တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ တစ်သိန်းကိုးသောင်းကျော် ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ တစ်သိန်းကိုးသောင်းကျော် ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးနေစဉ် (ဓာတ်ပုံ-MOI)
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးနေစဉ် (ဓာတ်ပုံ-MOI)
Published 7 June 2021

တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၉၃၉၉၁ ဦးရှိကြောင်း ဇွန် ၆ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်တို့၏ မဲစာရင်းများနှင့် မဲပေးခဲ့မှု အခြေအနေများကို စစ်ဆေးခဲ့ပြီး မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်တွေ့ရှိမှုနှင့် ပတ်သက်၍ အထက်ပါအတိုင်း သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်တွင် မဲဆန္ဒရှင် စုစုပေါင်း ၁၁၉၁၈၉၀ ဦး ရှိသည့်အနက် ၇၉၂၇၂၅ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှု ရာခိုင်နှုန်း ၆၆ ဒသမ ၅၁ ရာခိုင်နှုန်း ရှိခဲ့ပြီး နိုင်ငံရေးပါတီ ၁၃ ပါတီမှ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၈၁၂၀ ဦးရှိပြီး နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ် ပါဝင်နေသူ ၁၁၂၇၅၆ ဦး ရှိကြောင်းလည်း ကော်မရှင်က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြေပြင်ဖွင့်ဖောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး မဲစာရင်း စစ်ဆေးချက်များအရ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်တွင် ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၁၁၉၁၈၉၀ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာစာရင်းအရ အသက် ၁၈ နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမှာ ၇၇၈၅၀၆ ဦး ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်များ မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်တွင် မဲရုံပေါင်း ၁၂၀၅ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၁၂၉၉၉၇၂ ဖြစ်ပြီး မဲပေး အသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၇၈၇၉၇၆ ၊ ကျန်ရှိရမည့် အရေအတွက်မှာ ၅၁၁၉၉၆၊ မြေပြင်လက်ကျန် ၄၉၅၂၁၉ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ကွာခြားချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ် အရေအတွက် ၂၄၀၉၈ ဖြစ်ပြီး အပိုတွေ့ရှိရသော မဲလက်မှတ် အရေအတွက်မှာ ၇၃၂၁ ဖြစ်ကာ မြို့နယ်များတွင် မဲရုံများအလိုက် ဆန္ဒမဲလက်မှတ်များ လျော့နည်း ပျောက်ဆုံးခြင်းနှင့် တရားမဝင် အပိုရရှိနေခြင်းတို့ တွေ့ရှိရကြောင်း ကော်မရှင်က သတင်းထုတ်ပြန်သည်။

ထို့ပြင် ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၅၅၈၀ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၂၉၈၁ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ် ပါဝင်နေသူ ၃၄၂၄၈ ဦး ရှိကြောင်းလည်း ဇွန် ၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် စုစုပေါင်း ၂၈၆၃၀၈ ဦး ရှိသည့်အနက် ၂၂၂၉၀၅ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၇၇ ဒသမ ၈၅ ရာခိုင်နှုန်းရှိခဲ့ပြီး နိုင်ငံရေးပါတီ ၁၂ ပါတီ မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့်  တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း ကော်မရှင် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ မဲစာရင်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်တွင် ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၂၈၆၃၀၈ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများမှာ ၂၉၇၇၈၅ ဦးဖြစ်ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်များ မြေပြင်စစ်ဆေး တွေ့ရှိချက်များအရ မဲရုံပေါင်း  ၉၅၇ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၄၂၇၄၅၅ ဖြစ်ပြီး မဲပေး အသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၂၁၈၅၉၅ ၊ ကျန်ရှိရမည့် အရေအတွက်မှာ ၂၀၈၈၆၀၊ မြေပြင်လက်ကျန် ၁၉၆၆၇၃၊ ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ် အရေအတွက် ၁၆၇၄၆ ၊ အပိုတွေ့ရှိရသော မဲလက်မှတ်မှာ ၄၅၅၉ ဖြစ်ကြောင်း ကော်မရှင်က သတင်းထုတ်ပြန်သည်။

Most Read

Most Recent