ကျွန်တော်တို့ မြို့ကလေး

ကျွန်တော်တို့ မြို့ကလေး
လားရှိုးမြို့ကို အပေါ်စီးမှ တွေ့ရစဉ်
လားရှိုးမြို့ကို အပေါ်စီးမှ တွေ့ရစဉ်
Published 23 May 2021
ထွန်းနေလှိုင် (နောင်ပိန်)

(၁)

မြို့ကလေးက သာယာသည်။တိုင်းရင်းသားပေါင်းစုံနေထိုင်သော မြို့လေးလည်းဖြစ်သည်။ အဓိကလမ်းမကြီးနှစ်သွယ်ကို ဗဟိုပြုထားပြီး လမ်းမကြီးကို စိတ်ကူးထဲတွင် ခြုံငုံသုံးသပ်ကြည့်လျှင် တြိဂံဆန်သော သဏ္ဌာန်ရှိသည်။ မြို့ကို မြို့မစျေးကြီးနှင့် ဗဟိုပြုထားလျှင် တစ်ဖက်က ဘူတာလမ်း၊ တစ်ဖက်က သိန္နီလမ်းမကြီး ဖြစ်သည်။ဘူတာလမ်းနှင့် သိန္နီလမ်းမကြီးအကြားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၏တစ်ခုတည်းသော လေဆိပ်ဖြစ်သည့် လားရှိုးလေဆိပ်တည်ရှိသည်။

မြို့မစျေးကြီး၊ ဘူတာ၊ လားရှိုးကြီးဟု အဓိကနေရပ်သုံးနေရာကို သိထားလျှင် ထိုမြို့ကို မှတ်မှတ်ထင်ထင် လည်ပတ်ရန်အတွက် အကြမ်းဖျင်း နားလည်ပြီဟု ဆိုနိုင်သည်။

မြို့ကလေးက တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့်နည်းတူ ရာသီချိန်တိုင်းလည်း ရိုးရာပွဲများ ရှိတတ်သည်။ အထူးသဖြင့် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာပွဲများကို ခပ်စိပ်စိပ် တွေ့မြင်ရလေ့ရှိသည်။ ရှမ်းယဉ်ကျေးမှု ထုံးတမ်းစဉ်လာများအတိုင်း ကျင်းပလေ့ရှိသည့် ပွဲတော်များတွင် ရိုးရာအငွေ့အသက်များကို ဖော်ညွှန်းသည့် ပုံရိပ်များကိုတွေ့မြင်နိုင်သည်။မြို့ဝန်းကျင်တွင်ဒေသခံတို့၏ ရှမ်းတိုင်းရင်းသား ရိုးရာအစားအစာများ၊ ထုတ်ကုန်များရောင်းဝယ်နေမှုကို စုံစုံလင်လင်တွေ့ မြင်ရလေ့ရှိသည်။

ဒီမြို့လေးကို လာလည်ကြသူတိုင်း ရှမ်းခေါက်ဆွဲ၊ ရှမ်းမုန့်တီနှင့် ရှမ်းရိုးရာအစားအစာများကို ခုံခုံမင်မင် သုံးဆောင်လေ့ရှိကြသည်။ ဒေသထွက်လက်ဖက်ခြောက်နှင့် သစ်ကြားသီးကိုလည်း လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိကြသည်။

ဒီမြို့လေးကို “လားရှိုးမြို့” ဟု သိထားကြသည်။ လားရှိုးမြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၂၈၀၆ ပေ အထက်တွင်တည်ရှိပြီး လားရှိုးမြို့နယ်၏ အကျယ်အဝန်းမှာ ၁၆၃၃ ဒသမ ၄၁ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှအနောက်သို့ ၆၁ မိုင်၊ တောင်မှမြောက်သို့ ၃၄ မိုင် ကျယ်ဝန်းသည်။ လားရှိုးမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၇ အုပ်စု နှင့်ကျေးရွာပေါင်း ၅၃၈ ရွာဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

လားရှိုးမြို့နယ်၏ အရှေ့ဘက်တွင် ကွမ်းလုံမြို့နယ်၊ တန့်ယန်းမြို့နယ်၊ တောင်ဘက်တွင် မိုင်းရယ်မြို့နယ်၊ အနောက်ဘက်တွင် သီပေါမြို့နယ်၊ မြောက်ဘက်တွင် သိန္နီမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိနေသည်။

လားရှိုးမြို့သို့ လာရောက်လည်ပတ်ကြသော ခရီးသွားများအနေဖြင့် လားရှိုးရေပူစမ်းကို မဖြစ်မနေ အရောက်သွားတတ်ကြသည်။ ရေပူစမ်းသည် သဘာဝရေကန်မှ ရေနွေးကဲ့သို့ ပွက်ပွက်ဆူနေသော သဘာဝရေပူဖြစ်သည်။ ရေပူစမ်းသဘာဝ အပန်းဖြေစခန်းသည် လားရှိုးမြို့မှ မူဆယ်မြို့ဘက်သို့ အထွက်လမ်းတွင် တည်ရှိသည်။ ရေပူစမ်း အပန်းဖြေစခန်းသည် ပုံမှန်အားဖြင့် ဆောင်းရာသီတွင် အထူးစည်ကားလေ့ရှိသောနေရာဖြစ်သည်။ ရေပူမစိမ်မီ ကောက်ညှင်းပေါင်း၊ ဆတ်သားခြောက်၊ တိုဟူးကြော်စားသုံးခြင်းသည် ရေပူစမ်းသွားရောက်ခြင်း၏ အမှတ်သင်္ကေတဖြစ်သည်။အစာစားပြီး ရေပူစိမ်မှသာ မူးဝေခြင်းမဖြစ်ဟု ဆိုကြသည်။

လားရှိုးမြို့အဝင်တွင် ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်၊ သမိုင်းဝင်မန်ဆူဘုရားကြီး၊ သာသနာ ၂၅၀၀ ဘုရား၊ ရေကန်တောင်ဘုရား၊ စိတ္တသုခဘုရား၊ နမ့်မော်ဖာသာသနာ့ရိပ်သာကျောင်းရှိ သဘာဝကျောက်သားကို ထွင်းထုထားသောဘုရားစသဖြင့် တန်ခိုးကြီးဘုရားများသို့လည်း သွားရောက်လည်ပတ်ကာ ဘုရားဖူးနိုင်သည်။ ထိုဘုရားများမှ လားရှိုးမြို့ကြီးကို အပေါ်စီးမှ ရှုမြင်နိုင်သည်။

လားရှိုးမြို့အနီးတွင် မြို့ရှောင်လမ်းရှိသည်။ မန္တလေး - လားရှိုး - မူဆယ်၊ မန္တလေး - လားရှိုး - ကွမ်းလုံ- ချင်းရွှေဟော် - လောက်ကိုင်နှင့် လားရှိုး - ကွမ်းလုံ-ချင်းရွှေဟော်-ဟိုပန်မြို့များသို့ကုန်စည်တင်ပို့ရာတွင် အဓိကအသုံးပြုသည့်လမ်း ဖြစ်သည်။ မြို့ရှောင်လမ်းပေါ်တွင် တရုတ်နယ်စပ်သို့ ဥဒဟိုကူးသန်းသွားလာနေသည့် ၂၂ ဘီး တွဲကားကုန်တင်ယာဉ်များ တွေ့ရသည်။ဖရဲသီး၊ သခွားသီးတင်ယာဉ်များ တွေ့ရသည်။ နွားတင်ကားများလည်း တွေ့ရသည်။ ခရီးသည်တင် မှန်လုံယာဉ်ကြီးများလည်း တွေ့ရသလို အိမ်စီးကားငယ်လေးများလည်း တွေ့ရသည်။ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်ကို တစ်စီးစီးပြီး နှစ်စီးကို ဆိုင်ကယ်နောက်တွင် တင်ဆောင်ကာ မောင်းနှင်လေ့ရှိသည့် ဆိုင်ကယ်ကယ်ရီသမားများလည်း တွေ့ရတတ်သည်။

ထိုလမ်းမကြီးပေါ်တွင် မြန်မာပြည်အလယ်ပိုင်းဒေသများမှ ဖရဲ၊ သခွား၊ ကြက်သွန်စိုက်ပျိုးသူများ ဖြတ်သန်းဖူးသည်။ ကမ်းရိုးတန်း ဒေသများမှလာသော ရေထွက်ပစ္စည်းမွေးမြူရောင်းဝယ်သူများ ဖြတ်သန်းဖူးကြသည်။ တရုတ်နိုင်ငံအတွင်းသို့ ကုန်ပစ္စည်းရောင်းဝယ် ကြသူများ ဖြတ်သန်းခဲ့ဖူးကြသည်။ နောက်ပြီး ထိုလမ်းကို တရားမဝင်ကုန်သွယ်မှု ပြုနေကြသူများလည်း ဖြတ်သန်းခဲ့ဖူးကြသည်။

(၂)

ကျွန်တော်တို့ မြို့ကလေးကို ရောက်ဖူးသူတိုင်း မြို့မစျေးကြီးထဲကို အရောက်သွားလေ့ရှိကြသည်။ တရုတ်နိုင်ငံထုတ် အဝတ်အထည်များကို စိတ်ကြိုက်ဝယ်ယူနိုင်သည်။တရုတ်နိုင်ငံထုတ် အသုံးအဆောင်ပစ္စည်းများကို စျေးသက်သာစွာ ဝယ်ယူနိုင်သောကြောင့်ဖြစ်သည်။တချို့ ကတော့ တရုတ်နိုင်ငံထုတ် အစားအစာများနှင့် အသီးအနှံများကိုလည်း ဝယ်ယူလေ့ရှိကြသည်။

လားရှိုးမြို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ်မြို့တို့နှင့်မတူ။ တောင်ကြီး ၊ကျိုင်းတုံ၊တာချီလိတ်မြို့များတွင် ထိုင်းနိုင်ငံထုတ်လူသုံးကုန်ပစ္စည်းများ အဓိကရောင်းဝယ်ကြသည်။ တရုတ်နယ်စပ်နှင့် နီးစပ်သော မူဆယ်၊ လားရှိုးမြို့များတွင်တော့ တရုတ်ပစ္စည်းများသာ အဓိကရောင်းဝယ်လေ့ရှိကြသည်။

မြို့မစျေးအနီး ကုန်စိမ်းစျေးတွင်တော့ ကျွန်တော်အမြဲ သွားဝယ်စားလေ့ရှိသည့်အရာမှာ ရှမ်းကောက်ညှင်းပေါင်းဖြစ်သည်။ကောက်ညှင်းပေါင်းမှာ သုံးမျိုးရှိသည်။ ရိုးရိုးကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း၊ ကုလားပဲနှင့်ရောစပ်ပေါင်းထားသည့် ပဲကောက်ညှင်းပေါင်းတို့ဖြစ်သည်။ သစ်သားဖြင့် ထွင်းထုထားသည့် ပေါင်းချောင်ထဲက ကောက်ညှင်းပေါင်းများသည် စားချင့်စဖွယ် အငွေ့တထောင်းထောင်း ထနေသည်။

နောက်တစ်မျိုးက မုန့်ညှင်းချဉ်နှင့် ဆီတိုဟူးသည်လည်း အမှတ်ရစရာဖြစ်သည်။ ဒေသထွက် လက်ဖက်ခြောက်ကို ခပ်ကျကျလေးသောက်ရင်း ကောက်ညှင်းပေါင်း၊ ဆီတိုဟူးနှင့်မုန့်ညှင်းချဉ်နှင့် စားသုံးလျှင် အစပ်အဟပ်တည့်လှသည်။

ဒေသထွက်အသီးအရွက်များကိုတော့ မိုးမလင်းမီ နံနက် ၁ နာရီ ခန့်ကတည်းက မြို့မစျေးကြီးအနီးရှိ လမ်းမကြီးပေါ်တွင် လာရောင်းကြသည်။ ထိုစျေးသည်များက မြို့အနီးကျေးရွာများမှ လာရောက်ရောင်းချ ကြခြင်းဖြစ်သည်။

နံနက် ၄ နာရီအချိန်ခန့်တွင် မြို့မစျေးကြီးအနီးဝန်းကျင်တွင် ဟင်းသီးဟင်းရွက်ရောင်းဝယ်ကြသူများဖြင့် အထူးစည်ကားလှသည်။ကျွန်တော်မှတ်မိသေးသည်။လွန်ခဲ့ သည့် ဆယ်နှစ်ကျော်ခန့်က ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲများကို ရုပ်ရှင်ရုံတွင်သွားကြည့်ပြီးအပြန် နံနက်ခင်းစျေးတွင် စျေးဝင်ဝင်ဝယ်ဖြစ်သည်။ကုန်စိမ်းစျေးကြီးတွင် ရောင်းချသည့်စျေးထက် အဆမတန် စျေးသက်သာသည်။ လတ်ဆတ်သည်။စျေးတန်လွန်းသဖြင့် မလိုအပ်ဘဲ ဝယ်ချင်စိတ်များပင် ဖြစ်လာမိသည်။

နံနက်ခင်းစျေးတွင် ဆိုင်ကယ်စျေးသည်များ၊ ကုန်စိမ်းများကို ကားငယ်များအတွင်းချိတ်ဆွဲ ရောင်းချကြသည့် ရွေ့လျားစျေးသည်များ နှင့် မြို့မစျေးကြီးအနီးရှိ ကုန်စိမ်းစျေးအတွင်း ရောင်းချကြသည့် စျေးသည်များ အဓိကလာရောက်ဝယ်ယူကြသည်။

နံနက်ခင်းစျေးရောင်းချမှုသည် နံနက် ၆ နာရီကျော်အထိသာ။ ၆ နာရီကျော်လျှင် စျေးသည်များအားလုံး နေရပ်ပြန်ရန် ပြင်ဆင်နေပြီဖြစ်ပြီး သန့်ရှင်းရေးလုပ်သူများကလည်း စျေးသည်များ၏ အမှိုက်များကို သိမ်းဆည်းနေကြသည်။ နံနက် ၇ နာရီခန့်တွင်တော့ စျေးကြီးအနီးက ကုန်စိမ်းစျေးတွင်သာ ရောင်းချကြတော့သည်။

 

(၃)

မြို့သည် ရိုးရာဓလေ့အငွေ့အသက်နှင့် ထုံမွှမ်း ပြည့်နှက်နေပြီး ချစ်စရာကောင်းသလို တစ်ခါတစ်ရံ အကျည်းတန်မှုများလည်း တွေ့ရတတ်သည်။ အထူးသဖြင့် မူးယစ်ဆေးဝါး၏ ပတ်ဝန်းကျင် အကျိုးဆက်များဖြစ်သည်။ ဆိုင်ကယ်စီးလာသူများ၊ လမ်းတွင်သွားလာနေသူများအားဓားဖြင့် အကြောင်းမဲ့ ခုတ်သည့်ဖြစ်စဉ်များ၊ သတင်းများ မကြာခဏကြားရသည်။ လူသွားလူလာပြတ်သည့်နေရာများတွင် လူကိုအန္တရာယ် ဖြစ်စေနိုင်လောက်သည်အထိ လုယက်မှုများ ကျူးလွန်ကြသည်။

ဒီမြို့လေးတွင်နေထိုင်သူအများစု ဆိုင်ကယ်အခိုးခံခဲ့ဖူးကြသည်။ ကျွန်တော်ကိုယ်တိုင် ဆိုင်ကယ်အခိုးခံခဲ့ရဖူးသည်။ စီစီတီဗီမှတ်တမ်းများအရ ဆိုင်ကယ်ခိုးသူများအနေဖြင့် ဆိုင်ကယ်တစ်စီးခိုးယူ ရန်အချိန်က စက္ကန့် ၂၀ ခန့်သာလိုကြောင်းတွေ့ရသည်။ ကျွန်တော် ဆိုင်ကယ်အခိုးခံရတုန်းက ဆိုင်ကယ်နှင့် ကျွန်တော်ကင်းကွာခဲ့သည့် ငါးမိနစ်အတွင်း ဆိုင်ကယ်အခိုးခံခဲ့ရသောကြောင့် ရင်ထုမနာ ဖြစ်မိသေးသည်။ နောက်ပိုင်း ဆိုင်ကယ်ခိုးခံရသည့်သူများ၏ စီစီတီဗီမှတ်တမ်းများကြောင့် ငါးမိနစ် ဟူသောအချိန်သည် သူတို့အတွက် ပိုလျှံသောအချိန်များပင် ဖြစ်နေသေးသည်။

မည်သို့ပင်ဆိုစေကာမူ မြို့ကလေးသည် ချစ်စရာကောင်းသည်။ မာလာရှမ်းကောရှိသည်။ ကွေ့တီယိုရှိသည်။ ဝက်သားချဉ်လည်း ရှိသည်။ ရှမ်းတိုဟူးနွေးလည်း ရှိသည်။ နောက်ပြီး ရှမ်းမလေးများရောင်းသည့် ရှမ်းခေါက်ဆွဲဆိုင်လေးများလည်း ရှိသည်။

Most Read

Most Recent