လှောင်အိမ်ထဲက မြို့ 

လှောင်အိမ်ထဲက မြို့ 
Photo : reddit.com
Photo : reddit.com
Published 26 May 2021
လင်းခေတ်ကြယ်

တစ်မြို့လုံးက ခြောက်ကပ် တိတ်ဆိတ်လို့ နေတယ်။ လမ်းပေါ်မှာ လူသူကင်းမဲ့နေပုံကလည်း ထိတ်လန့် တုန်လှုပ်ချောက်ချားစရာ ကောင်းလှတယ်။ မြို့ရဲ့ လမ်းတိုင်းဟာလည်း နေဝင်မီးငြိမ်း ဆိုသလို မြို့ခံလူတွေကလည်း နေဝင်ပြီဆိုတာနဲ့ အိမ်ထဲကနေ အိမ်ပြင် မထွက်ကြတော့ဘူး။ ဘယ်လောက်ထိလဲဆို ကလေးရှိတဲ့ အိမ်တောင် ကလေးငိုသံ မကြားရတဲ့အထိ ငြိမ်သက်လွန်းတယ်။  ညဟာ တိတ်ဆိတ်ခြင်းဝတ်ရုံကို လွှမ်းခြုံရင်း အမှောင်ထဲကနေ မြို့ကို ချောင်းကြည့်နေတယ်။ မြို့လေးကတော့ တစ်ခုခုကို ကြောက်ရွံ့စိတ်နဲ့ မတုန်မလှုပ်ဘဲ ငြိမ်သက်အိပ်စက်လို့ နေပါတယ်။

ဒီမြို့လေးက အရင်ကဆို ဒီလိုအခြေအနေမျိုး မဟုတ်ပါဘူး။ ပွဲတော်တွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ လန်းလန်းဆန်းဆန်းပါပဲ။ ဒါ့အပြင် ကုန်စည်စီးဆင်းမှုကောင်းတဲ့ မြို့ဖြစ်တာကြောင့် စီးပွားရေးအရ မြို့ဆီ ပြောင်းရွှေ့ လုပ်ကိုင်ကြသူတွေ အများအပြား ရှိတဲ့အတွက် မြို့လေးဟာ အလွန်စည်ကားပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းကောင်းပြီး သင့်တင့်မျှတတဲ့ ဝင်ငွေရှိတာကြောင့် ပွဲတော်ရက် မဟုတ်ပေမဲ့လည်း မြို့ရဲ့ လမ်းမတွေမှာ စျေးသည်တွေနဲ့ စျေးဝယ်တွေ ပြည့်နှက်နေတတ်ပါတယ်။

ညနေစောင်းပြီဆိုတာနဲ့ မြို့ရဲ့ ဘီယာဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ကုန်တိုက်တွေမှာ လူတွေ စည်ကားနေတာကို တွေ့ရမှာပါ။ လမ်းပေါ်မှာလည်း လမ်းလျှောက်ထွက်သူတွေ၊ အလုပ်က ပြန်လာသူတွေ၊ စျေးဝယ်ထွက်သူတွေ၊ ဟိုနားဒီနား သွားလာသူတွေနဲ့ လမ်းဘေးစျေးသည်တွေကြောင့် လူပြတ်တဲ့ အချိန်ရယ်လို့ မရှိပါဘူး။ ညလုံးပေါက်ဖွင့်တဲ့ လမ်းဘေး လက်ဖက်ရည်ဆိုင်လေးတွေ၊ လမ်းဘေး စားသောက်ဆိုင်လေးတွေရှိသလို ၂၄ နာရီဖွင့်တဲ့ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဘီယာဆိုင်တွေကြောင့်လည်း မြို့ထဲမှာ နေ့နေ့ညည လူမပြတ်တာပါ။

မြို့လေးဟာ စီးပွားရေး အချက်အချာကျတဲ့မြို့ ဖြစ်တာကြောင့် ကုန်သွယ်စီးဆင်းမှုကလည်း ကုန်းလမ်း၊ ရေလမ်းကနေ တစ်ဆင့် ဝင်ရောက်မှုတွေ ရှိပါတယ်။ မြို့ရဲ့အဓိက စျေးကြီးမှာလည်း မိုးမလင်းခင် ကတည်းက ကုန်စိမ်းနဲ့ သားငါး ရောင်းချသူတွေကြောင့် စည်ကားတဲ့အတွက် မြို့ကို နေမဝင်မြို့လို့ မြို့ခံလူတွေကြားမှာ ပြောစမှတ်ပြုကြတယ်။ ဒီလို တခြားမြို့တွေက အားကျရတဲ့ မြို့လေးဟာ တစ်နေ့မှာတော့ ကံကြမ္မာ အလှည့်အပြောင်းတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲဒီနေ့ဟာ ပြက္ခဒိန်ထဲက နေ့တစ်နေ့ပါပဲ။ နဂါးခေါင်း ဘယ်ဘက်လှည့်မှန်းလည်း မသိပါဘူး။ ဒါပေမဲ့ မြို့ကလေးအတွက်တော့ ပြဿဒါးနေ့ ဖြစ်ခဲ့ပါတယ်။

မြို့ခံလူတွေဟာ အဲဒီနေ့မှာလည်း အရင်နေ့တွေကလိုပဲ ပုံမှန် လှုပ်ရှားသွားလာမှုတွေ ရှိခဲ့တယ်။ ရာသီဥတုကလည်း သာသာယာယာရှိနေပြီး နေ့စဉ် လှုပ်ရှားသွားလာမှုတွေကြားမှာ မြို့ဟာ ပုံမှန်အတိုင်း နေသားတကျ ရှိနေပါတယ်။ ရုတ်ခြည်းဆိုသလို မြို့ထဲမှာ သတင်းတစ်ခုက ပျံ့နှံ့လာတယ်။ တခြားတော့ မဟုတ်ပါဘူး။ မြို့မျက်နှာဖုံး သူဌေးကြီးတစ်ဦး အသတ်ခံရတဲ့ သတင်းပါ။ သူဌေးကြီးအနေနဲ့ သူ့အိမ်မှာပဲ ရက်ရက်စက်စက် အသတ်ခံထားရတာပါ။ အဲဒီနေ့မှာ သူဌေးကြီး အသတ်ခံရတဲ့ သတင်းဟာ တစ်မြို့လုံးကို တောမီးလောင်သလို တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့ပါတယ်။ မြို့ခံလူတွေရဲ့ ပါးစပ်ဖျားမှာလည်း အဲဒီသတင်းဟာ အကြီးအကျယ် ရေပန်းစားခဲ့သလို လူသတ်တရားခံကိုလည်း လူတွေက ထင်ကြေးအမျိုးမျိုးနဲ့ မှတ်ချက်အမျိုးမျိုးပေးပြီး ပုံဖော်နေကြတယ်။

သူဌေးကြီးဟာ မြို့မျက်နှာဖုံး ဖြစ်တဲ့အပြင် မုဆိုးဖိုလည်း ဖြစ်ပါတယ်။ သားထောက်သမီးခံ ရှိပေမဲ့လည်း အရွယ်ရောက်ပြီး နိုင်ငံခြားမှာ ပညာသွားသင်သူနဲ့ အလုပ်လုပ်နေကြသူတွေ ဖြစ်တာကြောင့် သူဌေးကြီးနားမှာ မရှိကြပါဘူး။ သူဌေးကြီးကလည်း အပျော်အပါးမက်ပြီး ရှုပ်ပွေတတ်သူမို့ မြို့မျက်နှာဖုံး ဆိုပေမဲ့လည်း  သူ့သတင်းတွေက မြို့ခံလူတွေကြားမှာ အပုပ်နံ့ ထွက်နေတတ်ပါတယ်။ ဒါပေမဲ့လည်း သူဌေးကြီးက မြို့ရဲ့ သာရေးနာရေးနဲ့ လူမှုရေးတွေအပြင် မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာပါ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် လက်မနှေးတတ်တဲ့သူမို့ မြို့ခံလူတွေအတွက်တော့ မချစ်သော်လည်း အောင့်ကာနမ်းခဲ့ရတဲ့ အခြေအနေပါ။ 

ရက်အနည်းငယ် ကြာတဲ့အခါ သူဌေးကြီး အသတ်ခံရတဲ့သတင်းက မြို့ခံလူတွေရဲ့ ပါးစပ်ဖျားမှာ မှေးမှိန် ပျောက်ကွယ်လို့ သွားပါတယ်။ မြို့လေးဟာလည်း အရင်လိုပဲ သွားလာလှုပ်ရှားမှုတွေနဲ့ စည်ကားလို့ နေပါတယ်။ သူဌေးကြီး အသတ်ခံရပြီး သိပ်မကြာခင်မှာပဲ နောက်ထပ် လူသတ်မှုတစ်ခု ဖြစ်ခဲ့တယ်။ ဒီတစ်ခါ သေဆုံးသူကတော့ ရှေ့နေတစ်ဦးပါ။ သူဟာလည်း အမှုလိုက်ရာမှာ အလွန်တော်တဲ့အတွက် မြို့မှာ နာမည်ကြီး ရှေ့နေတစ်ဦး ဖြစ်ပါတယ်။ နာမည်ကြီးပေမဲ့လည်း အနေအထိုင် သေသပ်သလို အေးအေးဆေးဆေး နေတတ်သူ ဖြစ်တာကြောင့် သူအသတ်ခံရတာနဲ့ ပတ်သက်လို့ မြို့ခံလူတွေက တအံ့တသြ ဖြစ်ခဲ့ကြတယ်။ သူဟာ အနေအထိုင်အေးဆေးသူ ဖြစ်ပေမဲ့လည်း  အမှုလိုက်တဲ့အခါမှာ ငွေမက်သူ ဖြစ်တာကြောင့် တချို့အမှုသည်တွေက သူ့အပေါ်မှာ မကျေနပ်တာတွေ ရှိခဲ့တယ်လို့  သူ့မိတ်ဆွေရှေ့နေတချို့က ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် အေးချမ်းတည်ငြိမ်နေတဲ့ မြို့လေးမှာ ရက်ပိုင်းအတွင်း လူသတ်မှု နှစ်မှု ဆက်တိုက် ဖြစ်ခဲ့တဲ့အတွက် မြို့ခံလူတွေကြားမှာတော့ အကြောက်တရားဟာ တဖြည်းဖြည်း ကြီးစိုးလို့လာခဲ့ပါပြီ။ 

သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သူဌေးကြီး အသတ်ခံရမှုကို မဖော်ထုတ်နိုင်သေးခင် နောက်ထပ် လူသတ်မှု ဖြစ်လာတဲ့အတွက် မြို့ခံလူထုကြားမှာ အကြောက်တရားက ကြီးစိုးလာခဲ့တာပါ။ ဒီကြားထဲ လူသတ်မှု နှစ်မှုရဲ့ သက်သေတွေအရ တရားခံဟာ တစ်ယောက်တည်း ဖြစ်နိုင်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကောက်ချက် ချထားပါတယ်။ ဒါကြောင့်လည်း မြို့ခံလူတွေကြားမှာ လူသတ်သမားနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေက တရိပ်ရိပ် မြင့်တက်လာပါတယ်။  စိုးရိမ်မှုတွေ မြင့်တက်လာသလို မြို့ခံလူထုကြားမှာလည်း လူသတ်သမားကို ခန့်မှန်းမှုတွေက အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ သူဌေးကြီးရော၊ ရှေ့နေပါ နှစ်ဦးစလုံးဟာ ဓားဒဏ်ရာတွေနဲ့ မရှုမလှ အသတ်ခံရတဲ့အတွက် လူသတ်သမားဟာ ဓားကိုင်ကျွမ်းကျင်သူ ဒါမှမဟုတ် ဓားနဲ့ အကျွမ်းတဝင်ရှိသူလို့ မြို့ခံတွေက ကောက်ချက်ချကြတယ်။ ဒါကြောင့်လည်း ဓားနဲ့ပတ်သက်ရင် ကျွမ်းကျင်မှုရှိတဲ့ ဓားကို ပြုလုပ် ရောင်းချသူတွေ၊ သားသတ်သမားတွေက မြို့ခံလူထုရဲ့ ထင်ကြေးပေးမှုမှာ ဦးစားပေး ဖြစ်ခဲ့တယ်။

အခင်းဖြစ်ပွားရာ နေရာတွေမှာ လူသတ်သမားက သဲလွန်စ မကျန်ခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရားခံကို ဖော်ထုတ်ရာမှာ အခက်အခဲ ဖြစ်နေပါတယ်။ မြို့ခံလူတွေ ထင်ကြေးပေးကြတဲ့ သံသယရှိတဲ့သူတွေ ဆိုတာကလည်း မျက်မြင်သက်သေ မဟုတ်ဘဲ အထင်နဲ့သာ ဖြစ်တဲ့အတွက် ဘာမှလုပ်လို့ မရပါဘူး။ သူတို့ကို သက်ဆိုင်ရာက မေးမြန်းရာမှာလည်း အခင်းဖြစ်ပွားစဉ်အချိန်မှာ သူတို့အနေနဲ့ ဘယ်နေရာမှာ ရှိကြောင်းကို အလီဘိုင် ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီလူသတ်မှုတွေမှာ တရားခံကို ဖော်ထုတ်နိုင်ဖို့ တော်တော်လေး အကျပ်ရိုက်နေခဲ့တာပါ။

ဒီလိုအချိန်မှာပဲ နောက်ထပ်လူသတ်မှု ဖြစ်စဉ်တွေက ရက်ခြား၊ လခြားအတွင်းမှာပဲ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပါတယ်။ အသတ်ခံရသူ အားလုံးဟာလည်း ရက်ရက်စက်စက် ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခံခဲ့ရတာပါ။ ဒီလိုအသတ်ခံရသူတွေထဲမှာ တရားသူကြီး၊ ဆရာဝန်၊ ကျောင်းဆရာ စတဲ့ ပညာတတ်တွေ ပါဝင်သလို ကုမ္ပဏီဝန်ထမ်း၊ စျေးသည်၊ ကျပန်းလုပ်သား၊ လိင်အလုပ်သမနဲ့ တောင်းရမ်း စားသောက်သူတွေကအစ ပါဝင်ပါတယ်။

အခုဆိုရင် မြို့လေးမှာ အသတ်ခံရသူဦးရေဟာ ၁၀ ယောက် ကျော်သွားပါပြီ။ ဒါပေမဲ့လည်း လူသတ်သမားကိုတော့ ဖမ်းလို့ မမိသေးပါဘူး။ မြို့ခံလူထုကြားမှာလည်း လူသတ်သမားရဲ့ သတင်းက အကြောက်တရားဆီကို ခေါ်ဆောင်လို့ နေပါတယ်။ လူသတ်သမားနဲ့ ပတ်သက်ပြီး ကောလာဟလ သတင်းတွေကလည်း မြို့လေးမှာ နေ့စဉ်လိုလို ပျံ့နှံ့လို့နေပါတယ်။ ဒီလိုကောလာဟလ သတင်းတွေကြောင့်ပဲ မြို့လေးဟာ တဖြည်းဖြည်းနဲ့ တိတ်ဆိတ်လို့ လာခဲ့တယ်။ လူတွေ ဘယ်လောက်အထိ ထိတ်လန့်နေကြတယ် ဆိုတာကို မြို့လေးရဲ့ တိတ်ဆိတ် ခြောက်ကပ်နေတဲ့ လမ်းမတွေက သက်သေခံနေပါတယ်။ အရင်က ညနေဆို လမ်းပေါ်မှာ လူတွေက ရှုပ်ယှက်ခတ်အောင် သွားလာနေကြပေမဲ့ လက်ရှိမှာတာ့ နေဝင်ပြီဆိုတာနဲ့ လမ်းပေါ်မှာ လူသွားလူလာ မရှိသလောက် နည်းပါးခဲ့ပါတယ်။ အရေးကြီးကိစ္စကလွဲရင် ဘယ်သူမှ အပြင်ကို မထွက်ကြတော့ပါဘူး။ လမ်းဘေးဆိုင်တွေကလည်း အရင်လို ညလုံးပေါက် မဖွင့်ကြတော့သလို ၂၄ နာရီဖွင့်တဲ့ ဆိုင်တွေကလည်း ညဆို စောစောပိတ်တဲ့ အလေ့အကျင့် ဖြစ်နေပါပြီ။ လူတွေရဲ့ ထိတ်လန့်မှုကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပါတယ်။ အရပ်ထဲမှာ အငိုသန်တဲ့ ကလေးတောင် လူသတ်သမား လာနေပြီလို့ ပြောလိုက်တာနဲ့ ချက်ချင်း အငိုတိတ်တဲ့ အခြေအနေပါ။

ဒီလိုအခြေအနေမှာပဲ နောက်ထပ် လူသတ်မှုတစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်ဖြစ်တဲ့ လူသတ်မှုကတော့ မြို့လေးမှာ အရက်စက်ဆုံးနဲ့ လူမဆန်ဆုံး လူသတ်မှုလို့ ပြောရပါမယ်။ ဘာကြောင့်လဲဆို  ဒီတစ်ခါ လူသတ်မှုက ရိုးရိုးတန်းတန်း သတ်တာမဟုတ်ဘဲ မီးရှို့သတ်တဲ့အမှုပါ။ ဒီလို မီးရှို့သတ်တာကြောင့် အလောင်းက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့အတွက် အသတ်ခံရသူဟာ ဘယ်သူဘယ်ဝါမှန်း မသိခဲ့ဘူး။ ဒီလူသတ်မှုကြောင့်ပဲ မြို့ခံလူထုကြားထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုက စိုးရိမ်ရေမှတ်ကို ရောက်လာခဲ့တယ်။ ဒီဖြစ်စဉ်နောက်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း နေ့နေ့ညည ကင်းအထပ်ထပ်ချပြီး စောင့်ကြပ်ရတဲ့ အနေအထား ဖြစ်လာတယ်။ ဒါပေမဲ့ လူသတ်တရားခံကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ မီးရှို့ အသတ်ခံရတဲ့ လူသတ်မှုဖြစ်စဉ် နောက်ပိုင်း မြို့လေးမှာ ထိတ်လန့် ချောက်ချားစရာကောင်းတဲ့ လူသတ်မှု ဖြစ်စဉ်တွေ ထပ်မဖြစ်တော့ပါဘူး။ လူသတ်သမားနဲ့ ပတ်သက်လို့လည်း မြို့ခံ လူထုကြားမှာ ကောလာဟလ သတင်းတွေက ဆက်လက် ပျံ့နှံ့လို့နေပါတယ်။ တချို့ ကောလာဟလ သတင်းတွေအရ  လူသတ်သမားဟာ မြို့ကနေ ထွက်ပြေးသွားပြီဆိုတာမျိုး၊ တချို့ ကောလာဟလ သတင်းတွေကျတော့လည်း လူသတ်သမားဟာ နောက်ထပ် လူသတ်မှုတွေ ကျူးလွန်ဖို့အတွက် တိတ်တဆိတ် စောင့်ကြည့်နေတယ်ဆိုတာမျိုး အစရှိတဲ့ သတင်းတွေက မြို့ခံလူတွေကြားမှာ ကျင်လည်ကျက်စားလို့ နေပါတယ်။

ဒီလိုနဲ့ အချိန်တွေဟာ တတိတိကုန်လွန်ရင်း နှစ်တွေ ကြာလာခဲ့တယ်။ အချိန်တွေသာ တရွေ့ရွေ့ ကုန်လွန်ခဲ့ပေမဲ့ မြို့လေးမှာတော့ လူသတ်သမား သွတ်သွင်းခဲ့တဲ့ အကြောက်တရားကြောင့် အရာရာဟာ ပြောင်းလဲသွားခဲ့ပါပြီ။ အရင်က စည်ကားခဲ့တဲ့ မြို့လေးဟာ အခုချိန်မှာတော့ ခြောက်ကပ် တိတ်ဆိတ်လို့ နေပါတယ်။ မြို့လေးကနေ တခြားတစ်နေရာစီ ပြောင်းရွှေ့သွားကြသူတွေကလည်း အများအပြားပါပဲ။ စီးပွားရေးအရ မြို့လေးဆီ လာရောက် လုပ်ကိုင်ကြတဲ့  တနယ်တကျေးက လူတွေကလည်း စီးပွားရေး မကောင်းတော့တဲ့အတွက် သူတို့နယ်ဆီ ပြန်သွားကြတာကြောင့် မြို့လေးက အရင်လို မစည်ကားတော့ပါဘူး။

အရင်က နေဝင်ပြီဆို လမ်းပေါ်မှာ လျှပ်စစ်မီးတွေ ထိန်ထိန်ငြီးနေပြီး သွားလာ လှုပ်ရှားမှုတွေနဲ့ စည်းကားခဲ့တဲ့ လမ်းတွေဟာလည်း နီယွန်မီးရောင်အောက်မှာ ခြောက်ကပ် တိတ်ဆိတ်လို့ နေပါတယ်။ အရင် လမ်းဘေးမှာ ဖွင့်လှစ်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင် နေရာတွေဟာလည်း အခုတော့ မြေကွက်လပ်တွေ ဖြစ်လို့နေပါတယ်။ အရင် က ၂၄ နာရီဖွင့်ခဲ့တဲ့ ဘီယာဆိုင်၊ စားသောက်ဆိုင်တွေကလည်း အခုချိန်မှာ မဖွင့်တော့ပါဘူး။ မြို့ရဲ့ အဓိကစျေးမှာလည်း ကုန်စိမ်းနဲ့ သားငါး ရောင်းသူတွေဟာ အရင်လို မိုးမလင်းခင်ကတည်းက ရောင်းချခြင်းမျိုး မပြုတော့ဘဲ မိုးလင်းတဲ့အချိန်မှသာ ရောင်းချတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။ နောက်ပြီး မြို့လေးမှာ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ပွဲတော်တွေ၊ ပျော်ပွဲရွှင်ပွဲတွေကိုလည်း အရင်လို မကျင်းပနိုင်တော့တာ ကြာခဲ့ပါပြီ။ မြို့လေးမှာ ပျော်ရွှင်မှုတွေက တဖြည်းဖြည်းနဲ့ ဆိတ်သုဉ်းလာတယ်။ ကြာတော့ တိတ်ဆိတ်ခြောက်ကပ်မှုနဲ့ နေသားကျလာတဲ့ မြို့လေးဟာ မြို့ပျက်တစ်ခုနဲ့ ပိုတူလာတယ်။ မြို့ခံလူတွေရဲ့ စိတ်ထဲမှာ ကြီးစိုးလာတဲ့ အကြောက်တရားကြောင့် မြို့လေးဟာ နှစ်အနည်းငယ်အတွင်းမှာပဲ အဘက်ဘက်က ချွတ်ခြုံကျပြီး ယိုယွင်းလာပါတယ်။ မြို့ခံလူတွေရဲ့ စိတ်ထဲမှာ အကြောက်တရားက ကြီးစိုးနေပေမဲ့လည်း နှစ်တွေကြာတဲ့အထိ လူသတ်သမားက ထွက်ပေါ်လာခြင်း မရှိတော့ပါဘူး။

ဒါပေမဲ့ လူသတ်သမားနဲ့ ပတ်သက်ပြီး ကြောက်ရွံ့မှုကင်းတဲ့ လူတစ်ယောက်တော့ မြို့လေးမှာ ရှိခဲ့ပါတယ်။ အဲဒီလူကတော့ မြို့မှာနေထိုင်တဲ့ အရူးပဲ ဖြစ်ပါတယ်။ မီးရှို့ပြီး အသတ်ခံရတဲ့ လူသတ်မှုဖြစ်စဉ် နောက်ပိုင်း ညဘက်ဆို လူတွေက အပြင်မထွက်ရဲကြတော့ပေမဲ့ အဲဒီအရူးကတော့ ညစဉ်ညတိုင်း ခြောက်ကပ်နေတဲ့ လမ်းပေါ်မှာ လျှောက်သွားလေ့ ရှိပါတယ်။ မြို့ခံလူတွေက လမ်းပေါ်မှာ အဲဒီအရူးကို တွေ့ပေမဲ့လည်း အရူးဖြစ်တဲ့အတွက် လျှောက်သွားနေတာပဲလို့ ထင်မြင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း အရူးနဲ့ ပတ်သက်ရင် မြို့ခံလူတွေက လျစ်လျူရှုခဲ့ကြ တာပါ။ ဒါပေမဲ့ အဲဒီအရူးဆီမှာ မြို့ခံလူတွေ မသိလိုက်တဲ့ လျှိူ့ဝှက်ချက်တစ်ခု ရှိခဲ့ပါတယ်။ အရူးဟာ ညဘက် လျှောက်သွားတဲ့အခါမှာ တစ်ယောက်တည်း စကားတွေ ပြောနေတတ်သလို  အဲဒီလိုပြောရာမှာလည်း အခုမှ လွတ်လွတ်လပ်လပ် လမ်းလျှောက်ခွင့်ရကြောင်း၊ လတ်ဆတ်တဲ့လေကို သူတစ်ယောက်တည်း ရှူရှိုက်ခွင့်ရတဲ့အတွက် လူသတ်သမားကို ကျေးဇူးတင်ကြောင်း၊ ဒီလိုညမျိုးတွေကို သူမသေမချင်း ပိုင်ဆိုင်ချင်ကြောင်း စတဲ့စကားတွေကို ပြောဆိုနေတာပါ။ သူ့အသံက တိုးလွန်းတဲ့အတွက် အရူးရဲ့ စကားတွေကို ဘယ်သူကမှ မကြားခဲ့ပါဘူး။

တကယ်တော့ မြို့လေးမှာ လူသတ်သမားဟာ သေသွားခဲ့တာ ကြာခဲ့ပါပြီ။ နောက်ဆုံး မီးရှို့အသတ်ခံခဲ့ရသူဟာ လူသတ်သမား ဖြစ်ပါတယ်။ အဲဒီလူသတ်သမားကို သတ်လိုက်သူကတော့ အရူးပါ။ လူသတ်သမားဟာ အရူးကို သတ်ဖို့လုပ်ရင်းနဲ့ အရူးရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပါ။ ဒီဖြစ်စဉ်ကို အရူးက ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြို့ခံလူတွေ အကြောက်တရားကင်းပြီး မြို့လေးက အရင်လို ပြန်လည် စည်ကားသွားမှာကို အရူးက မလိုချင်ခဲ့လို့ပါပဲ။  မြို့လေးကတော့ အတိတ် က နေ့ရက်တွေကို လွမ်းဆွတ်ရင်းနဲ့ တိတ်ဆိတ်ခြောက်ကပ်စွာ အထီးကျန်နေပါတော့တယ်။

Most Read

Most Recent