ကိုဗစ်ရောဂါပိုး မြင့်တက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်ရဲ့ တတိယလှိုင်းအန္တရာယ်

ကိုဗစ်ရောဂါပိုး မြင့်တက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်ရဲ့ တတိယလှိုင်းအန္တရာယ်
စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းတွင် ကိုယ်အပူချိန်တိုင်းနေစဉ် (Photo:RSCCI)
စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းတွင် ကိုယ်အပူချိန်တိုင်းနေစဉ် (Photo:RSCCI)
Published 23 May 2021
၀င်းကျော်အောင်

အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ်ကပ်ရောဂါလှိုင်းအတွင်း နေ့စဉ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ စံချိန်ချိုးအောင်တိုးလာတဲ့ အခြေအနေကို အလူးအလဲခံစားနေကြပါတယ်။

ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို ဖြတ်ကျော်လာနိုင်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကိုအတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်တာကြောင့် ဖြေလျှော့မှုတွေ လုပ်လာကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကိုလည်း ဧပြီလထဲမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးစခန်းတွေဟာ ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ စစ်တွေမြို့တွေမှာ ရှိတာပါ။ အဆိုပါနယ်စပ် ကုန်သွယ်ရေးစခန်းတွေကို COVID-19 ကြောင့်၂၀၂၀ ပြည့်နှစ် သြဂုတ်လက စတင်ပိတ်ထားခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၁၂ ရက်မှာ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီလို နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ဖွင့်လှစ်ခဲ့တဲ့အချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ လူနာအရေအတွက် မြင့်တက်နေတဲ့ ကိုဗစ်ကာလနဲ့ ထိပ်တိုက်တိုးနေပါတယ်။ ဒါကြောင့် တစ်ဖက်နိုင်ငံကို ကုန်တင်ပို့တဲ့သင်္ဘော၊ မော်တော်တွေနဲ့ လိုက်ပါကြတဲ့သူတွေကို သီးခြားကွာရန်တင်းထားတာတွေကို  အစိုးရကလုပ်တာတွေ့ရပါတယ်။

ရခိုင်ပြည်နယ်ဟာ ကိုဗစ်ဒုတိယလှိုင်းကို အလူးအလဲခံခဲ့ရတာကြောင့် ကိုဗစ်ရောဂါပိုး ထပ်တွေ့လာမှာကို ဒေသနေပြည်သူတွေ စိုးရွံ့နေကြရတာပါ။ ရခိုင်ကိုရောက်လာတဲ့ ကိုဗစ်လူနာတွေဟာလည်း ဘင်္ဂလားဒေ့ရှ်က ပြန်လာသူတွေဖြစ်နေတာမို့ နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်တာကို တချို့ကစိုးရိမ်မကင်း ဖြစ်နေခဲ့ကြပါတယ်။

လူတွေ စိုးရိမ်သလိုမျိုး ဖြစ်ရပ်တစ်ခု မေ ၁ ရက် ညနေပိုင်းမှာ စတင်ဖြစ်လာပါတယ်။ ဘင်္ဂလားဒေ့ရှ်က အပြန်စက်လှေသမားတစ်ယောက်ဟာ အသက်ရှူရခက်တဲ့ဝေဒနာကို ခံစားနေရတာကြောင့် စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရတဲ့ သတင်းပါ။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ကိုဗစ်သံသယလူနာဖြစ်တဲ့ အဆိုပါသင်္ဘောသားကို ကိုဗစ်စစ်ဆေးတဲ့အခါ ရောဂါပိုးမတွေ့ခဲ့ရပါဘူး။ အဆိုပါ သံသယလူနာမှာ အသက် ၇၀ ခန့်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကို ကုန်ပို့ပြီးပြန်လာတဲ့သင်္ဘောက သင်္ဘောသားတစ်ဦးဖြစ်ပါတယ်။

ဒါပေမဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ နေ့စဉ်တိုးလာနေတဲ့အခြေအနေမှာ နယ်စပ်ကုန်သွယ်ရေးနဲ့ နေ့စဉ်အသွားအလာရှိနေတာကြောင့် တစ်နေ့နေ့တော့ ရခိုင်ကို ရောဂါပိုးရောက်လာမှာကို လူတွေယုံကြည်နေကြပါတယ်။ လူတွေ ယုံကြည်ခဲ့ကြသလို မေ ၁၂ ရက်မှာ ဘင်္ဂလားဒေ့ရှ်ကပြန်လာတဲ့ စက်လှေသမား အယောက် ၄၀ ကို ကိုဗစ်စစ်ဆေးရာမှာ လေးဦးမှာကိုဗစ်ပိုး စတွေ့ပါတော့တယ်။

ယခု ပိုးတွေ့ရှိသူတွေဟာ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူတွေဖြစ်ပေမဲ့ ကုန်းပေါ်ကိုမတက်ရဘဲ သင်္ဘောမှာပဲ ကွာရန်တင်းဝင်နေသူတွေ ဖြစ်တာကြောင့် တခြားလူတွေနဲ့ ထိတွေ့မှုမရှိဘူးလို့ သက်ဆိုင်ရာတွေက ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း ဒေသခံတွေ စိတ်သက်သာရာရခဲ့တယ်လို့ ဆိုပါတယ်။

ယခု ရောဂါပိုးတွေ့ရှိသူတွေရှိလာပေမဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ရန်မရှိသော်လည်း ကွာရန်တင်းဝင်နေသူတွေကိုလည်း ထပ်မံရောဂါပိုးရှိမရှိ စစ်ဆေးသွားမယ်လို့လည်း အစိုးရတာဝန်ရှိသူတွေက ထုတ်ပြောခဲ့ပါတယ်။

မေ ၁၄  ရက်မှာတော့ ပထမအကြိမ် စစ်ဆေးတုန်းက ပိုးမရှိအဖြေထွက်ခဲ့တဲ့ ကျန်တဲ့လှေသမား ၃၆ ဦးကို စစ်ဆေးတဲ့အခါ နောက်ထပ်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြန်ပါတယ်။ ငါးယောက်မြောက် ကိုဗစ်လူနာမှာ အသက် ၅၉ နှစ်အရွယ်အမျိုးသား ဖြစ်ပါတယ်။

ပိုးတွေ့ရှိသူတွေကို  စစ်တွေဆေးရုံ ကိုဗစ်ကုသဆောင်မှာ သီးခြားထားဆေးကုသမှုပေးနေပြီး သူတို့ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်တယ်လို့ သိရပါတယ်။

အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဧပြီတစ်လတည်းမှာပင် ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၂၄၀၄ ဦးရှိခဲ့ပြီး ဧပြီလမှာ သေဆုံးမှု အမြင့်ဆုံးလတစ်လအဖြစ် ဘင်္ဂလားဒေ့ရှ် အခြေစိုက်သတင်းဌာနဖြစ်တဲ့ Bdnews24 မှာ ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း နေ့စဉ် ကိုဗစ်လူနာပေါင်း ၅၀ နှင့် ၁၀၀ အကြား သေဆုံးနေပြီး မေ ၁၂ ရက် နံနက်ပိုင်းအထိ သေဆုံးသူ ၁၂၀၄၅ ဦးရှိသွားပြီလို့ ဘင်္ဂလားဒေ့ရ်ှသတင်းတွေမှာ ဖော်ပြထားပါတယ်။

နယ်စပ်ဝင်/ထွက်မှုကို စနစ်တကျ ကြပ်မတ်ရန်လို

စစ်တွေ နယ်စပ်ကုန်သွယ်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကုန်ပို့စက်လှေတွေဟာ ကုန်ပို့ဆောင်ပြီး ပြန်လည်ဝင်ရောက်လာစဉ်မှာ စစ်တွေရွှေမင်းဂံဆိပ်ကမ်းရှိသတ်မှတ်ထားတဲ့  ဆိပ်ခံတံတားနေရာ (သို့မဟုတ် ) သတ်မှတ်ထားတဲ့ ကန့်သတ်ဧရိယာထဲမှာ ကျောက်ချရပ်နားရတယ်လို့ ဆိုပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ စက်လှေပေါ်ပါ လှေသားစာရင်းကို လဝကကစစ်ဆေးပြီး လှေလုပ်သားတွေကို လှေပေါ်မှာ Quarantine ၁၀ ရက်နေစေကြောင်းနဲ့ ပူးပေါင်းအဖွဲ့က လုံခြုံရေးကြပ်မတ် ဆောင်ရွက်ထားတယ်လို့လည်း ဆိုပါတယ်။ Quarantine ၁၀ ရက် ခံယူနေစဉ်ကာလမှာ  သုံးရက်လျှင် တစ်ကြိမ်၊ ခုနစ်ရက်လျှင်တစ်ကြိမ် ကိုဗစ်စစ်ဆေးမှု နှစ်ကြိမ်ခံယူရပြီး ကိုဗစ်စစ်ဆေးမှုကို အပတ်စဉ် အင်္ဂါနေ့နဲ့ သောကြာနေ့တိုင်း စိစစ်ဆောင်ရွက်လျက်ရှိတယ်လို့ ရခိုင်ပြည်နယ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (RSCCI) ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အလားတူ မောင်တောနယ်စပ် ကုန်သွယ်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကုန်ပို့သွားတဲ့ စက်လှေသမားတွေကတော့ မောင်တောကညင်ချောင်းဆိပ်ကမ်းမှာ ကျန်းမာရေးစစ်ဆေးခံရပြီး သီးခြားနေစေတယ်လို့ ဆိုပါတယ်။

ရခိုင်ကို ကိုဗစ်ရောက်ရှိလာမယ့် ဝင်ပေါက်ဟာ နယ်စပ်ကုန်သွယ်ရေးဝင်ပေါက်လည်း ပါဝင်တာကြောင့် ရခိုင်ပြည်မှာ ကိုဗစ်လူနာတွေ ထပ်တိုးမလာစေဖို့ နယ်စပ် ဝင်/ထွက်မှုတွေကို စနစ်တကျကြပ်မတ်ရန်လိုတယ်လို့ ရခိုင်အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြပါတယ်။

ကိုဗစ်ကူးစက်မှုဖြစ်ချိန် ကာကွယ်တားဆီးရေးလုပ်ငန်းများမှာ အလွန်တရာမှ ကုန်ကျစရိတ်များပြီး လက်ရှိတည်ငြိမ်မှုမရှိသေးတဲ့ အခြေအနေမှာ ပိုပြီးတော့ဆိုးနိုင်ခြေရှိတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပေးဖို့ပြောဆိုတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်မှာအခြေပြုတဲ့ အကြမ်းဖက်အဖွဲ့တွေကလည်း နယ်စပ်ဖြတ်ကျော်ဝင်လာတာတွေ၊ နယ်စပ်ခြံစည်းရိုး ကာရံနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်းပစ်ခတ်တာတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာတွေကို ကြားလာရပြန်ပါတယ်။ ခေတ်အဆက်ဆက် နယ်စပ်မှ ခိုးဝင်လာသူတွေကို မတားဆီးနိုင်တဲ့ အခြေအနေရှိနေတာကြောင့် ကိုဗစ်တတိယလှိုင်းထပ်မဖြစ်ဖို့ မောင်တောနယ်စပ်ကို အရေးတကြီး ကြိုတင်ကာကွယ်တားဆီးရေး အစီအမံတွေလုပ်ထားဖို့လိုပါတယ်။

ဒါပေမဲ့ အခြားတစ်ဖက်မှာ ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းတွေဟာ လျော့ရဲလာနေသလို Mask တပ်ဆင်သွားလာသူတွေလည်း မရှိသလောက် ဖြစ်နေကြပါပြီ။ လူစုလူဝေးတွေ၊ ပွဲလမ်းသဘင်တွေမှာလည်း လူတွေကျိတ်ကျိတ်တိုးစည်ကားလို့နေပါပြီ။

ရခိုင်ကို ကိုဗစ်ပိုး ဘယ်ကဝင်လာခဲ့သလဲ

၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက် ဟာ ရခိုင်မှာ ကိုဗစ်လူနာစတွေ့တဲ့ နေ့လည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ထဲမှာ ပြည်တော်ပြန်တစ်ဦးထံမှာ ကိုဗစ်ရောဂါပိုး စတွေ့ခဲ့ပါတယ်။ နောက် မေ ၁၉ ရက်မှာ တောင်ကုတ်မြို့နယ်ထဲမှာ အတည်ပြုလူနာတစ်ဦး ထပ်တွေ့ခဲ့ပြန်ပါတယ်။ သူဟာ တောင်ကုတ်မြို့နယ် ရွာမမြို့နယ်(ခွဲ) သက္ကယ်ကျွန်းကျေးရွာက လူနာအမှတ် ၁၉၀ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ရခိုင်နဲ့အနီးကပ်ဆုံးနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်ပိုးတွေ့လူနာတွေ တရဟောတွေ့ရှိနေတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်မှုကို မရပ်သေးသလို ခိုးဝင်တွေကလည်း  မတားဆီးနိုင်သေးပါဘူး။ ၂၀၂၀ ပြည့်နှစ် ဇွန် ၄ ရက် နံနက်ပိုင်းက ထုတ်ပြန်ချက်ထဲမှာတော့ မောင်တောမြို့နယ်ထဲမှာ ကိုဗစ်လူနာတစ်ဦး ထပ်မံတွေ့ပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့သူ ဖြစ်ပါတယ်။

ရခိုင်မှာ ကိုဗစ်ပိုးတွေ့ရှိသူတွေဟာ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်သူတွေဖြစ်ပြီး နယ်စပ်ချင်းထိစပ်နေတဲ့ မောင်တောခရိုင်အတွင်းမှာပဲ ဆက်တိုက်တွေ့ရှိခဲ့ပါတယ်။

စစ်တွေမြို့မှာ စတွေ့ခဲ့သူတစ်ဦးကလည်း ဘင်္ဂလားဒေ့ရှ်က နယ်စပ်ကုန်သွယ်ရေးဘုတ်နဲ့ ပြန်လာသူဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စစ်တွေနယ်စပ်ကုန်သွယ်ရေးကို  ယာယီရပ်နားလိုက်ပါတယ်။ ကိုဗစ်ပထမလှိုင်းမှာ ကိုဗစ်ကြောင့်အသေအပျောက် ရခိုင်မှာမရှိခဲ့ပါဘူး။

၂၀၂၀ သြဂုတ် ၁၆ ရက် ည ၈ နာရီက မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် CB ဘဏ်ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးဟာ ကိုဗစ်လူနာစာရင်းမှာ ပါဝင်လာပါတော့တယ်။

သြဂုတ် ၁၈ ရက်မှာ CB ဘဏ်ဝန်ထမ်း လူနာအမှတ် ၃၇၅ နဲ့ ဆက်စပ်ခဲ့သူသုံးဦးမှာ ကိုဗစ်ပိုးထပ်တွေ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့နဲ့ ဆက်စပ်ထိတွေ့ခဲ့သူတွေကို ရှာဖွေရင်း ဒုတိယကိုဗစ်လှိုင်းဟာ ရခိုင်ကိုကြီးစွာရိုက်ခတ်ခဲ့တယ်။

စက်တင်ဘာ ၁၃ ရက်မှာတော့ စစ်တွေဆေးရုံမှာ ကုသခံနေရတဲ့ ကိုဗစ်အတည်ပြုလူနာအမှတ် ၂၄၆၃ ဟာ သေဆုံးသွားပါတယ်။ သူဟာ အသက် ၇၅ နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူဖြစ်ပြီး လေဖြတ်ထားတာလည်း ရှစ်နှစ်လောက်ရှိနေပြီဖြစ်သလို ပြင်းထန်အဆုတ်ရောင်ခြင်း၊ ရုတ်တရက်သွေးကြောပြတ်ပြီး ထပ်မံလေဖြတ်ခြင်းကြောင့် သေဆုံးခဲ့ရတာလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ သူဟာ ရခိုင်ပြည်နယ်ရဲ့ ကိုဗစ်အတည်ပြုလူနာတွေထဲက ပထမဆုံးသေဆုံးသူလည်း ဖြစ်ပါတယ်။

ရခိုင်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် လူ ၃၇ ဦးသေဆုံးခဲ့ပြီး ၄၂၆၄ ဦး ရောဂါကူးစက်ခံခဲ့ရကြောင်း သိရပါတယ်။

၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် မြန်မာနိုင်ငံမှာ ပထမဆုံးကိုဗစ်အတည်ပြု လူနာနှစ်ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၂၁ ခုနှစ်  မေ ၁၃ ရက် ည ၈ နာရီ ထုတ်ပြန်ချက်ထဲမှာတော့ တစ်နိုင်ငံလုံး ဓာတ်ခွဲနမူနာ ၂၀၁၉ ခုကို စစ်ဆေးတဲ့အထဲမှာ ကိုဗစ်အတည်ပြု လူနာ ၃၀ ဦး တွေ့ရှိရပြီး  မြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ ၁၄၃၀၀၄ ဦးရှိပြီဖြစ်ကြောင်းနှင့် သေဆုံးသူ ၃၂၁၂ ဦးရှိပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းကို ခံခဲ့ရပြီဖြစ်သဖြင့် အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ကိုဗစ်တတိယလှိုင်းကို ကြိုတင်ကာကွယ်ရေးအစီအမံတွေကို တင်းတင်းကျပ်ကျပ်လုပ်ဖို့ လိုအပ်နေပါပြီ။

ဒါ့အပြင် ရခိုင်ပြည်ကြီး ကိုဗစ်ရောဂါက ကင်းဝေးဖို့ အနောက်ဘက်နယ်စပ်မှ ခိုးဝင်ခိုးထွက်တာတွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားဖို့နဲ့ တစ်ဖက်နိုင်ငံနဲ့ ကူးလူး ဆက်သွယ်သူတွေကိုလည်း  ရောဂါကြိုတင်ကာကွယ်ရေးအစီအမံတွေ စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လုပ်ထားဖို့ လိုပါတယ်။

Most Read

Most Recent