မိုးရာသီကာလ အဖြစ်များသော ရောဂါများ

မိုးရာသီကာလ အဖြစ်များသော ရောဂါများ
Published 19 June 2021

ယခုအခါ မိုးရာသီကာလကို ကျရောက်လာပြီဖြစ်သဖြင့် COVID-19 ရောဂါနှင့်အတူ သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ချီကန်ဂန်ညာရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင်အသားဝါအေနှင့်အီး၊ ဂျပန်ဦးနှောက် အမြှေးရောင်ရောဂါ၊ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အပါအဝင် မိုးရာသီ၌ အဖြစ်များသော အခြားရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုများကို လျှော့ချနိုင်ရေး ကြိုတင်ဆောင်ရွက်ကြရန် လိုအပ်လာသည်။

စာရင်းဇယားများအရ သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် စုစုပေါင်း ၈၀,၀၀၀ ခန့် ဖြစ်ပွားပြီး ၄၅၀ ဦးခန့် သေဆုံးသည်ကို တွေ့ရှိရသည်။ သွေးလွန်တုပ်ကွေးရောဂါသည် ယခုဖြစ်ပွားနေသည့် COVID-19 ရောဂါကဲ့သို့ပင် သီးခြားကုသရန် ဆေးမရှိဘဲ ရောဂါလက္ခဏာများ သက်သာရန်သာ ကုသပေးနိုင်သည့် ရောဂါဖြစ်ပြီး နှစ်စဉ်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများမှာလည်း များပြားနေဆဲဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် လူကြီးများတွင်လည်း ဖြစ်ပွားပြီး ယင်းကဲ့သို့ ဖြစ်ပွားပါက ရောဂါပိုမိုပြင်းထန်နိုင်သည်။              

သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့် ခြင်ကျားသည် နေအိမ်တွင်းနှင့် နေအိမ်ပတ်ဝန်းကျင်ရှိ ရေကြည်ရေသန့်တွင် ပေါက်ဖွားခြင်းဖြစ်သည့်အတွက် လက်တွေ့ကျပြီး ထိရောက်သော နည်းဗျူဟာများကိုသုံးကာ ခြင်ပေါက်ဖွားရန်နေရာများ လုံးဝမရှိအောင် ဆောင်ရွက်ပါက သွေးလွန်တုပ်ကွေးရောဂါဖြစ်ရန် အကြောင်းမရှိပါ။ ခြင်ဥမှ လောက်လန်းပေါက်ဖွားခြင်းနှင့် သက်ကြီးခြင်ကျားကောင်အဖြစ်သို့ ရောက်ရှိခြင်းမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနည်းဗျူဟာများအပြင် ပန်းအိုး၊ ရေအိုးစသည်တို့၏ အတွင်းနံရံများကို ပွတ်တိုက်ဆေးကြောခြင်း ပြုလုပ်မှသာ ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည် ဖြစ်သည်။ နေအိမ်ပတ်ဝန်းကျင်တွင် ရေကြည်ရေသန့် ခိုအောင်းနိုင်သည့် နေရာများကို ဖယ်ရှားရှင်းလင်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းတို့ ပြုလုပ်မှသာလျှင် ရောဂါဖြစ်ပွားမှုများ သိသာစွာကျဆင်းလာမည် ဖြစ်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါနှင့် အူရောင်ငန်းဖျားရောဂါများအားလက်ကို စင်ကြယ်စွာ ဆေးကြောခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းမွန်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေနှင့် အစားအသောက်ကို စားသုံးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းမှု ကောင်းခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။ COVID-19 ပညာပေးနှိုးဆော်မှုကြောင့် ယခုအခါ ပြည်သူများတွင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်ရေးအတွက် အသိပညာဗဟုသုတများ ယခင်ကထက် ပိုမိုကြွယ်ဝလာပြီဖြစ်သည့်အတွက် ရာသီတုပ်ကွေးရောဂါကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မည်ဟု မျှော်လင့်ရသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ မည်မျှအတိုင်းအတာအထိ စနစ်ကျထိရောက်စွာ ဆောင်ရွက်နိုင်သနည်းဟူသည့် အတိုင်းအတာအပေါ်တွင် မူတည်နေသည်။ အလားတူပင် အခြားကူးစက်ရောဂါများ၊ မကူးစက်နိုင်သောရောဂါများ၏ ဖြစ်ပွားမှုနှင့် သေဆုံးမှုများလျှော့ချရန်နှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရန်တို့မှာလည်း အရေးကြီးသည်။ ထိုသို့အောင်မြင်မှုရရှိစေရေးအတွက် အဓိကအချက်ဖြစ်သော ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်လာရန်အတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ဆောင်ရွက်နေသော နည်းဗျူဟာများကဲ့သို့ပင် အသုံးပြုဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင် မိုးရာသီကာလတွင် အသည်းရောင်အသားဝါ- အေ၊ အသည်းရောင်အသားဝါ - အီးနှင့် ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သံပြားကောင်ရောဂါ (Schistosomiasis) တို့ ဖြစ်ပွားမှု များပြားလာမည် ဖြစ်သည့်အတွက် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ မိုးရာသီကာလတွင် အဖြစ်များသော ရောဂါများအပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပီပြင်ထိရောက်မှုရှိစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဝန်များ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တက်ကြွစွာဆောင်ရွက်မှုနှင့် ပြည်သူများ၏ စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ အထူးလိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန် ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent