သံလွင်တံတား (ချောင်းဆုံ) ဆိုင်းဘုတ်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်

သံလွင်တံတား (ချောင်းဆုံ) ဆိုင်းဘုတ်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်
Published 1 June 2021
ဘိုဘိုမြင့်

ဇွန် ၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် သံလွင်တံတား (ချောင်းဆုံ) ဆိုင်းဘုတ်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သံလွင်တံတား (ချောင်းဆုံ) ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တံတားဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခြင်း၊ ကမ္မည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည် ပက်ဖြန်းခြင်းနှင့် တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်‌ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားအမည်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ဖြင့် ဆိုင်းဘုတ်တင် အခမ်းအနားပြုလုပ်မည့် အစီအစဉ်အား နိုင်ငံရေးပါတီများ၊ ဒေသခံတိုင်းရင်းသားများ၏ ကန့်ကွက်မှုများကြောင့် မွန်ပြည်နယ်အစိုးရက ပယ်ဖျက်ပေးခဲ့သည်။

သို့သော် ဖေဖော်ဝါရီ ၁၅ ရက် နေ့ရက်စွဲဖြင့် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း တင်သွင်းသည့် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်ကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသည့် တံတားအမည်အား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ အကြောင်းပြန်ကြားစာ ပေါ်ထွက်လာပြီးနောက် ဒေသခံတိုင်းရင်းသားများကြား ဝေဖန်ကန့်ကွက်မှုများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ထို့နောက် “သံလွင်တံတား (ချောင်း ဆုံ)” အား “ဗိုလ်ချုပ်အောင်ဆန်းတံတား” အဖြစ် အမည်ပေးရန် ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်မှ ဆွေးနွေးရန် အတည်ပြုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မွန်ရဟန်း သံဃာတော်များ၊ မွန်နိုင်ငံရေးပါတီများနှင့် ဒေသခံတိုင်းရင်းသားများ၊ မွန်လူမှုအဖွဲ့အစည်းတို့က ကန့်ကွက်ခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများ လုပ်ဆောင်ခဲ့ကြသော်လည်း မတ် ၁၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဒေါ်မိကွန်ချမ်း တင်သွင်းထားသည့် “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုအား လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် မဲပေးခွင့်ရှိသူ ၃၃၈ ဦးရှိသည့်အနက် ထောက်ခံမဲ ၂၁၇ မဲ၊ ကြားနေမဲ ၁၁၆ မဲနှင့် ကန့်ကွက်မဲ ၄၃ မဲ ဖြစ်ခဲ့သည့်အတွက် အဆိုအား ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့ပြီးနောက် ယခင် “သံလွင်တံတား (ချောင်းဆုံ)” စီမံကိန်းမှ “ဗိုလ်ချုပ်အောင်ဆန်းတံတား” စီမံကိန်း အမည်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ပေးခြင်းသည် နယ်မြေနှင့် လိုက်လျော ညီထွေမှုမရှိသည့်အပြင် ဒေသခံဌာနေ တိုင်းရင်းသားတို့၏ အမွေအနှစ်များနှင့် ပထဝီ တည်နေရာကို အလေးမထား မလေးစားရာ ရောက်နေပြီး လူမျိုးတစ်မျိုးနှင့် တစ်မျိုးတို့အကြား မလိုလားအပ်သည့် မုန်းတီးမှု၊ နာကျင်မှုများနှင့် ပဋိပက္ခများကို ဖန်တီးရာ ရောက်နေသည့် အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကိုပါ ထိခိုက်စေသည့်အတွက်ကြောင့် ဒေသခံဌာနေ တိုင်းရင်းသားများက ချောင်းဆုံမြို့နယ် (ဘီးလူကျွန်း) က ညှော်ကျေးရွာတွင် တစ်ကြိမ်၊ မော်လမြိုင်မြို့တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် တိုင်တိုင် ကန့်ကွက်ဆန္ဒပြခဲ့သည်။

သို့သော်လည်း ၂၀၁၇ ခုနှစ် မေ ၉ ရက်တွင် အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီးလူးကျွန်း) အားဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဖွင့်ပွဲအခမ်းအနားသို့ ထိုစဉ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးဝင်းမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။  

မော်လမြိုင်မြိုဘက်ကမ်း မုပွန်နှင့် ချောင်းဆုံဘက်ကမ်း ကညှော်ကျေးရွာသို့ ဆက်သွယ် တည်ဆောက်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းတံတား (ယခင် သံလွင်တံတား (ချောင်းဆုံ) သည် အရှည် ၅၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိသည့် နှစ်လမ်းသွား သံမဏိ သံဘောင်ဂုံးတံတားဖြစ်ပြီး မော်လမြိုင်ဘက်ကမ်း မုပွန်ချဉ်းကပ်လမ်းမှာ ပေ ၇၅၇ ခန့်နှင့် ဘီလူးကျွန်း ကညှော်ဘက် ချဉ်းကပ်လမ်းမှာ အရှည် ၁၆၉၈၀ ပေခန့်ရှိကြောင်း၊ တံတားကို မော်လမြိုင်နှင့် ဘီလူးကျွန်းအကြား ဖြတ်သန်း စီးဆင်းနေသည့် သံလွင်မြစ်၏ အကျဉ်းဆုံး နေရာကို ရွေးချယ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တည်ဆောက်ရေး အဖွဲ့ (၄) နှင့် တည်ဆောက်ရေးအဖွဲ့ (၁) တို့က တာဝန်ယူ အကောင်အထည် ဖော်ဆောက်လုပ်ခဲ့ကြောင်း၊ ခန့်မှန်းငွေတန်ဖိုး ကျပ်သန်း ပေါင်း ၅၉၈၀၀ အကုန်ကျခံတည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မေ ၉ ရက်တွင် တံတားဖွင့် လှစ်သည့်အခမ်းအနား ပြုလုပ်ခဲ့သည်။

Most Read

Most Recent