ဆံတော်ရှင် ဗန္ဓိသေလာ (နွားလပို့) စေတီတော်မြတ်ကြီးသို့

ဆံတော်ရှင် ဗန္ဓိသေလာ (နွားလပို့) စေတီတော်မြတ်ကြီးသို့
ဆံတော်ရှင် ဗန္ဓိသေလာ (နွားလပို့) စေတီတော်မြတ်ကြီးကို အဝေးမှ ဖူးတွေ့ရစဉ် (Photo - နတ်သား (ပေါင်))
ဆံတော်ရှင် ဗန္ဓိသေလာ (နွားလပို့) စေတီတော်မြတ်ကြီးကို အဝေးမှ ဖူးတွေ့ရစဉ် (Photo - နတ်သား (ပေါင်))
Published 23 May 2021
ဘိုဘိုမြင့်

အားလပ်ရက်လေးတစ်ရက် နေ့ချင်းပြန်ခရီးလေးသွားချင်တဲ့ စိတ်ကပေါ်လာတာနဲ့ မော်လမြိုင်မြို့နဲ့ သိပ်မဝေးလှတဲ့နေရာတွေ စဉ်းစားမိတဲ့အခါမှာ မရောက်ဖြစ်တာ ဆယ်စုနှစ်နှစ်စုလောက်ကြာနေပြီဖြစ်တဲ့ ပေါင်မြို့နယ်၊ ကျုံကကျေးရွာမှာတည်ရှိတဲ့ ဆံတော်ရှင် ဗန္ဓိသေလာ စေတီတော်မြတ်ခေါ် နွားလပို့တောင် စေတီမြတ်ကြီးဆီကို သွားရောက် ဖူးမြော်ချင်တဲ့စိတ်ဖြစ်ပေါ်ခဲ့ပါတယ်။

မေလဆန်း မနက်ပိုင်းဆိုပေမဲ့လည်း ရာသီဥတုအခြေအနေက နေထွက်တာနဲ့ကို ပူပြင်းနေပြီဖြစ်ပါတယ်။ မော်လမြိုင်ကနေ ပေါင်မြို့နယ် ကျုံကကျေးရွာက ၁၂ မိုင်ခန့်သာ ဝေးကွာပါတယ်။ တောင်ခြေရောက်တော့ ဗန္ဓိသေလာဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီး နွားလပို့တောင်တော်ဆိုပြီး ဆိုင်းဘုတ်နဲ့ မုခ်ဝကြီးကိုတွေ့ရပါတယ်။

မုခ်ဝကြီးအတွင်းကို ဝင်ရောက်သွားရင်တော့ နွားလပို့တောင်တော် တောင်ခြေစခန်းကို တွေ့ရမှာဖြစ်ပါတယ်။ မူလက တောင်ပေါ်ကို လမ်းလျှောက်တက်ဖို့ စိတ်ကူးခဲ့ပေမဲ့လည်း ရာသီဥတုက ပူပြင်းတာကြောင့် လက်လျှော့လိုက်ရပြီး တောင်တက်ကားနဲ့ပဲ တက်ဖြစ်ခဲ့ပါတယ်။ တောင်တက်ကားလမ်းက ၄ မိုင်နဲ့ ၂ ဖာလုံရှိတယ်လို့လည်း သိရပါတယ်။

တောင်ခြေအတက်နားလောက်မှာပဲ သစ်ပင်ကြီးတချို့တွေ့ရပြီးတော့ တောင်ပေါ်ကားလမ်းတစ်လျှောက် သစ်ကြီးဝါးကြီးတွေ သိပ်ပြီးမတွေ့ရဘူး။ ဟိုးအရင်က နွားလပို့တောင်ကို ဒေသခံတွေ တောတက်လမ်းတွေကနေ တစ်ဆင့်သွားခဲ့ရတဲ့ အခြေအနေကို ပြန်ပြောင်းသတိရမိပါသေးတယ်။

နွားလပို့တောင်လို့ အမည်တွင်ရခြင်းကလည်း ကျုံကကျေးရွာကနေ မြောက်ဘက်သို့ မျှော်ကြည့်လိုက်ရင် တောင်တန်းကြီးအလယ်မှာ ဒီတောင်ကိုနွားဥဿဘကြီးရဲ့ လပို့နဲ့အလားသဏ္ဌာန်တူစွာ မြင်တွေ့ရတဲ့အတွက်ကြောင့် နွားလပို့တောင်လို ့အမည်တွင်ခြင်းဖြစ်ကြောင်းကို နွားလပို့ဆံတော်ရှင်ဆုတောင်းပြည့်စေတီတော် သမိုင်းစာအုပ်အရ မှတ်သားရပါတယ်။

နွားလပို့တောင်သည် အမြင့်ပေ ၁၈၈၈ ရှိကြောင်း၊ နွားလပို့တောင်ရဲ့ မြောက်ဘက်ခြမ်းမှာ ဇင်းကျိုက်တောင်၊ ကုလားမတောင်တန်းတို့နဲ ့ဆက်စပ်နေပြီးတော့ နွားလပို့တောင်ရဲ့ တောင်ဘက်ခြမ်းမှာတော့ တောင်ညိုတောင်၊ မုတ္တမတောင်တန်းကြီးတို့နဲ့ သွယ်နေပြီးတော့ တဖြည်းဖြည်းနဲ့ နိမ့်လျှောကျကာ သံလွင်မြစ်အတွင်း ငုပ်လျှိုးသွားတာကို နွားလပို့တောင်ပေါ်ကနေ မြင်တွေ့နိုင်ပါတယ်။

နွားလပို့တောင်ပေါ်ရောက်တဲ့အခါမှာတော့ ဆံတော်ရှင်ဆုတောင်းပြည့် ဗန္ဓိသေလာစေတီတော်မြတ် နွားလပို့တောင်တော်လို့ ရေးထိုးထားတဲ့ မုခ်ဝကြီးကိုတွေ့ရ ပါတယ်။ အဲဒီကနေ လှေကားအတိုင်း တောင်ပေါ်ကို ဆက်တက်ရပါသေးတယ်။ ဟိုးအရင်ကထက်က အဆောက်အအုံတွေ အများကြီးတိုးလာကိုတော့ သတိထားမိပါတယ်။

အဲဒီနောက်မှာတော့ ဆံတော်ရှင်ဗန္ဓိသေလာစေတီတော်မြတ်ကြီးတည်ရှိရာ ရင်ပြင်တော်ပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ ရာသီဥတုက ပူပြင်းနေပေမဲ့ တောင်ပေါ်မှာ လေတိုက်နေတဲ့အတွက် အပူသက်သာစေတဲ့အပြင်ကို စေတီတော်မြတ်ကြီးကို ဖူးမြော်လိုက်ရတဲ့အတွက်ကိုလည်း ရင်ထဲအေးချမ်းစေပါတယ်။

စေတီတော်မြတ်ကြီးရဲ့ ပုံသဏ္ဌာန်က ကျောက်တုံးသုံးလုံးဆင့် တည်ရှိနေတဲ့ ကျောက်တုံးတော်များရဲ ့အပေါ်ဆုံးကျောက်တုံးပေါ်မှာ စေတီတော်တည်ထားတဲ့ ပုံသဏ္ဌာန် ဖြစ်ပါတယ်။ စေတီတော်ကြီးရဲ့ပုံသဏ္ဌာန်နဲ့ ပတ်သက်လို့မဟာသက္ကရာဇ် ၁၁၃ ခုတွင် တိဿရသေ့ကြီးသည် ဘုရားရှင်ချီးမြှင့်တော်မူသည့် ဆံတော်တစ်ဆူကို ပင့်ဆောင်လာပြီး စေတီတည်ထားကိုးကွယ်ရန် ရည်သန်၍ ရသေ့ဦးခေါင်းတော်သဏ္ဌာန် ကျောက်တုံးကိုရှာဖွေရာ ဤနွားလပို့တောင်ပေါ်ရှိ လုံးဆင့်တည်နေသည့် ကျောက်တုံးတော်များကို တွေ့ရှိပြီး၊ အလယ်ကျောက်တုံးတော်ကို ထွင်းဖောက်ဌာပနာလျက် ဤစေတီတော်ကြီးကို တည်ထားခဲ့ကြောင်း၊ ကျောက်တုံးသုံးတုံးဆင့် တည်နေပုံမှာလည်းအရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာမှ ဖူးမြော်လိုက်တိုင်း ပုံသဏ္ဌာန်တော်တစ်မျိုးစီ ဖူးမြင်ရပါတယ်။

အရှေ့မြောက်အရပ်နဲ့ အနောက်တောင်အရပ်တို့မှ ဖူးမြော်ပါက ရသေ့တစ်ပါးရဲ့ ဦးခေါင်းတော်၊ ပါးပြင်တော်၊ နားရွက်တော်နဲ့ ပခုံးတော်သဏ္ဌာန်တွေ ဖူးမြင်ရတယ်လို့ ဆိုကြပါတယ်။ 

ဗန္ဓိသေလာစေတီတော်မြတ်ကြီးရဲ့ ပါးစပ်ရာဇဝင်အရ တိဿရသေ့ကြီးဟာ စေတီတော်တည်ထားရန်အတွက် ရသေ့ဦးခေါင်းတော်နဲ့တူတဲ့ ကျောက်တုံးကို ရှာဖွေတဲ့အခါမှာ ဤကျောက်တုံးတော်ကိုတွေ့ရှိပြီး မြတ်စွာဘုရားရဲ ့ဆံတော်ကို ဌာပနာပြီးတော့ စေတီတော်တည်ထားခဲ့ရာမှ နောင်အခါ ပိုမိုအံ့သြဖွယ်ကောင်းတဲ့ ကျောက်တုံးတော်ကို ထပ်မံတွေ့ရှိရတဲ့အတွက် ကျိုက်ထီးရိုးစေတီတော်ကို တည်ထားခဲ့သောကြောင့် ဤဗန္ဓိသေလာစေတီတော်မြတ်သည် ကျိုက်ထီးရိုးစေတီတော်မြတ်ထက် ငါးနှစ်ခန့်စောပြီးတည်ထားတဲ့ စေတီတော်ရယ်လို့လည်း ဆိုကြပြန်ပါတယ်။

အဲဒီအပြင်ကို စေတီတော်မြတ်ကြီးရဲ့ အရှေ့ဘက်ကိုက် ၁၀၀ ခန့် အကွာမှာ ကျောက်သားကိုထွင်းဖောက်ပြီး တူးဖော်ထားတဲ့ နတ်ရေတွင်းရှိပါတယ်။ အဲဒီရေတွင်းဟာ ကျောက်တောင်ထပ်မှာရှိနေတယ် ဆိုပေမဲ့ ၁၂ ရာသီပတ်လုံး ရေပြတ်လပ်ခြင်းမရှိဘဲ ဘုရားပွဲတော်ကာလဖြစ်တဲ့ တန်ခူးလအတွင်းမှာပင်ရေကို လုံလောက်စွာ သုံးစွဲနိုင်တယ်လို့ ဆိုကြပါတယ်။

နတ်ရေတွင်းလို့ ခေါ်ဆိုကြခြင်းမှာလည်း ရှေးကာလက ဘုရားဒကာတစ်ဦးဖြစ်သူ ဖိုးဖိုးကြူအား ဤနေရာတွင် ရေတွင်းတူးပါဟု အိပ်မက်လာပေးချက်အရ ဖိုးဖိုးကြူ၊ ဖိုးစွန်ထော်၊ ဖိုးဖာတူးတို့က တူးဖော်ထားသည့် ရေတွင်းဖြစ်ပြီး ဘုရားပွဲတော်ကာလအတွင်းမှာ ဘုရားဖူးများက နတ်ရေတွင်းမှ ရေကိုခပ်ယူကာ ကျန်းမာရေးအလို့ငှာ သောက်သုံးခြင်း၊ လူငယ်များက ရေတွင်းအောက်ခြေမှ အလွန်မွှေးကြိုင်ပြီး ဖြူဖွေးညက်ညောသော ရွှံ့မြေကိုဝါးလုံးခွဖြင့် ထိုးကော်ယူကာ မျက်နှာတွင် လိမ်းကျံကြခြင်းဖြင့် ဝက်ခြံ၊ တင်းတိပ်များ ပျောက်ကင်းသည်။မျက်နှာပွင့်လန်းသည်။ ကျန်းမာကြသည်ဟုလည်း ဆိုကြပြန်သည်။

ထို့ပြင် စေတီတော်မြတ်ရဲ့ တောင်ဘက်ကိုက် ၅၀၀ ခန့်အကွာတွင်လည်း ကျောက်ဖျာတစ်ခုကို ထွင်းဖောက်ထားသည့် ဇော်ဂျီရေတွင်းဆိုတာလည်း ရှိပါသေးတယ်။ အဆိုပါ ဇော်ဂျီရေတွင်းမှာလည်း တစ်နှစ်ပတ်လုံး ရေပြတ်လပ်မှုမရှိဘူးလို ့ဆိုကြပါတယ်။ 

ဆေးကြိတ်ရာမှာ အသုံးပြုဖို့ရေကိုရရှိရန်အတွက် ဇော်ဂျီကတောင်ဝှေးဖြင့် ဖောက်ထားခြင်းဖြစ်သောကြောင့် ယင်းရေတွင်းမှရေဖြင့် ဆေးဝါးဖော်စပ်လျှင် အလွန်ပင်အစွမ်းထက်ကြောင်း ဆိုကြပြန်ပါတယ်။

ထို့ပြင် စေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော် ပတ်လည်မှာဆိုရင်လည်း စေတီငယ်များ၊ သာသနိက အဆောက်အအုံများနဲ့များစွာ စည်ပင်နေပြီလည်းဖြစ်ပါတယ်။

ဆုတောင်းပြည့် ဗန္ဓိသေလာ စေတီတော်မြတ်တည်ရှိရာ နွားလပို့တောင်ပေါ်ကနေ ဘေးပတ်ဝန်းကျင်ကို လှမ်းမျှော်ကြည့်လိုက်မယ်ဆိုရင် မြောက်ဘက်မှာ ကုလားမတောင်တန်း၊ အရှေ့ဘက်မှာ တောတောင်၊ လယ်ကွင်းများအပြင် ကရင်ပြည်နယ်ဘက်က ဇွဲကပင်တောင်ကြီးကိုလည်း လှမ်းမြင်နေရပါသေးတယ်။ အဲဒီအပြင်ကို တောင်ဘက်မှာ မုတ္တမတောင်တန်းကြီးနဲ့ အနောက်ဘက်မှာဆိုရင် ဘီလူးကျွန်းနဲ့ ပင်လယ်ပြင်ကို ခပ်ရေးရေးလေး မြင်တွေ့ရပါတယ်။ လတ်ဆတ်တဲ့လေကိုရှူရပြီး သဘာဝအတိုင်း ရှိနေသေးတဲ့ အရာတွေ မြင်တွေ့ရတဲ့အတွက်ကို မွန်းကျပ်မှုတွေ အထိုက်အလျောက်တော့ ဖြေလျှော့စေပါတယ်။ 

“ဟိုးအရင်ကတော့ နွားလပို့တောင်စေတီတော် (ဒေသအခေါ်) တည်ရှိနေတာ လူတွေက သိပ်သတိမထားဖြစ်ကြဘူး။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ စေတီတော်ကနေ ရောင်ခြည်တော်တွေ ကွန့်မြူးတာကို အဲဒီခေတ်တုန်းက ဗီဒီယိုနဲ့မှတ်တမ်းတင်နိုင်ခဲ့တယ်ပေါ့လေ။ အဲဒီနောက်ပိုင်းမှာတော့ ဘုရားဖူးတွေက လာကြတော့တာပဲ။ ပုံမှန်ကျောင်းပတ်ရက်၊ ရုံးပိတ်ရုံးတွေ၊ နောက်အဖိတ်၊ ဥပုသ်နေ့တွေမှာ ဘုရားဖူးတွေကတော့ ပုံမှန်လာကြတာတော့ရှိ တယ်။ ဘုရားပွဲကာလဖြစ်တဲ့ သင်္ကြန်တွင်းမှာတော့ ပိုစည်ကား တယ်ပေါ့” လို့ ကျုံကကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ တောင်တက်ခြင်း အလေ့အထတွေ လူငယ်တွေကြားမှာ ပြန်ပြီးခေတ်စားလာပါတယ်။ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ သူငယ်ချင်းများ စုပေါင်း၍ဖြစ်စေ၊ အသင်းအဖွဲ့နဲ့ဖြစ်စေ တနင်္ဂနွေနေ့မျိုးတွေမှာ တောင်တွေလိုက်တက်ကြတာမျိုး တွေရှိလာပါတယ်။

“ကျွန်တော်တို့က အဲဒီနွားလပို့တောင်ကို တက်ဖြစ်တာ နှစ်ကြိမ်ရှိပြီပေါ့နော်။ တောင်တက်လမ်းက လူသွားလမ်းမရှိတော့လို့ ကားလမ်းအတိုင်းပဲ တက်ရတယ်။ လမ်းမှာက အပင်ကြီးတွေ သိပ်မရှိတော့ အရိပ်မရှိတဲ့အတွက်ကို တခြားတောင်ထက် နွားလပို့တောင်တက်ရတာ နည်းနည်းလေး ပိုပင်ပန်းတယ်။ အဓိကက တောင်တက်လမ်း တစ်ဝက်လောက်မှာ တောင်ရိုးအတိုင်း နာရီဝက်လောက်လမ်းလျှောက်ရတဲ့ နေရာရှိတယ်။ အဲဒီနေရာမျိုးမှာ အရိပ်ရအပင်ကြီးတွေ စိုက်ပျိုးထားသင့်တယ်လို ့မြင်ပါတယ်” လို့ မော်လမြိုင်မြို့မှ တောင်တက်ဝါသနာရှင် လူငယ်တစ်ဦးက ဆိုထားဖူးပါတယ်။

တောင်ပေါ်က ပြန်ဆင်းတဲ့အချိန်မှာတော့ နေလုံးက ခေါင်းပေါ်တည့်တည့်ရောက်နေပါပြီ။ လမ်းလျှောက်ဆင်းချင်ပေမဲ့လည်း တစ်ကိုယ်တည်းဆိုတော့ တောင်ခြေအထိကို ကားစီးပြီး ပြန်ဆင်းလာခဲ့ပါတယ်။ စိတ်ထဲမှာတော့ နောက်တစ်ကြိမ်တော့ လမ်းလျှောက်ပြီး တက်မယ်။ ဆင်းမယ်ပေါ့လေ။

သဘာဝကပေးထားတဲ့ အခြေအနေတွေ၊ ဆံတော်ရှင် ဗန္ဓိသေလာ စေတီတော်လို ရှေးဟောင်းသမိုင်းဝင် စေတီတော်တည်ရှိနေတဲ့ဒေသမှာ အခြေခံခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးရေး၊ ဒေသခံတွေရဲ့အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတွေကို စနစ်တကျနဲ့ စီမံဆောင်ရွက်ကြမယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုနိုင်မှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အခါအခွင့်သင့်ရင်တော့ဖြင့် နောက်ထပ်တစ်ကြိမ် ဆံတော်ရှင် ဗန္ဓိသေလာ (နွားလပို့) စေတီတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရဖို ့ကြိုးစားပါဦးမယ်။

ကိုးကား။  လူမှူး - ဆံတော်ရှင် ဗန္ဓိသေလာ (နွားလပို့) ဆုတောင်းပြည့်စေတီတော်မြတ်ကြီး မှတ်တမ်း

Most Read

Most Recent