KNU ဥက္ကဋ္ဌ၏ ရပ်တည်ချက်နှင့် NCA လမ်းကြောင်း

KNU ဥက္ကဋ္ဌ၏ ရပ်တည်ချက်နှင့် NCA လမ်းကြောင်း
Published 23 May 2021
မင်းနိုင်စိုး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  လေးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ပြုလုပ်စဉ်

(၁)

နိုင်ငံရေးနှင့် စစ်ရေးတွင် နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ စိတ်ဝင်စားခြင်းခံရသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် တွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခုနစ်ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သည်။

NCA စာချုပ်ဖြစ်ပေါ်လာရေးအတွက် နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်များတွင် KNU ဘက်မှ ထိုစဉ်က ဒုတိယဥက္ကဋ္ဌဖြစ်သူ နော်စီဖိုးရာစိန်က ဦးဆောင်သောအဖွဲ့က ပါဝင် ဆွေးနွေးခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ် NCA စာချုပ် လက်မှတ်ရေးထိုးရာတွင် KNU ထိပ်ပိုင်း ခေါင်းဆောင်များအတွင်း သဘောထားကွဲ လွဲမှုအချို့ရှိခဲ့ပြီး ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် သဘောထားတင်းမာသူအချို့သည် NCA စာချုပ်လက်မှတ်ရေးထိုးရန် ကန့်ကွက်ခဲ့ကြသည်။

ထိုသို့ သဘောထားကွဲလွဲမှုအချို့ရှိခဲ့ သော်လည်း KNU သည် NCA စာချုပ် လက် မှတ်ရေးထိုး၍ ၎င်း၏နိုင်ငံရေးရည်မှန်းချက် များကို ဆက်လက်အကောင်အထည်ဖော်ခဲ့ သည်။

လေးနှစ်တစ်ကြိမ်ပြုလုပ်သည့် KNU ၏ ၁၆ ကြိမ်မြောက်ကွန်ဂရက်တွင်မူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်မှာ ပြန်လည်ရွေးကောက်ခံရခြင်းမရှိတော့ပေ။  

လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် တပ်မတော်ခေါင်းဆောင်များနှင့် ဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး ၎င်း၏ လက်ထက်တွင် KNU ၏ စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို တရားဝင် အစည်းအဝေး၊ အလွတ်သဘောဆွေးနွေးမှုများမှတစ်ဆင့် အဖြေရှာနိုင်ရေး ကြိုးစားခဲ့သည်။

KNU ၏ နိုင်ငံရေးရည်မှန်းချက်များ မှာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊တိုင်းရင်းသား လူမျိုးများအားလုံး ဒီမိုကရေစီအခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရရှိရေးတို့ဖြစ်သည်။

အဆိုပါရည်မှန်းချက်များ အောင်မြင် ရေးအတွက် အစိုးရများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း KNU ၏ နိုင်ငံရေးဆွေး နွေးမှုများမှာ စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရပြီး လက်ရှိအချိန်အထိ ၎င်း၏ နိုင်ငံရေးရည်မှန်း ချက်များမှာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

(၂)

 မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေ အနေနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (KNU ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဘောထားထုတ်ပြန် ချက်သည် မေ ၁၀ ရက်တွင် လူမှုကွန်ရက်ပေါ် ၌ ပျံ့နှံ့လာခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်တွင် တပ်မတော် နှင့် KNU တပ်မဟာ (၅) တို့ တိုက်ပွဲများဖြစ် ပွားခဲ့ပြီးနောက် KNU ဥက္ကဋ္ဌ၏ အဆိုပါ သဘောထားထုတ်ပြန်ချက် ထွက်ပေါ်လာ ခြင်းလည်းဖြစ်သည်။

  KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုး၏ အဆိုပါသဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်၌ ဝေဖန်မှုများလည်း ရှိခဲ့ပြီး အထူးသဖြင့် ပြစ်တင်ဝေဖန်မှုများ များပြားခဲ့သည်။

KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက မူ အဆိုပါသဘောထားထုတ်ပြန်ချက်သည်  KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် သဘော ထားသာဖြစ်ကြောင်း The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ NCA မူ ဘောင်များအား လိုက်နာကျင့်သုံးခြင်းကိုဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင် သူအားလုံးအနေဖြင့်လည်း NCA မူဘောင် များအတိုင်း တိကျစွာ လိုက်နာကျင့်သုံး၍ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြရန် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ၎င်း၏သဘော ထား ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးအပြောင်းအလဲ အချိန်အခါ အခြေအနေ တစ်ခုတွင် နိုင်ငံရေးပြဿနာကို လက်နက် ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာ သည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်း ကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် သာ အဖြေရှာရန် သဘောထားရှိကြောင်း KNU ဥက္ကဋ္ဌ၏ သဘောထားထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အမျိုးသားရေးနှင့် တန်းတူရေးတို့အတွက် နှစ်ပေါင်းကြာရှည်စွာ လက်နက်ကိုင် ခုခံတော်လှန်ရေးကို ဆောင်ရွက်ခဲ့သော အဖွဲ့ တစ်ခုဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ကို ဦးစားပေးလျက် တွေ့ဆုံဆွေးနွေးပွဲများ မှတစ်ဆင့် ညှိနှိုင်းအဖြေရှာခြင်းကို ဆောင် ရွက်လာခဲ့ရာ ခရီးကာလတစ်ခုအထိ ရောက် ရှိခဲ့ပြီး NCA စာချုပ်အား လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း အဆိုပါသဘောထားထုတ်ပြန် ချက်တွင် ပါရှိသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုး၏ သဘောထားထုတ်ပြန်ချက် ထွက် ပေါ်လာပြီးနောက် အဆိုပါ သဘောထားထုတ် ပြန်ချက်နှင့်ပတ်သက်၍ ဒူးပလာယာခရိုင် KNU ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းကလည်း မေ ၁၃ ရက်တွင် အမြင်သဘောထားထုတ်ပြန် ချက်နှစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတကာရှေ့မှောက်၌ ကတိကဝတ်ပြုထားကြသည့်အ တိုင်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရန် ညှိနှိုင်းဆွေးနွေးအဖြေရှာကြ သည့် နည်းလမ်းသည်သာ နိုင်ငံသားများ အတွက် ကောင်းကျိုးဖြစ်စေပြီး ငြိမ်းချမ်းသာ ယာသော ပြည်ထောင်စုဖြစ်တည်စေမည်ဟု ဒူးပလာယာခရိုင် KNU ဥက္ကဋ္ဌက သဘော ထားထုတ်ပြန်သည်။

ထို့ကြောင့် KNU ဥက္ကဋ္ဌ၏ ရပ်တည် ချက်သဘောထားသည် ကရင်အမျိုးသားထု နှင့် ပြည်ထောင်စုသားအားလုံးတို့၏ ကောင်းကျိုးကို ဖြစ်ထွန်းစေမည်ဖြစ်ပြီး ငြိမ်းချမ်း သာယာသောဘဝ ပိုင်ဆိုင်လာနိုင်စေရန် သက်ဆိုင်သူများက တွေ့ဆုံညှိနှိုင်းဆွေးနွေး အဖြေရှာကြရန် ပဒိုစောရွှေမောင်းက မေတ္တာ ရပ်ခံခဲ့သည်။

ဒူးပလာယာခရိုင် KNU ဥက္ကဋ္ဌ၏ အမြင် သဘောထားထုတ်ပြန်ချက်အမှတ် (၂) တွင် ကရင်အမျိုးသားအစည်းအရုံးသည် ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်မှုအောက်မှစတင်ကာ ဥပဒေနှင့်အညီ အမျိုးသားရေးကို ဆောင်ရွက် ခဲ့သည့်အဖွဲ့အစည်းဖြစ်ကြောင်း  ဖော်ပြထား သည်။

အကြောင်းကြောင်းကြောင့် ဖဆပလ ဦးနုအစိုးရလက်ထက်တွင် မတရားအသင်းအဖြစ် သတ်မှတ်ကြေညာခြင်းခံခဲ့ရပြီး ဦးသိန်း စိန်အစိုးရလက်ထက်တွင် NCA လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် မတရားအသင်း အဖြစ်မှ ပယ်ဖျက်ခဲ့ကာ တရားဝင်အဖွဲ့အစည်းအဖြစ် တည်ရှိနေပြီဖြစ်ကြောင်း အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတကာ၏ မျက်နှာစာတွင် တင့်တယ် စွာ အသိအမှတ်ပြုခြင်းခံနေရသည့် အဖွဲ့ အစည်းတစ်ခုအဖြစ် တည်ရှိနေပြီဖြစ်ပြီး မြန် မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း၌ အသုုံးချ ခံအဖွဲ့တစ်ရပ်အနေဖြင့် မရပ်တည်သင့်ဘဲ ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ့်လမ်းစဉ် ကိုယ့်မူ ၀ါဒအတိုင်း မားမားမတ်မတ် ရပ်တည်ရမည် ဖြစ်ကြောင်း ဒူးပလာယာခရိုင် KNU ဥက္ကဋ္ဌက သဘောထားထုတ်ပြန်သည်။

မူဝါဒလမ်းစဉ် မှန်ကန်နေခြင်းကြောင့် KNU အနေဖြင့် ယနေ့ထိတိုင် ရပ်တည်နေ နိုင်ခြင်းဖြစ်ပြီး လုပ်ငန်းလမ်းစဉ်အတိုင်း မှန် ကန်စွာ ဆောင်ရွက်ပါက တစ်မျိုးသားလုံး၏ မျှော်မှန်းချက် ပြည့်ဝနိုင်စေမည်ဖြစ်ကြောင်း၊ လွဲမှားမည်ဆိုပါက ပြန်လည်ရယူထားနိုင်ပြီး ဖြစ်သည့် အခွင့်အလမ်း ဂုဏ်သိက္ခာတို့သည် ကွယ်ပျောက်သွားကာ မတရားအသင်းအဖြစ် သတ်မှတ်ခြင်းခံရနိုင်သည့် အခြေအနေသို့ တစ်ဖန်ပြန်လည်ရောက်ရှိသွားနိုင်ကြောင်း ဒူးပလာယာခရိုင် KNU ဥက္ကဋ္ဌက သဘော ထားထုတ်ပြန်သည်။

(၃)

KNU အနေဖြင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း KNU လက်အောက်ခံ တပ်မဟာအချို့နှင့် တပ်မ တော်စစ်ကြောင်းတို့ မကြာခဏတိုက်ပွဲဖြစ်ပွား မှုများ ရှိခဲ့သည်။

အထူးသဖြင့် တပ်မတော်နှင့် KNU တပ် မဟာ (၅) တို့အကြား မကြာခဏ တိုက်ပွဲဖြစ် ပွားမှုများရှိခဲ့ပြီး လက်ရှိအချိန်အထိလည်း တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့ ပစ် ခတ်မှုများ ရှိနေဆဲပင်ဖြစ်သည်။

တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့၏ ပစ်ခတ်မှုများကြောင့် ထိုင်း-မြန်မာ နယ်စပ်နှင့် ဖာပွန်ခရိုင်တို့တွင် တိုက်ပွဲရှောင် ဒေသခံများ အများအပြားရှိနေဆဲပင်ဖြစ် သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက်တွင် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့အကြား တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့ရာ တပ်မတော်ဘက်က လေ ကြောင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှု များရှိခဲ့သည်။

ထို့ပြင် လက်ရှိအစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထား သည့် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်အချို့ကို  KNU တပ်မဟာတချို့က စစ်သင်တန်းပေး သည်ဟုဆိုကာ ကရင်ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီက KNU အား ဘားအံဆက်ဆံ ရေးရုံးမှတစ်ဆင့် ကန့်ကွက်စာ ပေးပို့ထား သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ က မတရားအသင်းအဖြစ် ကြေညာထားသည့် CPRH, NUG , PDF နှင့် ၎င်းတို့၏ လက် အောက်ခံအဖွဲ့အစည်းများတွင် ပါဝင်သူ အချို့ကို KNU တပ်မဟာ (၁)၊ တပ်မဟာ (၆) နှင့် တပ်မဟာ (၇) နယ်မြေများတွင် စစ်သင်တန်းများ ပို့ချလျက်ရှိသည်ကို ဖမ်းဆီးရမိသူအချို့ထံမှ သိရှိရသည်ဟု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ထို့ကြောင့် KNU အနေဖြင့် NCA သဘောတူစာချုပ် အခန်း (၆)၊ စာပိုဒ် (၂၅)၊ စာပိုဒ်ခွဲ (က)၊ စာပိုဒ်ခွဲငယ် (၄) ပါ “ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ” ဟူသော အချက် အား ဖောက်ဖျက်နေပြီး အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ လုပ် ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည့်အတွက် ထိုသို့ ဆောင်ရွက်မှု အပေါ် ကန့်ကွက်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက စာပေး ပို့ခဲ့သည်။  

KNU ဥက္ကဋ္ဌနှင့် ဒူးပလာယာခရိုင်  KNU ဥက္ကဋ္ဌတို့၏ သဘောထားအမြင် ထုတ် ပြန်ချက်များတွင် လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍ NCA လမ်းကြောင်း အတိုင်းသွားရန် သဘောထားရှိသကဲ့သို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ကန့်ကွက်စာတွင်လည်း NCA အတိုင်းဆောင်ရွက်ရန် သဘောထားပါရှိသည်။

သို့သော် လက်ရှိ နိုင်ငံရေးအခြေအနေ အရ NCA စာချုပ်အတိုင်း ဆက်လက်ဆောင် ရွက်သွားရန် ရှိ၊ မရှိဆိုသည်မှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ရွေးချယ်ရမည့် လမ်းကြောင်းသာဖြစ်သည်။

KNU ဥက္ကဋ္ဌ၏ သဘောထားမှာ တိုက် ပွဲရှောင်ပြည်သူများအတွက် တစ်စုံတစ်ရာ သက်သာရာရစေရန် နည်းလမ်းတစ်ခု အနေ ဖြင့် စဉ်းစားနိုင်သော်လည်း လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ နေရခြင်းဖြစ်သည်။

KNU ဥက္ကဋ္ဌ၏ သဘောထား ရပ်တည် ချက်သည် ကရင်လူထု၏ ငြိမ်းချမ်းရေးနှင့် အဓိကဆက်စပ်နေပြီး တပ်မတော် နှင့် KNU တပ်မဟာ (၅) တို့၏ တိုက်ပွဲများကြောင့် ဒေသ ခံလူထုမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်သည်။

လက်ရှိ အခြေအနေအရ ပြည်တွင်း ငြိမ်းချမ်းရေးချဉ်းကပ်ရာတွင် တိုင်းရင်းသား လက်နက်အဖွဲ့အစည်းများ အနေဖြင့် အစု အဖွဲ့အလိုက်ဖြစ်စေ၊ တစ်ဖွဲ့ချင်းအလိုက်ဖြစ်စေ စိန်ခေါ်မှုများ ရှိနေဆဲပင်ဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်များတွင် တပ်မတော်နှင့် NCA စာချုပ်တွင် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအချို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့ သော်လည်း တပ်မတော်ဘက်ကမူ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ NCA လမ်း ကြောင်းအတိုင်းသွားမည်ဟု ကြေညာထား သည်။

သို့သော် ကျင်းပပြီးစီးခဲ့သည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် NCA စာချုပ်ပါ ပြဋ္ဌာန်း ချက်များအပေါ် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကွဲလွဲမှုများ ရှိခဲ့သည့်အတွက် နိုင်ငံရေးဆွေး နွေးဖက်များအကြား သဘောထားမတိုက် ဆိုင်မှုများရှိလာကာ နိုင်ငံရေးဆွေးနွေးပွဲ အချို့ ရပ်တန့်ထားရသည့် အနေအထားများ ကြုံတွေ့ခဲ့ရသည်။

နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍများတွင် နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ စိတ်ဝင်တစား စောင့်ကြည့်လေ့လာခြင်းကို ရရှိနေသည့် KNU အနေဖြင့် ၎င်း၏ နိုင်ငံရေးလမ်းကြောင်းအား မည်သို့ ဆက်လက်ချီတက်မည် ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် KNU ၏ ခရိုင်အချို့တွင် ခေါင်းဆောင်မှုအပိုင်း ရွေးချယ်ရေး အတွက် ကွန်ဂရက်အစည်းအဝေးများ ပြုလုပ် ရွေးချယ်နေပြီး လေးနှစ်တစ်ကြိမ် ပြုလုပ်ရသည့် KNU ဗဟို၏ ခေါင်းဆောင်ပိုင်းရွေးချယ်မှုသည်လည်း မကြာမီ မြင်တွေ့ရဖွယ်ရှိနေ သည်။

KNU ၏ (၁၇) ကြိမ်မြောက် ကွန်ဂရက် တွင် သဘောထားတင်းမာသူနှင့် သဘောထား ပျော့ပြောင်းသူ မည်သူတို့က ခေါင်းဆောင်ပိုင်းတွင် ပါဝင်ဦးဆောင်လာမည်ကို သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့အစည်းအတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲသည် နိုင်ငံရေးအပြောင်းအလဲအပေါ် သက်ရောက် မှုများစွာရှိသည်မှာ အမှန်ပင်ဖြစ်သည်။

 

Most Read

Most Recent