မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်သတင်းသမား ဒန်နီဖန်စတာနှင့်တွေ့ခွင့်မရသေးဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား

မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်သတင်းသမား ဒန်နီဖန်စတာနှင့်တွေ့ခွင့်မရသေးဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား
Published 4 June 2021

မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့်  အမေရိကန်နိုင်ငံသားသတင်းသမား ဒန်နီဖန်စတာကို မြန်မာနိုင်ငံဘက်မှ တွေ့ခွင့်မပေးသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က  ဇွန် ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။  

 

အသက် ၃၇ နှစ်ရှိပြီဖြစ်သည့် ဒန်နီဖန်စတာသည် Frontier Myanmar မဂ္ဂဇင်း၏ မန်နေးဂျင်းအယ်ဒီတာဖြစ်ပြီး မေ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ြပည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရန်ကြိုးပမ်းစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဒန်နီဖန်စတာသည် ကွာလာလမ်ပူမှတဆင့် အမေရိကန်တွင်ရှိသော မိသားစုထံပြန်ရန်ဖြစ်ကြောင်းသိရသည်။

 ၎င်းအားဖမ်းဆီးမှုမတိုင်မီ အမေရိကန်နိုင်ငံသားဖြစ်သည့် ကမာရွတ်မီဒီယာ၏ အယ်ဒီတာချုပ် ဦးနေသန်မောင်လည်း ဖမ်းဆီးခံထားရသည်။   

 ဒန်နီဖန်စတနှင့် ဦးနေသန်မောင်တို့ ထိန်းသိမ်းခံထားရမှုအပေါ် အမေရိကန်က အလွန်စိုးရိမ်ကြောင်းနှင့် ၎င်းတို့ကို အမြန်ပြန်လွှတ်ပေးရန် မြန်မာဘက်ကိုတောင်းဆိုထားကြောင်း၊ နေသန်မောင်နှင့် မေ ၂၄ ရက်တွင်

ရန်ကုန်အမေရိကန်သံရုံးအရာရှိများက အွန်လိုင်းမှတွေ့ခွင့်ရခဲ့ပြီး ဒန်နီဖန်စတာနှင့်မူ ပေးမတွေ့သေးကြောင်း  နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် မစ္စတာပရိုက်စ်က ပြောကြားသည်။

 

အလားတူ ထုတ်ပြန်ချက်မျိုးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ  မေ ၂၈ ရက်ကလည်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင်မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် သတင်းသမား အားလုံးကိုပြန်လွှတ်ပေးရန် အမေရိကန်ကဆက်လက် တိုက်တွန်းသွားမည်ဟုလည်း နက်ပရိုက်စ်က ယခု သတင်းစာရှင်းလင်းပွဲတွင် ပြောဆို်ခဲ့သည်။

ဒန်နီဖန်စတာသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် စတုတ္ထမြောက်နိုင်ငံခြားသားသတင်းသမားဖြစ်သည်။

၎င်းမတိုင်မီ အစောပိုင်းတွင်  ဖမ်းဆီးခံရသူသည့် နိုင်ငံခြားသားသတင်းသမားသုံးဦးမှာ ဦးနေသန်မောင်နှင့် အလွတ်တန်းသတင်းထောက်တွေဖြစ်ကြတဲ့ ပိုလန်နိုင်ငံသား ရောဘတ် ဘိုဆီယာဂါနှင့် ဂျပန်နိုင်ငံသား ယူကီ ကီတာဇူမီတို့ဖြစ်သည်။  

ပိုလန်သတင်းထောက် ဘိုဆီယာဂါသည်  မတ် ၁၁ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖမ်းဆီးခံရပြီး နှစ်ပတ်အကြာတွင် ပြန်လွတ်လာခဲ့ပြီး ဧပြီ ၁၈ ရက်ညပိုင်းက ရန်ကုန်တွင် ဒုတိယကြိမ်မြောက်ဖမ်းဆီးခံလိုက်ရသည့် ဂျပန်သတင်းထောက် ကီတာဇူမီသည်   မေ ၁၄ ရက်တွင် ပြန်လွတ်လာခဲ့သည်။

 

 

Most Read

Most Recent