ကလေးမြို့က အောက်ဆီဂျင်သောက

ကလေးမြို့က အောက်ဆီဂျင်သောက
Stay at Home သတ်မှတ်ထားသည့် ကလေးမြို့တွင် အောက်ဆီဂျင်အိုးများ လာရောက်ဖြည့်တင်းနေသည်ကို တွေ့ရစဉ်
Stay at Home သတ်မှတ်ထားသည့် ကလေးမြို့တွင် အောက်ဆီဂျင်အိုးများ လာရောက်ဖြည့်တင်းနေသည်ကို တွေ့ရစဉ်
Published 4 July 2021
ကိုဆူး ( ချင်းတောင်ခြေ )

“ကျွန်မကို အရင်ဆုံးပေးပါလား။ လူနာက အောက်ဆီဂျင်ပြတ်နေတာ နှစ်နာရီကျော်နေလို့ပါ။ တန်းစီနေရင် ကျွန်မလူနာက…”။

ပြောရင်း အသံတိမ်ဝင်သွားတဲ့ အသက်အရွယ် ခပ်လတ်လတ် အမျိုးသမီးကြီးကို သူငေးမောရင်း “ဟုတ်ပါတယ်ဗျာ။ အစ်မကြီးကိုတန်းမစီဘဲ ဖြည့်ခိုင်းပေးလိုက်ပါဗျာ” လို့ သူဝင်ပြောလိုက်တယ်။ အခုအချိန်မှာ လူတိုင်းလူတိုင်းအတွက် အောက်ဆီဂျင်ဟာ အချိန်နဲ့အမျှ အရေးကြီးနေတဲ့ အချိန်တစ်ခုပေါ့။ အောက်ဆီဂျင်ပေးနေတဲ့ ပရဟိတအသင်းအဖွဲ့တစ်ခုရှေ့မှာ အောက်ဆီဂျင်အိုးသေးသေး၊ ငယ်ငယ်၊ ခပ်ရွယ်ရွယ်ဆိုက်တွေနဲ့ တန်းစီနေကြတာက ကလေးမြို့မှာနေရာ တော်တော်များများမှာပါ။  ကလေးမြို့ရဲ့ လမ်းပေါ်မှာ ဆိုင်ကယ်တိုင်းလိုလို၊ ဆိုက်တွဲတိုင်းလိုလိုမှာ အောက်ဆီဂျင်အိုးလေးတွေနဲ့ ပြေးလွှားနေကြတာ ဇွန်လဆန်းလောက်ကတည်းက ဆိုပါတော့။ ကိုဗစ်ရောဂါရဲ့ ပထမလှိုင်းကတည်း ကလေးမြို့က ပထမဆုံး လှုပ်လှုပ်ရှားရှားရှိခဲ့တာပါ။ ခုတစ်ကြိမ် တစ်ကျော့ပြန်လာတော့လည်း Stay at Home ကို အစောဆုံး ကြေညာတဲ့မြို့တစ်မြို့ ဖြစ်လာပါတယ်။

အခုလပိုင်းအတွင်းမှာ သေဆုံးမှုဟာ ရာဂဏန်းလောက်အထိ ရှိလာတယ်လို့ သိရပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေချည်းပဲ သေဆုံးမှုဟာ ၂၇၀ ကျော်လောက်ရှိတယ်လို့သိရပြီး တခြားဘာသာဝင်တွေကလည်း သေဆုံးမှုများပြားခဲ့တယ်လို့ သိရတယ်။  ကလေးမြို့နယ်တစ်ခုလုံးရဲ့ သေဆုံးမှုဟာ ဘယ်လောက်ရှိတယ်ဆိုတာကတော့ စာရင်းဇယားနဲ့တကွ အတည်ပြုလို့မရသေးပါဘူး။ ကျေးရွာတွေဘက်မှာလည်း သေဆုံးမှုတွေရှိနေတာ သိရသလို ကိုယ့်မျက်စိရှေ့မှောက် ကိုယ်နဲ့ခင်မင်ရတဲ့သူတွေ သေဆုံးနေတာကလည်း ကိုယ်တွေ့ပါပဲ။ ကိုဗစ်ကြောင့် သေဆုံးတာ ဘယ်လောက်၊ ရာသီတုပ်ကွေးကြောင့် သေဆုံးတာဘယ်လောက်၊ တခြားရောဂါတွေနဲ့သေဆုံးခဲ့တာ ဘယ်လောက်ဆိုတာကတော့ တိကျတဲ့စာရင်းဇယား မရှိသေးပါဘူး။

ကလေးမြို့ရဲ့ အနေအထားက တောင်တွေပတ်ချာလည်ဝိုင်းထားတဲ့ မြေပြန့်လွင်ပြင်ဖြစ်လို့ မိုးရာသီဆိုရင် လေထုထဲမှာ ရေငွေ့ပါဝင်နှုန်းက များပြားလွန်းလို့ မိုးရာသီဆိုရင် သာမန်လူတွေတောင် အသက်ရှူက  မဝချင်သလို၊ အိုက်ပြုတ်ပြီး ဒယ်အိုးကြီးတစ်ခုထဲ ထည့်ပြုတ်ခံထားရသလို ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် မိုးရာသီမှာဆိုရင် ဟိုးယခင်နှစ်တွေကတည်းက ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးက နှစ်စဉ်ဖြစ်နေကြပါ။ အခုလို COVID-19 ရောဂါဖြစ်ပွားတဲ့အချိန်မှာတော့ ယခင်ဖြစ်နေတဲ့ ရာသီတုပ်ကွေးနဲ့ စုပေါင်းပြီး လူတွေကို ခြိမ်းခြောက်လာတော့တာပါပဲ။ ခါတိုင်းနှစ်တွေလည်း ရာသီတုပ်ကွေးအတွက် ကြိုတင်ကာကွယ်မှုတွေရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ရာသီတုပ်ကွေး ကာကွယ်မှုတွေ လုပ်ပေးတာကို သိပ်မတွေ့ရပါဘူး။ ဒါကလည်း ကျန်းမာရေးဝန်ထမ်းတွေ နည်းပါးမှုကြောင့် ထင်ပါတယ်။ ဒီကြားထဲ ကိုဗစ်ရောဂါကပါ ထပ်ပြီးနှိပ်စက်လိုက်တော့ ဘူးလေးရာ ဖရုံဆင့်ဆိုသလိုပေါ့။ ကလေးမြို့သူမြို့သားတွေရဲ့ ကျန်းမာရေးက ပိုမိုစိုးရိမ်စရာရယ်လို့ ဖြစ်လာပါတယ်။

ဒီနှစ်မှာ နေမကောင်းဖြစ်တဲ့သူတိုင်းက အဖျားပျောက်ကင်းသွားသည့်တိုင်အောင် အားနည်းနေတတ်ပါတယ်။ ကိုယ်ခန္ဓာထဲကအားတွေ စုပ်ယူသွားသလို ဖြစ်ခဲ့ပါတယ်။ ရာသီတုပ်ကွေးအဖြစ်ဖျားခဲ့ပြီး ဆေးတွေသောက်ကာ ပျောက်ခဲ့ပေမဲ့ အားနည်းနုံးချည့်နေမှုကို နောက်ထပ်တစ်ပတ်လောက် ဆက်ခံကြရပါတယ်။ ခုလို ရာသီမှာ နေမကောင်းတဲ့သူအများစုက ဘာရောဂါပဲဖြစ်ဖြစ် အားနည်းပြီး မောလာတော့ အောက်ဆီဂျင် လိုအပ်တဲ့သူ ပေါများလာတယ်။  COVID-19 ရောဂါကလည်း အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်ပြီး အသက်ရှူကျပ်တာတွေ ဖြစ်လာကြတော့ နေမကောင်းတဲ့သူအများစုဟာ  စစ်ဆေးမကြည့်ရင် COVID-19 ရောဂါလို့ ယူဆရမလိုပဲ။ တတ်ကျွမ်းနားလည်သူ တချို့ပြောပြကြတာက ဖျားတာသုံးရက်ကျော်လာတယ်ဆိုရင် COVID-19 ရောဂါဖြစ်ဖို့ ရာခိုင်နှုန်းတော်တော်များတယ်လို့ ပြောကြပါတယ်။ ဘာရောဂါကြောင့်ပဲ နေမကောင်းဖြစ်ဖြစ် အခုအချိန်မှာ အောက်ဆီဂျင်ဘူးဟာ မရှိမဖြစ် အလိုအပ်ဆုံးပစ္စည်း ဖြစ်လာပါတယ် ။

“အမေက အောက်ဆီဂျင် နှစ်ပိုက်တပ်ပေးရတယ်။ ဒါ့ကြောင့် အောက်ဆီဂျင်တအားလိုတယ်။ ဆေးရုံတက်တက်ချင်းတုန်းက အောက်စီဂျင် Level 30 လောက်ကနေ အခုဆိုရင်တော့ Level 50 ကျော်အထိ ရောက်လာပြီ။ ပထမတုန်းက အောက်ဆီဂျင်ကို လူနှစ်ယောက် သုံးယောက်ရှာရတယ်။ တစ်ရက်ကို အောက်ဆီဂျင်တွေ တအားလိုတယ်။ သူ့ကို အလျင်မီအောင် ရှာပေးရတယ်။ ညဘက်တွေမှာ လုံလောက်အောင် ရှာပေးထားရတယ်” လို့ ဆေးရုံကြီးမှာတက်နေတဲ့ လူနာရှင်တစ် ဦးက ပြောပါတယ် ။

ကိုဗစ်ဖြစ်နေတဲ့ လူနာတစ်ဦးအနေနဲ့ တစ်ရက်ကို အောက်ဆီဂျင် ၄၀ လီတာဘူးကြီးနှစ်ဘူးအထိ ကုန်တဲ့သူတွေအထိ ရှိတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာကို တိုက်ခိုက်တဲ့ရောဂါဖြစ်တဲ့အပြင် ရာသီဥတုနဲ့  ပထဝီအနေအထားအရ ကလေးမြို့ဟာ မိုးရာသီမှာဆိုရင် အသက်ရှူမွန်းကျပ်လွန်းလှပါတယ်။ အပူအအေး အပြောင်းအလဲ မြန်ဆန်ပြီး လူတွေသတိမထားမိတဲ့ ချွေးအအေးပတ်တာကနေစပြီး နေမကောင်းထိုင်မသာ ဖြစ်ကြတာများတယ်။ COVID-19 ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ ဆေးဝယ်ယူရတာကလည်း ခက်ခဲလှပါတယ်။ ဆေးဆိုင်တွေဟာ အမြတ်အစွန်းထက်လူနာတွေရဲ့ အကျိုးကိုကြည့်ပြီး ရောင်းချပေးကြပေမဲ့ သူတို့ဆေးဆိုင်တွေက အရောင်းဝန်ထမ်းတွေ COVID-19 ပေါ့စတစ်ထိသွားတဲ့ အချိန်မှာတော့ အရောင်းအဝယ်ကို အပြည့်အဝမလုပ် နိုင်ကြတော့ပါဘူး ။

“ဆိုင်ဝန်ထမ်းတွေ COVID-19 ပေါ့စတစ်ဖြစ်တာရော၊ ရာသီတုပ်ကွေးဖျားကြတာရော၊ ပင်ပန်းဖျားကြတာရောဆိုတော့ ဆိုင်ရောင်းဝယ်မှုကို အပြည့်အဝလုပ်ပေးနိုင်တော့ပါဘူး။ ဒီအချိန်ဒီကာလမှာ နာမကျန်းဖြစ်တဲ့သူ များပြားလာတော့ ဝယ်သူနဲ့ရောင်းသူ အင်အားမမျှမတတွေ ဖြစ်လာတာပေါ့။ ဒါ့ကြောင့် ဆေးဆိုင်ဘက်ကိုလည်း နားလည်ပေးစေချင်ပါတယ်” လို့ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။

ကျန်းမာရေးမကောင်းတဲ့ မိသားစုတွေကလည်း မနက်မိုးလင်းတာနဲ့ ကိုယ်ဝယ်ရမယ့်ဆေးကို တစ်ဆိုင်ပြီးတစ်ဆိုင် ရအောင်လိုက်ဝယ်တဲ့ လူတစ်ဦးလိုအပ်ပါတယ်။ မိသားစုတစ်စုမှာ မကျန်းမာတဲ့သူ ရှိနေပြီဆိုရင် အောက်ဆီဂျင်ရအောင် တန်းစီသူတစ်ဦး၊ လိုအပ်တဲ့ ဆေးဝယ်သူတစ်ဦး၊ အခြားစားသောက်ဖို့အတွက် ဝယ်ယူသူတစ်ဦး လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် မလွယ်ကူပါဘူး။ ကလေးမြို့ပေါ်က ဆိုင်အများစုဟာလည်း မနက်မိုးလင်းကနေ မွန်းလွဲ ၁ နာရီ၊ ၂ နာရီအထိသာ ဖွင့်လှစ်ရောင်းချကြတာဖြစ်ပြီး ဆိုင်အများစုက ပိတ်ထားကြတာများပါတယ်။ အခုလိုအချိန်အခါမှာ မနက်စာဝယ်စားဖို့အတွက် ဆိုင်တောင်မှ တော်တော်ရှာယူရပါတယ်။ စျေးထဲမှာလည်း စျေးထွက်တဲ့ဆိုင်တွေက တဖြည်းဖြည်း လျော့ပါးလာပါတယ်။

COVID-19 ရောဂါကို တတိယအကျော့အဖြစ် တမူးမြို့မှာ စတင်ပြီးများလာသလို  ချင်းတောင်ပေါ်က ကျီခါးမြို့နဲ့ တွန်းဇံမြို့တွေမှာ စတင်များပြားလာတာပါ ။ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံအတွင်းက မြို့တွေဖြစ်တော့ အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါများလာတာနဲ့အမျှ ဒီဘက်ကို ကူးစက်လာတာဖြစ်နိုင်သလို မိုးဦးကျရာသီ ရာသီတုပ်ကွေးရောဂါနဲ့ အပြိုင် ဖြစ်လာတော့ တမူးမြို့၊ ကလေးမြို့၊ ကလေးဝမြို့နဲ့ ချင်းပြည်နယ်အတွင်းက ကျီခါးမြို့၊ တွန်းဇံမြို့၊ တီးတိန်မြို့၊ ဖလမ်းမြို့၊ ရိခေါရ်ဒါမြို့၊ ထန်တလန်မြို့တွေမှာ COVID-19 ရောဂါကို ပိုမိုခံစားလာကြရပါတယ်။ မြို့အားလုံးမှာလည်း အောက်ဆီဂျင်  လိုအပ်ချက်က မြင့်တက်လာပါတယ်။

လက်ရှိ ကလေးမြို့ရဲ့ အခြေအနေကို ကိုဗစ်ကော်မတီက တာဝန်ရှိသူတစ်ဦးကိုမေးကြည့်တော့ “အခုဆို COVID-19 လူနာတွေထားတဲ့ အိတ်စွပ်စင်တာမှာဆိုရင် လူနာ ၃၀၀ ကျော်သွားပြီ။ အိတ်စွပ်မှာတော့ ပေါ့စတစ်နဲ့ ဆက်စပ်တဲ့သူတွေကို စစ်ပေးပါတယ်။ အနံ့ပျောက်တဲ့သူတွေကို စစ်ဆေးပေးတယ်။ တကယ်ပဲ နာမကျန်းဖြစ်လို့ ဆေးရုံဆေးခန်းတွေက ကိုဗစ်စစ်လိုက်ပါဆိုတဲ့သူတွေကို အဓိကထားပြီး စစ်ပေးတယ်။ ပေါ့စတစ်ဖြစ်သွားပြီဆိုရင် အိတ်စွပ်မှာ ၁၀ ရက်နေပြီး ၁၁ ရက်နေ့မြောက်မှာ ဆင်းပေးတယ်။ အဲဒီမှာတော့ အလှူရှင်တွေ လှူဒါန်းတဲ့ဆေးဝါးနဲ့ ဆေးရုံကြီးဘက်ကရတဲ့ဆေးဝါးလေးတွေကို ပေးပါတယ်။ အခြေခံကျတဲ့ ဆေးဝါးတွေကို ကျန်းမာရေးဌာနနဲ့ ပူးပေါင်းလုပ်ပေးတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ကတော့ ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီးက ဆရာမကြီးတစ်ယောက်နဲ့ ဆရာမတစ်ယောက် နှစ်ယောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးတယ်။ အောက်ဆီဂျင် လိုအပ်ချက်ကိုတော့ ဗော်လန်တီယာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အောက်ဆီဂျင် လိုအပ်ချက်ကို လုပ်ပေးထားပါတယ်။ ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီးမှာလည်း ကုပေးတာရှိပါတယ်။ ပြည်သူ့ဆေးရုံက ဆရာဝန်တွေနဲ့ ဝယ်စလီဆေးရုံက ဆရာဝန်နဲ့ သူနာပြုဆရာမကြီး၊ အကူဆရာမတွေနဲ့ ပူးပေါင်းပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်။ ကော်မတီအနေနဲ့ကတော့ လူနာတွေဆုံးပါးသွားတယ်ဆိုရင် ပရဟိတအသင်း ၂၀ ဝန်းကျင်နဲ့ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ရက်သတ္တတစ်ပတ်မှာ သုံးကြိမ်မတ်စ်ကမ်ပိန်း၊ COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေး အသိပညာပေးလုပ်ငန်းတွေကို ပရဟိတအဖွဲ့တွေ၊ ပြန်ဆက်ဦးစီးဌာန၊ အားကာဦးစီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ သေဆုံးမှုကတော့ အိတ်စွပ်စင်တာနဲ့ ဆေးရုံမှာ သေဆုံးတာကတော့ အယောက် ၄၀ ကျော်ရှိပြီး ရပ်ကွက်ထဲမှာပဲ သေဆုံးသွားတဲ့သူတွေ စာရင်းတွေကို မရနိုင်ပါဘူး” လို့ ပြောပြပါတယ် ။

“ကျွန်တော်တို့ဆို အောက်ဆီဂျင်ဖိုးချည်းပဲ ၁၀ သိန်းကျော်ပြီ။ အဲဒါဖြည့်တာနော်။ အောက်ဆီဂျင်ဘူးတွေ မဝယ်ဘူး။ တစ်ခါပေးတယ်ဆို ရင် အောက်ဆီဂျင်ဘူး နှစ်လုံးပြိုင်ပေးရတယ်” လို့ ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာရှင်က ပြောပါတယ်။

အောက်ဆီဂျင်ဘူးဖြည့်ခကလည်း ၁၀ လီတာဘူး တစ်ဘူးဖြည့်ခကို တချို့က ၅၀၀၀ ကျပ်ပေးရပြီး တချို့နေရာတွေက ၄၀၀၀ ကျပ်ပေးရပါတယ်။ ၁၅ လီတာ ဘူးဖြည့်ခဆိုရင် တချို့နေရာတွေက ၇၀၀၀ ကျပ် ပေးရပြီး တချို့နေရာတွေက ၅၀၀၀ ကျပ်ပေးရပါတယ်။

မနက်မိုးလင်းရင် ဆိုင်ကယ်တွေ၊ ဆိုက်တွဲတွေနဲ့ အောက်ဆီဂျင်ဖြည့်ဖို့အတွက် လိုက်ရှာနေကြတဲ့သူတွေ အများကြီးပဲ။ ကျွန်တော်တို့ဆိုရင် အောက်ဆီဂျင် မဖြည့်နိုင်တော့လို့ အောက်ဆီဂျင် ၄၀ လီတာဘူးတွေ ဝယ်ရတယ်။ ၄၀ လီတာတစ်ဘူးကို နှစ်သိန်းနှစ်သောင်းကနေ တစ်သိန်းခုနှစ်သောင်းခွဲ၊ တစ်သိန်းခြောက်သောင်းခွဲ စသဖြင့်ပေးရတယ်။ အဲဒီအချိန်မှာ စျေးများတယ် နည်းတယ်  ငွေဆိုတာထက် အောက်ဆီဂျင်ရဖို့က အဓိကမဟုတ်လား” လို့ ကလေးမြို့ခံတစ်ဦးက ပြောပြပါတယ် ။

အောက်ဆီဂျင် ရှာရတာခက်လွန်းလို့ အောက်ဆီဂျင်ရှာတဲ့သူ အချင်းချင်း ပြောမိကြတယ်။ “လူနာက သေမှာမဟုတ် ငါတို့သာ နေပူစပ်ခါး၊ မိုးရွာလည်း လျှောက်သွားနေပြီး မြန်မြန်သေမယ်ထင်တယ်” လို့ ပြောမိကြတဲ့အထိ ဖြစ်ကုန်ရော။ အောက်ဆီဂျင်ရအောင် ရှာတဲ့နေရာမှာ ယောကျ်ားလေးတွေချည်း မဟုတ်ဘူး။ မိန်းကလေး၊ မိန်းမကြီး၊ ယောကျ်ားလေး၊ ကျား၊ မ အရွယ်စုံပါပဲ။ အောက်ဆီဂျင်လိုအပ်ချက်များတဲ့ လူနာတွေရဲ့ လူနာစောင့်တွေကတော့ အောက်ဆီဂျင်ရှာဖို့အတွက် အတော်ပင်ပန်းကြပါတယ်။ ဒီကြားထဲ အောက်ဆီဂျင်ဘူးထဲ လေပေါင်မပြည့်ဘဲပါလာခဲ့ရင် ညဉ့်နက်မှ အောက်ဆီဂျင်တွေပြတ်ပြီး ဒုက္ခရောက်တဲ့သူတွေလည်း အများကြီးရှိတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ အောက်ဆီဂျင်ဖြည့်ပေးတဲ့ နေရာတွေများလာတော့ တော်တော်လေး အဆင်ပြေလာကြပါတယ်။

အောက်ဆီဂျင်ကို မုံရွာ၊ မန္တလေး ၊ ရန်ကုန်မြို့တွေကနေ မှာယူရတာဆိုတော့ အဲဒီမြို့ကြီးတွေမှာ အဖြစ်များလာခဲ့ရင် ကလေးမြို့ကို အောက်ဆီဂျင်ဘူးတွေ မရမှာကိုလည်း စိုးရိမ်မှုတွေရှိပါတယ်။ ဒါပေမဲ့ ကလေးမြို့ ပြည်သူလူထုက အောက်ဆီဂျင်စက်ဝယ်ဖို့အတွက် စုထားတဲ့ငွေတွေနဲ့ အောက်ဆီဂျင် စက်တစ်လုံးကို ဝယ်ယူပြီးပါပြီ။ ရက်သတ္တတစ်ပတ် (ခုနစ်ရက်) အတွင်း အပြီးတပ်ဆင်မယ်လို့ သိရပါတယ်။ ဝယ်စလီဆေးရုံမှာလည်း အလားတူစက်ကြီးတစ်ခု တပ်ဆင်နေပါတယ်။ နောက်ထပ် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးကလည်း စက်ကြီးတစ်ခုတပ်ဆင်ဖို့ ဝယ်ပြီးသွားပြီလို့ သိရပါတယ်။ ပြည်သူ့ဆေးရုံကြီးအတွင်းမှာလည်း အစိုးရဘတ်ဂျက်နဲ့ချပေးထားတဲ့ အောက်ဆီဂျင်စက်ရောက် ရှိပြီး ထားဖို့နေရာ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။ အောက်ဆီဂျင်စက်တွေက ကလေးမြို့ရဲ့ အောက်ဆီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

“အောက်ဆီဂျင်ဆိုတာ ဟိုတုန်းကတော့ ဆေးရုံတစ်ရုံမှာ Ward တစ်ခုမှာ လူအနည်းငယ်လောက်ပဲ လိုတာကိုး။ ဆေးရုံတစ်ခုလုံးရဲ့ လိုအပ်ချက်ဆိုတာကလည်း သိပ်မှမများတာ။ အခုလို ရာသီဆိုရင်တော့ ကလေးမြို့က လူနာများနေကျ။ ဒါကိုပဲ ကိုဗစ်ကထပ်ဖြစ်လိုက်တော့ အောက်ဆီဂျင်လိုအပ်ချက်တွေ မြင့်တက်ကုန်တာပေါ့ဗျာ” လို့ ကလေးမြို့ခံတစ်ဦးက ပြောကြားခဲ့ပါတယ်။ 

COVID-19 ရောဂါ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရောဂါလက္ခဏာအလိုက် အုပ်စုခွဲကာ ကုသနိုင်ဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အနံ့မရသူ၊ ရောဂါလက္ခဏာ မရှိသူများကို COVID-19 ကုသရေးဌာန (အိတ်စွပ်) စင်တာ၊ ရောဂါလက္ခဏာ မပြင်းထန်သူ၊ အောက်ဆီဂျင် လိုအပ်သူများကို COVID-19 ကုသရေးဌာန (တိုင်းရင်းဆေးရုံ) နဲ့ ရောဂါလက္ခဏာပြင်းထန်သူ၊ အောက်ဆီဂျင်လိုအပ်သူများကို ပြည်သူ့ဆေးရုံကြီး-ကလေးမြို့မှာ ကုသပေးမယ်လို့ သိရပါတယ် ။

ပုဂ္ဂလိကစင်တာတွေဖွင့်ပြီး ကုသပေးနေတာတွေလည်း ရှိလာပါတယ်။ COVID-19 ရောဂါ ဖြစ်ခဲ့ရင် ငွေရော၊ လူရော၊ အချိန်ရော၊ ကျန်းမာရေးတွေပါ အတော်ဆုံးရှုံးရပါတယ်။ ကလေးမြို့မှာတော့ မနက်မိုးလင်းတာနဲ့ သေဆုံးလူနာသယ်ယူတဲ့ ကားတွေရဲ့ပီးပေါ်ပီးပေါ်အသံက နံနက်ချိန်ခါ တေးတံသာတစ်ခုလို စိတ်ပျက်ဖွယ်ကြားနေရပါတယ်။ ရပ်ကွက်တိုင်းမှာ သေဆုံးလူနာအများအပြားရှိကြသလို အခုဆိုရင် ကျေးရွာဘက်တွေမှာလည်း သေဆုံးမှုတွေ ရှိလာပါတယ်။ COVID-19 ရောဂါကို ကာကွယ်၊ ကုသ၊ ထိန်းချုပ် နိုင်ဖို့ဆိုတာ ပြည်သူတွေရော၊ ပရဟိတအဖွဲ့တွေ၊ ဗော်လန်တီယာတွေ၊ အစိုးရဌာနဆိုင်ရာတွေနဲ့ ကျန်းမာရေးဌာနတို့ အတူတကွပူးပေါင်းလုပ်ဆောင်မှ အဆင်ပြေမယ်လို့ ထင်မြင်မိပါတယ်။

ကျွန်တော်က အောက်ဆီဂျင်လာဖြည့်နေတာ အိမ်မှာကလူနာကဆုံးနေပြီဆိုတဲ့ စကားသံတွေလည်း မကြားချင်တော့ပါဘူး။ မနက်မိုးလင်းတာနဲ့ ဘယ်ဆိုင်မှာ ဆေးဝယ်လို့ရသလဲ။ ဘယ်ဆေးက ဘယ်မှာရှိသလဲ။ ဘယ်နေရာမှာ အောက်ဆီဂျင် ဖြည့်ပေးနေသလဲဆိုတာ။ ကိုယ်လိုအပ်တဲ့ပစ္စည်းတွေ ဘယ်မှာဝယ်လို့ ရမလဲ။ ခုမနက် ဘယ်သူသေသွားတယ်။ အသုဘပို့ပေးတဲ့ ပီးပေါ်ပီးပေါ်ဆိုတဲ့ ကားသံတွေက ကလေးမြို့ရဲ့ နံနက်ခင်းစကားနဲ့ တေးသံတွေလိုဖြစ်လာပါတယ်။

လေမှာပါဝင်တဲ့ ဓာတ်ငွေ့အချိုးအစား ရာခိုင်နှုန်းကတော့ နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ဓာတ်ငွေ့တွေက ၁ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။ လူတိုင်းလူတိုင်း အောက်ဆီဂျင် လိုအပ်ကြပါတယ်။ လျှပ်စစ်ပလပ်ထိုးတဲ့ အောက်ဆီဂျင်ရှူစက်ကလည်း ရှစ်သိန်း၊ ၁၆ သိန်း စသဖြင့်ဆိုတော့ သာမန်လူတန်းစားတွေအတွက် အလှမ်းကွာဝေးလွန်းပါတယ်။ အခုဆိုရင် အောက်စီဂျင်ဘူး၊ ၁၀ လီတာ၊ ၁၅ လီတာဘူးတွေရဲ့ စျေးကလည်း တစ်သိန်းနဲ့ တစ်သိန်း ငါးသောင်းကြားဝန်းကျင်လောက်ပါ။ ငှားပေးတဲ့ ပရဟိတအဖွဲ့တွေရှိပေမဲ့လည်း ငှားမယ့်သူများတော့ မလုံလောက်။

အောက်ဆီဂျင် တကယ်လိုအပ်တဲ့သူတွေဆိုရင် ၄၀ လီတာဘူးကြီး ၁၀ ဘူးဝန်းကျင်လောက်အထိ ရှူကြရတယ်။ အခုအချိန်မှာ မကျန်းမာသူတွေဟာ ငွေမရှိရင် နောက်ဘဝကို လက်မှတ်မလိုဘဲ ဘဝကူးသွားရမယ့်အခြေအနေပါ။ အောက်ဆီဂျင်မရလို့ သေသွားတဲ့သူတွေလည်း ရှိပါတယ်။  COVID-19 ရောဂါခံစားနေရတဲ့သူတွေမှာပိုပြီး အောက်ဆီဂျင် လိုအပ်နေပါတယ်။  အခုလတ်တလောအချိန်မှာတော့ ကလေးမြို့၊ ကလေးဝမြို့၊ တမူးမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့၊ ရိခေါရ်ဒါမြို့၊ ကျီခါးမြို့၊ ထန်တလန် မြို့တွေ မှာ အောက်ဆီဂျင် လိုအပ်မှုက မြင့်တက်နေပါတယ် ။

လိုအပ်မှုတွေကို တစ်ဦးတစ်ယောက် ၊ တစ်စုတစ်ဖွဲ့တည်းကနေ လုပ်ဆောင်နေလို့ မရပါဘူး။ အားလုံးစုပေါင်း လုပ်ဆောင်ကြမှ အဆင်ပြေမှာပါ။ ပြည်သူတွေကလည်း COVID-19 ရောဂါနဲ့ ပတ်သက်တဲ့စည်းကမ်းတွေ လိုက်နာမှ၊ အစိုးရအာဏာပိုင်တွေကလည်း တတ်အားသရွေ့ပါဝင်ကူညီမှ၊ ပရဟိတ လူမှုရေးအသင်းတွေကလည်း ဝိုင်းဝန်းကြမှ COVID-19 ရောဂါကို ဖြတ်ကျော်နိုင်မှာပါ ။

မနက်မိုးလင်းတိုင်း အသံချဲ့စက်ကနေ ဘဝတစ်ပါးကို ကူးပြောင်းသွားတယ်ဆိုတဲ့ ကြေညာသံတွေလည်း မကြားချင်တော့ပါဘူး ။ သူ့မိသားစု၊ ကိုယ့်မိသားစု ကိုယ်တိုင် ဝိုင်းဝန်းကာကွယ်ကြမှ စုပေါင်းညီညာအောင်ကြောင်းဖြာမှာပါ ။

အောက်ဆီဂျင်စက်ကလည်း တစ်ပတ်အတွင်း လည်ပတ်နိုင်မယ်ဆိုတော့ အောက်ဆီဂျင်လိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်မယ် ထင်ပါတယ်။ အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ ဆင်းရဲချမ်းသာမရွေး ခြိမ်းခြောက်နေတဲ့ COVID-19 ရောဂါကို ဖြတ်ကျော်ဖို့အတွက် စုပေါင်းဝိုင်းဝန်းကာကွယ်တဲ့ နည်းလမ်းကလွဲရင် တခြားဘာမှမရှိဘူးလို့ ထင်မြင်မိပါကြောင်း။

Most Read

Most Recent