သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့်အမှုတွင် တရားလိုဘက်မှ သက်သေခံတင်သွင်းထားမှုကို လက်ခံခဲ့ခြင်းအပေါ် အထက်တရားရုံးအဆင့်ဆင့်သို့ တက်ရောက်မည်

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့်အမှုတွင် တရားလိုဘက်မှ သက်သေခံတင်သွင်းထားမှုကို လက်ခံခဲ့ခြင်းအပေါ် အထက်တရားရုံးအဆင့်ဆင့်သို့ တက်ရောက်မည်
သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့၏ အမှုရုံးချိိန်းအပြီးတွင် တရားလွှတ်တော်ရှေ့နေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့၏ အမှုရုံးချိိန်းအပြီးတွင် တရားလွှတ်တော်ရှေ့နေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Published 29 June 2021

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားလိုဘက်မှ သက်သေတင်သွင်းမှုကို တရားရုံးက လက်ခံခဲ့ခြင်း အပေါ် အထက်တရားရုံးသို့ တက်ရောက်မည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

ဇွန် ၂၉ ရက်က ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၅ ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများအား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

“တရားခွင်က ၁၀ နာရီမှာစပါတယ်။ ၁၀ နာရီမှာစတဲ့အခါမှာ စစချင်းမှာ တရားလို ဦးစိုးစိုးရွှေကနေပြီးတော့ ဦးဝင်းမြင့်ပါ သုံးဦး အပေါ်မှာစွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုနဲ့ပတ်သက်ပြီးတော့ အရင်အပတ်ရုံးချိန်းတုန်းက ကျွန်မတို့က သက်သေခံ တင်သွင်းတာကို တရားလိုဘက်က သက်သေခံတင်သွင်းတာကို ကန့်ကွက်တယ်ဆိုတဲ့ လျှောက်လဲချက်တွေ ပေးရတယ်။ နှစ်ဖက် လျှောက်လဲချက်ပေါ့။ တရားလိုဘက်က လည်းလျှောက်လဲချက်ပေးတယ်။ ကျွန်မတို့ ဘက်ကလည်း လျှောက်လဲချက်ပေးတယ်။ အဲဒီပေးတဲ့အပေါ်မှာဘာကို ကျွန်မတို့က ကန့်ကွက်တာလဲဆိုတော့ စာရွက်စာတမ်း နှစ်စောင်ဆိုတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၇-၂-၂၀၂၁ ရက်စွဲပါ အကြောင်းကြားစာနဲ့ ၁၃-၂-၂၀၂၁ ရက်စွဲပါ ကြေညာချက်တွေဟာ လူမှုကွန်ရက်အပေါ် မှာတင်ထားတဲ့ ကြေညာချက်တွေကို သူတို့က သက်သေခံတင်သွင်းတာပါ။ အဲဒီသက်သေခံ တင်သွင်းတာကို ကျွန်မတို့ဘက်ကနေ ကန့်ကွက်တာပေါ။ တင်သွင်းတာကို ကန့်ကွက်တယ်။ ကန့်ကွက်တဲ့ဟာကို ကန့်ကွက်တဲ့အပေါ်မှာ တရားရုံးတော်ကနေပြီးတော့မှ တရားလိုဘက်က သက်သေခံအဖြစ် တင်သွင်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၇-၂-၂၀၂၁ ရက် ရက်စွဲပါ စာကိုသက်သေခံ(က)၊ နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၁၃ ရက် ၂ လ ၂၀၂၁ ရက်စွဲပါ ကြေညာချက်အမှတ် (၆/၀၂/ ၂၀၂၁) ကိုကျတော့ သက်သေခံ (ခ) အဖြစ် ဆိုပြီးတော့မှ နှစ်စောင်လုံးကို လက်ခံတယ်။ လက်ခံတဲ့အခါကျတော့ စွပ်စွဲခံရသူတွေဘက်က ရှေ့နေတွေကနေပြီးတော့ ဒီနေ့ချမှတ်လိုက်တဲ့ သက်သေခံအဖြစ် လက်ခံခဲ့တဲ့ စာရွက်စာတမ်း၊ လက်ခံခဲ့တဲ့ ကြားဖြတ်အမိန့်ပေါ့။ ကြားဖြတ်အမိန့်အပေါ်မှာ အဆင့်မြင့် တရားရုံးကို တက်ရောက်လိုတယ်၊ ဒါကြောင့်မလို့ ရုံးချိန်းပေးဖို့ဆိုပြီးတော့ တောင်းဆိုလိုက်တာပါ” ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

ဇွန် ၂၉ ရက် ရုံးချိန်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ရုံးချိန်းမစတင်မှီတွင် မိနစ် ၂၀ ကျော် တွေ့ဆုံ၍ Instruction ရယူခဲ့ကြောင်း၊ အမှုနှင့်ပတ်သက်၍ တရားဘက်မှ သက်သေခံ တင်သွင်းထားမှုကို လက်ခဲ့ခြင်းအပေါ် အထက်တရားရုံးသို့ တက်ရောက်ရန် လျှောက်ထားခြင်းကြောင့် ရုံးချိန်း ပြန်လည် ချိန်းဆိုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက “တောင်းဆိုတဲ့အပေါ်မှာ ဥပဒေအရာရှိကတော့ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သင့်လျော်သလို တရားရုံးက အဲဒီကျွန်မတို့ ရုံးချိန်းတောင်းတဲ့အပေါ် တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ သင့်လျော်သလို ဆုံးဖြတ်သင့်တယ်ဆိုပြီးတော့ တင်ပြပါတယ်။ ကျွန်မတို့ ဘက်ကတော့ လျှောက်ထားတာကတော့ ရုံးတော်ကနေသက်သေခံအဖြစ် လက်ခံတဲ့ စာရွက်နှစ်ရွက်ဟာ ဒီအမှုရဲ့ အဓိကကျတဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့အတွက်ကြောင့် တရားရုံးကနေအခုချမှတ်တဲ့ အမိန့်ကို စွပ်စွဲခံရသူတွေရဲ့ အခွင့်အရေးအရ အထက်တရားရုံးကို တက်ရောက်လိုတဲ့ အတွက်ကြောင့် သင့်တော်တဲ့ အမိန့်ချမှတ်ပေးဖို့ ဆိုပြီးတော့ ထပ်လျှောက်တယ်။ ထပ်လျှောက်တဲ့အခါကျတော့ တရားရုံးကနေပြီးတော့ လက်ခံပါတယ်။ ကျွန်မတို့ ရုံးချိန်းထပ်ပေးလိုက်တာပေါ့။ အမှန်တကယ်ကတော့ ဒီနေ့မှာ တရားလိုကိုထပ်စစ်ဖို့ရှိတယ်။ ဆက်လက်ပြီးစစ်ဆေးဖို့ ကျန်ရှိနေသေးတယ်။ အဲဒီဆက်လက်စစ်ဆေးဖို့ ပြောတဲ့အခါမှာ ကျွန်မတို့ကနေပြီးတော့ ရုံးချိန်းထပ်တောင်းတာပါ။ တရားလိုကိုဆက်စစ်ရင် စွပ်စွဲခံရသူ ဘက်ကနေ အခွင့်အရေးနစ်နာမှာဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လျှောက်ထားတာ ဆိုတော့ ရုံးချိန်းကိုပေးလိုက်တယ်၊ ဆက်မစစ်တော့ဘဲနဲ့ အဲဒီအမှုနဲ့ပတ်သက်ပြီး နားလိုက်တယ်” ဟု ပြောကြားသည်။

ထို့ပြင် ဇွန် ၂၉ ရက် ရုံးချိန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် ဦးထွန်းမြင့်အောင် (ခ) ဦးညီညီက စွဲဆိုထားသည့် အမှုအတွက် တရားလိုပြ သက်သေများဖြစ်သော ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် ပျဉ်းမနားမြို့နယ် ရွာကောက်နယ်မြေ ရဲစခန်းမှ ရဲအုပ်နေကျော်တို့ကို စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။

လာမည့်ရုံးချိန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုသည့် အမှုနှင့်ပတ်သက်၍ မည်သို့ဆက်လက် ဆောင်ရွက်သွားမလဲဆိုသည့် မေးမြန်းမှုကို “နောက်ရုံးချိန်းတွေမှာ လောလောဆယ် ကျွန်မတို့က လက်ရှိအမိန့်၊ ချမှတ်လိုက်တဲ့အမိန့်ကို ကြားဖြတ်အမိန့်ပေါ့။ အဲဒီအမိန့်ကိုမိတ္တူ အမြန်ကူးမယ်။ ကူးပြီးတော့မှ အထက်အဆင့်ဆင့် တရားရုံးတွေကို ဆက်ပြီးတက်သွားဖို့ရှိတဲ့အတွက် ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ထပ်ပြီးတက်သွားမှာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ဆိုသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် အင်္ဂါနေ့တွင် ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။

Most Read

Most Recent