကို ကုမ္ပဏီပိုင်များ ဖြစ်ကုန်ပြီး စက်အင်အားကြီးများ အသုံးများလာပြီး နောက်ပိုင်း ကုမ္ပဏီမြေစာပုံတွင် ကျောက်စိမ်းအကျန်များ ရှာဖွေသူ တိုးလာကြသည်။ လူပေါင်းသိန်းချီသည့် ကျောက်မျက်ရှာဖွေ သူများသည် လုပ်ကွက်များ ကုမ္ပဏီပိုင်ဖြစ် သွားခြင်းကြောင့် ရေမဆေးကျောက် ရှာ ဖွေသူများ ဖြစ်ပါလာပါတော့သည်။ အား လုံးဟာ ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပုံမှာသာ မှီတည်နေကြရတဲ့ ဘဝတွေဖြစ်ကုန်ပြီး မြေပြို ကျင်းပိ တရားခံများသည် ရွှေ့ပြောင်း အလုပ် သမား ရေမဆေးသမားများ ဖြစ်လာကြ တော့သည်။

ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင်  ဆိပ်မူကျေးရွာ အုပ်စု၊ ဖားပြင်၊ ဆွတ်အောင် ကျေးရွာအနီးက ဆန်ခါမြေစာပုံဟာ နှစ်ဖာလုံလောက် လျှော ကျခဲ့ပြီး အောက်၌ရှိသည့် ရေမဆေးကျောက် ရှာဖွေသူများ၊ စျေးရောင်းသူများ နေထိုင် သည့် တဲ ၇၀ ကျော်ခန့် မြေစာအောက် ရောက်ရှိသွားခဲ့သည်။

တရားဝင်စာရင်းအရ ပျောက်ဆုံးသူ ၁၃၀ ရှိပြီး ၁၁၄ ဦး၏ အလောင်းများ ပြန် လည်ရရှိကာ ၈၄ ဦးသာ ပိုင်ရှင်ရှိခဲ့သည်။ သတင်းအချက်အလက်များအရ သေဆုံးသူ အရေအတွက်သည် ၂၀၀ ဝန်းကျင် ရှိနေ ကြောင်း ဆိုထားကြသည်။ ကမ္ဘာတစ်ဝန်းပင် တုန်လှုပ်ခဲ့ရသည့် ဖြစ်စဉ်ဖြစ်သည်။ (ထိုစဉ်က) ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကိုယ်တိုင် နိုဝင်ဘာ၂၅ ရက်မှသာ ကွင်းဆင်းနိုင်ခဲ့သည်။

ပြည်သူများနှင့် သတင်းစာ အမြောက် အမြားကလည်း ဖားကန့်ဒေသတွင်း အဆ မတန်တူးဖော်နေမှုများကို ဝေဖန်ထောက်ပြ လာကြသည်။ တရားမဝင် ယန္တရားကြီးများ တင်သွင်းမှုကို စိစစ်လာခဲ့ကြရသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်မတိုင်မီက ထုတ်ဝေခဲ့သည့် Global Witness က ဖော်ထုတ်မှုများက လည်း ရွေးကောက်ပွဲနှင့် မြေပြိုသေဆုံးမှုများ ၏ တုံ့ပြန်မှုအပေါ် အားဖြစ်စေခဲ့သည်။ တရားမဝင် ယန္တရားများကို စုံစမ်းစစ်ဆေးကာ လူထုများက ကျေးနပ်အားရမှု မရှိသော် လည်း အရေးယူမှုများ ပြုလုပ်ခဲ့သည်။ မြေစာပုံတွေကို စနစ်တကျပုံကြရန် စီစဉ်လာကြသည်။ အစိုးရအဖွဲ့သည်လည်း ရွေး ကောက်ပွဲတွင် အပြောင်းအလဲ ဖြစ်လာကြ သည်။

ပထမစံချိန်ကိုချိုးခဲ့သည့် မြေပြိုမှုမှာ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂ ရက် နံနက် ၆ နာရီကျော်တွင် ဝှေခါ ကျေးရွာ၊ ရပ်ကွက် ၆ ရှိ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ (ဒေသအခေါ် တစ်သုံးလုံး ကုမ္ပဏီ)  ကျင်း ကမ်းပါးပြိုကျမှု ဖြစ်သည်။ လူပေါင်း ၁၇၂ ဦး အထိ စံချိန်တင် သေဆုံးခဲ့ပြီး  ၅၄ ဦးဒဏ်ရာများရရှိကာ ၁၉ ဦးပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ယခု ဇူလိုင် ၂ ရက်တွင် တစ်နှစ်ပြည်ခဲ့ပြီဖြစ်သည်။ ကျင်း ဟောင်းအတွင်းသို့ အဝေးတစ်မိုင်ခန့်မှ အမြင့်ပေ ၂၀၀၀ ခန့်ရှိ ကမ်းပါးကြောပြတ်ကျကာ ရေလှိုင်းလုံးကြီးများဖြင့် တစ်ဖက် ကမ်းမှ ကျောက်တူးနေသူများကို ရိုက်ချလိုက်ခြင်းဖြစ်ပြီး သေဆုံးသူအများစုကို ပြန်လည် ရရှိခဲ့သည်။

အစိုးရက စုံစမ်းရေးကော်မတီဖွဲ့ စုံစမ်း ခဲ့ပြီး ရေမဆေးလောပန်း ၁၃ ဦးကို အမှုဖွင့် ခဲ့သည်။ မြေပြိုရသည့် အကြောင်းရင်းမှာ ဂျန်းနစ်ပတ် (ဒေသအခေါ် ကျောက်ပုတ်)ကြောဖြစ်ခြင်းကြောင့် မြေပြိုလွယ်ခြင်း၊ မိုး ရေချိန် လက်မ ၃၀ ကျော် ရွာသွန်းခဲ့ခြင်း၊ သတိပေးမှုများ၊ ဆိုင်းဘုတ်များ ရှိသော်လည်း တရားမဝင် ခိုးတူးသူများပြားနေခြင်း၊ လုပ်ကွက်အနေဖြင့် သတ်မှတ်ကာရံထားသော ခြံစည်းရိုး မရှိခြင်းတို့ကြောင့် ဖြစ် ကြောင်း ကော်မတီက သုံးသပ်ခဲ့သည်။ ပြည် သူတစ်ရပ်က ကျောက်မျက်တူးဖော်ထိန်းချုပ် မှုတွင် မနိုင်မနင်းဖြစ်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

(ထိုစဉ်က) ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က  ဖားကန့်ဒေသ၌ ပြည်နယ်တွင်း ငြိမ်းချမ်းမှု မရှိခြင်း၊ လက်နက်ကိုင်အဖွဲ့စုံက မှီခိုနေသည့် နေရာဖြစ်နေခြင်း၊ ရွှေ့ပြောင်းလုပ်သား နှစ်သိန်းအထက် ရှိနေ ခြင်း၊ ကချင်ပြည်နယ်၏ အကြီးမားဆုံး မူး ယစ်ဆေးဝါးစျေးကွက်ရှိနေခြင်း၊ ကြီးမားသော သဘာဝပတ်ဝန်းကျင်များ ရှိနေခြင်း ကြောင့် ပြဿနာများ ဖြေရှင်းရာတွင် ကြီးမားသော အခက်အခဲများ ဖြစ်နေကြောင်း သုံးသပ်သည်။

ပရမ်းပတာ ဖားကန့်

လက်ရှိ ဖားကန့် အခြေအနေကို သုံး သပ်ရလျှင် ပရမ်းပတာ ဖားကန့်ဟုသာ သုံး သပ်ရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ဖားကန့်၏ ဒေ သတွင်း တရားဥပဒေစိုးမိုးရေးက အတော် ကျဆင်းသွားသည်။

ကုမ္ပဏီအများစုက လုပ်ငန်းများရပ်နား ကြသော်လည်း ယင်းဒေသ တူးဖော်ရေးစက် များက မနားကြ။ ကျောက်စိမ်း ထွက်နိုင်သည့် ကြောမှန်သမျှ အလုအယက်တူးနေကြသည်။ ဒါတွေလုပ်နိုင်ရန် လက်နက်ကိုင်အဖွဲ့အား လုံးနှင့် ပတ်သက်ဆက်နွှယ်ရသည်ဟု ကျောက်စိမ်းလုပ်ငန်းနှင့် ပတ်သက် ဆက်စပ် သူများက ဆိုသည်။

ကျောက်စိမ်းလုပ်ငန်းကြီး လုပ်ကိုင်နေသူ ဦးလင်း (အမည်လွှဲက) “အခုကတော့ နိုင်ငံရေး အပြောင်းအလဲဖြစ်တော့ ကျောက်စိမ်းကြောတွေကတော့ ခိုးတူးနေကြရတာ ပေါ့။ သက်တမ်းရှိ လုပ်ကွက်ကတော့ ၂၀၂၁ ခုနှစ် မတ်လမှာ အားလုံးကုန်ပြီ။ ရပ်နားထားတဲ့ သုံးလထပ်တိုးတော့ ဒီနှစ်စက်တင် ဘာမှာ အားလုံးသက်တမ်းကုန်ပြီလေ။ ဖားကန့်က မိုးကုတ်လိုဖြစ်သွားပါပြီ။ ဒီအတိုင်း သွားရင် လက်လှမ်းမီတဲ့ ကျောက်စိမ်းကြော က ကုန်မှာပါ။ အခုတောင် လုံးခင်းဘက် အထက်ပိုင်းလောက်ပဲ ကျန်တော့တယ်။ ရှရော်ခတို့၊ ဗလခတို့ ၊ မော်မောင်းလျန်၊ မယ့်လင်ချောင်၊ ကရင်ချောင်၊ မှော်ဆီစာတို့ဆိုရင် မကျန်တော့ဘူး။ ဆိပ်မူအုပ်စုဘက်ခြမ်းဆို ရင် ကျောက်ကြောကောင်းတာ မကျန်တော့ ဘူး။ အခုခိုးတာက ကြောကောင်းတွေချည်း ပဲ။ ဒီအချိန်တော့ ဘယ်သူမှ မစိစစ်နိုင်တော့ဘူးလေ။ ခိုးကျင်းဆိုပေမဲ့ ဘက်ဟိုး ငါးစီး လောက်ပါမှ လုပ်ငန်းတွင်တာလေ။ စက်ပစ္စည်းတွေကတော့ ကုမ္ပဏီတွေကပဲ ရတာပေါ့”ဟု ပြောကြားသည်။

လက်ရှိအချိန်မှာ တူးဖော်ရေးလုပ် ငန်းများ၊ အသစ်ရေးဆွဲထားသည့် ကျောက် မျက်ဥပဒေ အကောင်အထည်ဖော်ဆောင် ရေးများ၊ လုပ်ကွက်သစ်ဖော်ဆောင်ရေး ကိစ္စ ရပ်များ ၊ ဥရုချောင်း ရှင်းလင်းရေးကိစ္စရပ်များ ရပ်နားထားသည်။ ရွှေ့ပြောင်းလုပ်သား သုံး သိန်းဝန်းကျင်တွင် နှစ်သိန်းဝန်းကျင်မှာ ကျောက်ရှာဖွေသည့်လုပ်ငန်းဖြင့် အသက် မွေးနေကြရခြင်းဖြစ်သည်။  ၂၀၂၀ ပြည့်နှစ် ဖားကန်တွင် ကိုးဗစ်ကူးစက်ခံရမှု မြင့်မားခဲ့ပြီး ကချင်ပြည်နယ်အတွင်း လူပေါင်းတစ်ထောင် အနက် လူပေါင်း ၇၀၀ နီးပါးမှာ ဖားကန့် ဒေသမှ ဖြစ်သည်။

လက်ရှိတွင်လည်း ရွှေ့ပြောင်းလုပ်သား အများစုမှာ စားသောက်ကုန်စျေးနှုန်းကြီးမြင့် မှုနှင့် ကျောက်စျေးကွက် ပျောက်မှုတို့ကြောင့်  ကျပ်တည်းနေကြရသည်။

ရေးမဆေး ကျောက်ရှာသူ ကိုရန်နိုင်ဦး က “ခက်ခဲတာတော့ ဘယ်လိုပြောရမှန်း မသိ ဘူး။ မိုးကြီးနေရင် မရှာရဲဘူး။ အခု ၁၀ ပေ ပတ်လည်ကို လက်နက်ကိုင်အဖွဲ့ကို ငွေပေး ပြီး တူးနေတာ။ ဒါတောင် ကိုယ်ကြိုက်တဲ့ နေ ရာမရပါဘူး။ ထမင်းစား ကျောက်ကို မနည်း ရှာရတယ်။ အလုံးကောင်းလေး ရပြန်တော့ လည်း ပွင့်လင်းမှ ထုတ်ဖို့ ရည်ရွယ်ထားတယ်။ ရေမဆေးရှာတဲ့သူ တစ်ဝက်လောက်က အကြွေးသမားချည်းပဲ။ တချို့လည်း ဖြစ်သလို ကြိတ်မှိတ်ရှာစားကြရတာ။ အန္တရာယ်ကြီးရင်လည်း ကျောက်ရှာမှ ထမင်းဖိုး၊ ဟင်းဖိုး လေး ရကြတာ။ ရတဲ့ကြောကျတော့လည်း  ကျွန်တော်တို့ တူးခွင့်မရှိဘူးလေ”ဟု ဆို သည်။

ဖားကန့်ဒေသကို ကွင်းဆင်း လေ့လာ နေသည့် တက္ကသိုလ် ဘူမိဗေဒဆရာတစ်ဦး က ဒီအတိုင်း ဆက်မသွားသင့်တော့ဘူးဟု ဆိုသည်။ လွန်ခဲ့သော မိုးရာသီ ရေတွေကြီး တာလည်း ဒီလိုဖြစ်စဉ်မျိုးတွေက အဓိက အစိတ်အပိုင်းတွေက ပါဝင်ကြောင်းလည်း သုံးသပ်သည်။

“ဒီအတိုင်း ထွက်တဲ့နေရာတိုင်း အား လုံးတစ်ပြိုင်နက် မတူးသင့်ဘူး။ မတူးရဘူး မဟုတ်ဘူး။ အပုံတစ်ပုံတစ်ပုံတူးပြီး ဖြည်း ဖြည်းချင်းပဲ တူးသင့်ပါပြီ။ အားလုံး တစ် ပြိုင်နက်တူးတယ်။ ထွက်တဲ့ စွန့်ပစ်မြေစာ အများစုက ဥရုမြစ်ကနေ ချင်းတွင်း၊ ချင်းတွင်းကနေ ဧရာဝတီရောက်တာပဲ။ ကလေးမြို့တွေ ရွှံ့နွံဖုံးတာတွေကိုကြည့်ရင် သိနိုင်တာပဲ။ လွန်ခဲ့တဲ့နှစ်တွေက ရေကြီးတာတွေ၊ တောင်ပြိုခဲ့တာတွေကိုလည်း သင်ခန်းစာ ယူသင့်ပါပြီ။ ကျွန်တော်တို့အားလုံးဟာ သယံဇာတ ကျိန်စာသင့်တဲ့အထဲ ပါနေပါပြီ”ဟု ဆိုသည်။

ဖားကန့်တွင် မိုးရာသီက ရေကြီးတောင် ပြိုခြင်းတွေ အဆက်မပြတ်ဖြစ်ခဲ့သည်။ တစ် နိုင်ငံလုံး ၀ိုင်းကူကြရသည်။  တချို့နှစ်များတွင် နိုင်ငံခြားအကူအညီတွေလည်း ယူခဲ့ရသည်။

မဖြတ်နိုင်သေးသည့် သယံဇာတကျိန်စာ

ဦးသိန်းစိန် အစိုးရလက်ထက် သတ္တု တွင်း ဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိက ကုမ္ပဏီ ၈၀၈ ခု၊ တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူ ကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက် ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်  Global Witness အစီရင်ခံစာတွင်မူ တရုတ်နိုင်ငံကို ဒေါ်လာ သန်းပေါင်း ၃၁ ဘီလျံအထက် တင် ပို့ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ တရားဝင် ဝယ် စာရင်းကိုသာ တွက်ချက်ထားကြောင်း ဖော် ပြခဲ့သည်။ ယင်းဖော်ထုတ်ချက်အရ ဖားကန့် ကျောက်စိမ်း ၉၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ သို့ တရားမဝင် တင်ပို့ခဲ့ကြောင်း၊ ကျောက် စိမ်းလုပ်ကွက်အတွင်း ဝေစုများခွဲဝေနေသူ များနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများကို လည်း ဖော်ထုတ်ခဲ့သည်။

NLD အစိုးရလက်ထက်တွင်မူ လုပ်ကွက်ကြီးစုပေါင်းကာ စပ်တူလုပ်ငန်းများကို ပိတ်ပင်ပြီး ငါးဧကလုပ်ကွက်နှင့် တစ်ဧက လုပ်ကွက်သာ ထားရှိရန် ပြင်ဆင်ခဲ့သည်။ တစ်ဧကလုပ်ကွက် ၃၀၀ ကျော်ကို အိတ်ပိတ် တင်ဒါစနစ်ဖြင့် ရောင်းချရာတွင် လုပ်ကွက် ၁၀၀ ကျော် ရောင်းချထားရသည်။ လူအင် အား၊ စက်အင်အားအနည်းငယ်ဖြင့် တူးဖော်စေလိုပြီး နောက်လာနောက်သားများအတွက် ကျန်ရှိစေရန် ရည်ရွယ်၍ လုပ်ကွက်ကြီး များကို ပိတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သူ (ထိုစဉ်က) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချို (ခ) ဦးခင်မောင်မြင့်က ဆိုသည်။

ဝှေခါမှော် မြေပြိုသေဆုံးမှုနောက်ပိုင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီခြောက်ခုဖွဲ့ကာ အပတ်စဉ် ကင်းလှည့် ဆောင်ရွက်ပြီး အစိုးရအဖွဲ့ကို အစီရင်ခံရန် ဖြစ်သည်။ ယခုအချိန်တွင် ဖားကန့်နှင့် ပတ် သက်၍ စီမံခဲ့သည့် လုပ်ငန်းအားလုံးမှာ လုံခြုံ ရေးအခြေအနေကြောင့် သဲထဲရေသွန်သကဲ့သို့ ဖြစ်နေသည်။

ဖားကန့်သင်ခါ လူမှုကူညီရေးအသင်း ဝင်တစ်ဦးက “ဦးသိန်းစိန် အစိုးရမှာလည်း ဖားကန့်ကို စနစ်တကျ မကိုင်တွယ်ခဲ့ဘူး။ လိုင်စင်မဲ့ ယာဉ်ယန္တရားတွေ အဓမ္မသွင်းလာတယ်။ ကြိုက်သလောက် တူးတယ်။ မထိန်း ဘူး။ NLD ကလည်း စနစ်ကျဖို့ ကိုင်တွယ် တယ်။ မနိုင်ဘူး။ ဥပဒေကို အချိန်မီအကောင် အထည်မဖော်နိုင်ဘူး။ အခုနိုင်ငံရေးအ ပြောင်းအလဲမှာ အားလုံး စည်းလွတ်ဝါးလွတ် ဖြစ်နေပြီ။ ဒီအတိုင်းလွှတ်ထားရင် လွှတ်တဲ့ အတိုင်း ဆိုးသွားမှာပဲ။ အန္တရာယ်ဖြစ်နိုင် ခြေကို မလျှော့ချနိုင်ရင် ဘေးကြောင့် သေဆုံးတာတွေက ရှိနေဦးမှာလို့မြင်တယ်။ နောက်ဆုံးကတော့ အသက်ဉာဏ်စောင့်ပါ။ လူမသေရင် ကုသိုလ်၊ ဥစ္စာ အချိန်မရွေး ရှာ နိုင်ပါတယ်”ဟု ဆိုသည်။

ကမ္ဘာပေါ်တွင် တစ်နေရာတည်းထွက် သည့် ကျောက်စိမ်းက မြန်မာနိုင်ငံမှာသာ ရှိသည် ။ မငြိမ်းချမ်းမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်း သောကြောင့်  အဆိုးကျော့ သံသရာကို ပိုမို လည်ပတ်စေသည် ။ အခြေအနေအရ ဖား ကန့်ဒေသတွင် လူများ ဥပေစ္ဆဒကကံဖြင့် သေကြလိမ့်ဦးမည်။ ကျွန်တော်တို့အားလုံး လည်း ဝမ်းနည်းခြင်းတရားတွေ တစ်ပွေ့တစ် ပိုက် ကြုံကြရဦးမည်။ အခုထိတော့ ကျိန်စာ ကွင်းဆက်ဖြစ်ရန် လူတိုင်းလိုလားသော် လည်း မည်သူမျှ၊ မည်သည့်အဖွဲ့အစည်းမျှ မဖြတ်နိုင်ကြသေးသည်မှာ ဝမ်းနည်းစရာ ကောင်းနေဆဲဖြစ်သည်။ ခေတ်အဆက်ဆက် တန်ဖိုးကြီးကျောက်စိမ်းများ ဝဲဂယက်ထဲ အလဟဿ ပျောက်ဆုံးနေသည်မှာ နိုင်ငံ တော်အတွက် ဝမ်းနည်းကြေကွဲဖွယ်သာ ဖြစ် သည်။