အိမ်နီးချင်းနိုင်ငံများ၏ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းနှင့် မြန်မာနိုင်ငံ၏ အနေအထား

အိမ်နီးချင်းနိုင်ငံများ၏ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းနှင့် မြန်မာနိုင်ငံ၏ အနေအထား
COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ကာကွယ်ဆေးထိုးစုရပ်တွင် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ကာကွယ်ဆေးထိုးစုရပ်တွင် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
Published 23 May 2021
အိသဉ္ဇာကျော်

မေ ၁၈ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာတွင် ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှု ယခင်ရက်သတ္တပတ်ထက် ၁၂ ရာခိုင်နှုန်း၊ သေဆုံးသူ ငါးရာခိုင်နှုန်း လျော့ကျလာပြီး WHO ဒေသတွင်း နိုင်ငံအားလုံးနီးပါးတွင် လျော့ကျလာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှုမှာ ယခင်ရက်သတ္တပတ်ထက် လျော့ကျလာပြီး တစ်ပတ်အတွင်း လူနာသစ် ၄ ဒသမ ၈ သန်းကျော်နှင့် သေဆုံးသူ ၈၆၀၀၀ ကျော်ရှိခဲ့သည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့် တစ်ပတ်အတွင်း ရောဂါဖြစ်ပွားသူ လူနာသစ်စာရင်းအရ Americas Region တွင် သုံးရာခိုင်နှုန်း၊ Europe Region တွင် ၂၆ ရာခိုင်နှုန်း၊ South-East Asia Region တွင် ၁၂ ရာခိုင်နှုန်း၊ Eastern Mediterranean Region တွင် ၂၂ ရာခိုင်နှုန်း၊   Africa Region တွင် လေးရာခိုင်နှုန်းစီ အသီးသီးလျော့ကျခဲ့ပြီး  Western Pacific Region တွင်မူ လေးရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိ အာရှနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ မြင့်တက်နေပြီး နေ့အလိုက် ကူးစက်ခံရသူ စံချိန်တင်မြင့်တက်နေသည့် အိန္ဒိယ၌ မေ၂၁ ရက်က တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ ၂၅၉၅၅၁ ဦး ထပ်မံတွေ့ရှိပြီး သေဆုံးသူ ၄၂၀၉ ဦးရှိခဲ့သည်ဟု အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းကူးစက်ခံရသူအရေအတွက်သည် ယခင်နေ့ထက် ၁၆၀၀၀ ခန့် ကျဆင်းခဲ့သော်လည်း သေဆုံးမှုနှုန်း ပိုမိုများပြားလျက်ရှိပြီး မေ ၂၁ ရက်အထိ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၆ ဒသမ ၀၃ သန်း၊ သေဆုံးသူ ၂၉၀၀၀၀ ကျော်ရှိလာပြီဖြစ်သည်။

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် စုစုပေါင်းမှာ မေ ၁၈ ရက်တွင် ၂၅ သန်းကျော်သွားခဲ့ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၅၂၉ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း အိန္ဒိယနိုင်ငံက မေ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အိန္ဒိယမှ တရားဝင်ထုတ်ပြန်ထားသော သေဆုံးသူအရေအတွက်စုစုပေါင်း ၂၈၃,၂၄၈ ဦး ရှိနေပြီဖြစ်ပြီး ယင်းအရေအတွက်သည် အမေရိကန် (COVID-19 ဖြင့် သေဆုံးသူစုစုပေါင်း ၆၀၀၀၀၀ ကျော်)၊ ဘရာဇီး (သေဆုံးသူစုစုပေါင်း ၄၄၀၀၀၀ ခန့်) တို့ပြီးပါက COVID-19 ရောဂါဖြင့် သေဆုံးသူအရေအတွက် တတိယအများဆုံးဖြစ်သည်။

နိုင်ငံအတွင်း ကူးစက်မှုသစ်များ လျော့ကျလာသည့်အနေအထားကို တရားဝင်စစ်ဆေးရေတွက်မှုက ပြသနေသော်လည်း အိန္ဒိယတွင် ပထမဆုံးတွေ့ရှိခဲ့သော ကူးစက်မြန် B.1.617 ဗိုင်းရပ်စ်မျိုးကွဲနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသည်။ B.1.617 မျိုးကွဲသည် အထူးသဖြင့် အိန္ဒိယရှိ ကျေးလက်ဒေသများ၌ အထိန်းအချုပ်မဲ့ ကူးစက်ပျံ့နှံ့နေပြီး ထိုဒေသများတွင် ရောဂါပိုးစမ်းသပ်စစ်ဆေးမှုမရှိခြင်းကြောင့် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်စာရင်းတွင် ထည့်သွင်းထားခြင်းမရှိပေ။

မေ ၁၇ ရက်တွင် အိန္ဒိယသို့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းတောက်တဲ့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် ဂူဂျာရတ်ပြည်နယ်၌ ကာကွယ်ဆေးထိုးနှံမှုကို နှစ်ရက်ရွှေ့ဆိုင်းခဲ့ရပြီး ဆေးရုံများတွင် လျှပ်စစ်ဓာတ်အားနှင့် အောက်ဆီဂျင် ဆက်လက်ထောက်ပံ့ပေးထားနိုင်ရေးအတွက် ကြိုးပမ်းခဲ့ရသည်။

ဆိုင်ကလုန်းမုန်တိုင်း အဖျားခတ်တိုက်ခတ်မှုကို ခံခဲ့ရသော အိမ်နီးချင်း မဟာရက်ရှ်ထရာပြည်နယ်၌ တစ်နေ့တည်းအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ ၁၀၀၀ နီးပါးရှိခဲ့ကာ အခြားသောပြည်နယ်များထက် သေဆုံးသူအရေအတွက် များပြားခဲ့သည်။ ပြီးခဲ့သည့်သီတင်းနှစ်ပတ်အတွင်း မဟာရက်ရှ်ထရာ ပြည်နယ်၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်မှု နောက်ဆုံးလှိုင်းရိုက်ခတ်နေ သည်မှာ သီတင်းပတ်ခြောက်ပတ် ကြာမြင့်နေပြီဖြစ်သည့်အတွက် ဆေးရုံများတွင် ခုတင်မလုံလောက်မှုများ၊ အောက်ဆီဂျင်နှင့် အရေးတကြီး လိုအပ်သောဆေးဝါးများ ပြတ်လပ်မှုများလည်း ဖြစ်ပွားနေသည်။

အိန္ဒိယတွင် ဧပြီလနောက်ပိုင်းမှစ၍ ပိုးတွေ့လူနာအရေအတွက် နှစ်ဆမြင့်တက်ခဲ့ပြီး လူ ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ခြင်းဖြစ်သည်။

အလားတူ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တတိယလှိုင်းအတွင်း ကူးစက်မှု ပိုမိုမြန်ဆန်နေသည့်အခြေအနေမှ ကာကွယ်နိုင်ရန်ကြိုးပမ်းနေချိန်တွင် စက်တင်ဘာလ၌ နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ၇၀ ကို ကာကွယ်ဆေးတစ်လုံး ထိုးနှံပေးနိုင်ရန်ရည်ရွယ်ထားကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက  မေ ၁၉ ရက်က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ မြင့်တက်နေပြီး ဧပြီအစောပိုင်းကတည်းက ကူးစက်ခံရသူ လေးဆနီးပါးနှင့် သေဆုံးသူ ခြောက်ဆမြင့်တက်လာခဲ့သည်။

ထိုင်းအစိုးရက ယခုနှစ်ကုန်တွင် လူအစုလိုက် ကိုယ်ခံအားရရှိရန်လိုအပ်သည့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် အစောပိုင်းက ရည်ရွယ်ထားသော်လည်း ကာကွယ်ဆေးထိုးနှံမှု နှေးကွေးနေသည့်အပြင် ပြည်တွင်း ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်မည့် AstraZeneca ဆေးကုမ္ပဏီ၏ ကာကွယ်ဆေးတစ်ခုတည်းကိုသာ မှီခိုအားထားနေသောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ထိုင်းနိုင်ငံတွင် သံဃာတော်များအား  သာသနာအကျိုးကို ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရန်အတွက်  ယခုသီတင်းပတ်အတွင်း ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီဖြစ်သည်။

သံဃာတော်များအနေဖြင့် နေ့စဉ်ဆွမ်းခံ ထွက်နိုင်ရန်နှင့် ကုသိုလ်ပြုအခမ်းအနားများ လုပ်ဆောင်နိုင်ရန်အတွက် ဘန်ကောက်မြို့တော်တွင် မေ ၁၈ ရက်နှင့် မေ ၁၉ ရက်၌ သံဃာတော် ၅၀၀ ခန့်ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ထိုင်းနိုင်ငံတွင် လာမည့်လ၌ ၎င်း၏အဓိက ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ပြုလုပ်ရန် ရည်ရွယ်ထားပြီး ပြည်တွင်းထုတ် AstraZeneca ၏ ကာကွယ်ဆေးများကို ထိုးနှံမည်ဖြစ်သည်။

လတ်တလော၌ ထိုင်းနိုင်ငံရှိ လူဦးရေ ၆၆ သန်းကျော်တွင် ၁ ဒသမ ၅ သန်းကျော်ကို ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပေးခဲ့ပြီးဖြစ်ပြီး အများစုကို Sinovac Biotech ၏ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေ အကောင်းဘက်သို့ တိုးတက်လာသည့် လက္ခဏာမတွေ့ရသောကြောင့် ဇူလိုင်လကုန်အထိ COVID-19 အရေးပေါ်အခြေအနေ ထပ်မံတိုးမြှင့်ထားကြောင်းနှင့် COVID-19 ထပ်မံကူးစက်ဖြစ်ပွားမှုကို တားဆီးထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း COVID-19 အရေးပေါ်အခြေအနေပြဋ္ဌာန်းချက်ကို ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရန် COVID-19 အခြေအနေ စီမံခန့်ခွဲရေးဌာနက မေ ၂၁ ရက်က သဘောတူထားသည်။

မေ ၂၁ ရက်က COVID-19 ထပ်မံကူးစက်ဖြစ်ပွားသူ ၃၄၈၁ ဦးရှိခဲ့၍ နိုင်ငံအတွင်း COVID-19 ကူးစက်ဖြစ်ပွားသူပေါင်း ၁၂၃၀၆၆ ဦး ရှိလာပြီး သေဆုံးသူစုစုပေါင်း ၇၃၅ ဦး ရှိပြီဖြစ်သည်။

လက်ရှိ ထိုင်းနိုင်ငံ၌ အိန္ဒိယဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိနေပြီဖြစ်၍ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်သည့်အနေဖြင့် ထိုင်းအစိုးရက အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံများမှ လာရောက်သည့် ခရီးသွားများကို ပြည်ဝင်ခွင့်ယာယီပိတ်ပင်ထားသည်ဟု သိရသည်။ 

COVID-19 ကာကွယ်ဆေးများစတင် ထိုးနှံခဲ့သည့် ခြောက်လကျော်ကာလအတွင်း ကမ္ဘာတစ်ဝန်းတွင် ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၅ ဘီလျံကျော်ထိုးနှံပြီးစီးခဲ့ သည်ဟု မေ ၁၉ ရက်က ဖော်ပြခဲ့သော အေအက်ဖ်ပီသတင်းဌာန၏ စာရင်းများအရ သိရသည်။

မေလ ၁၈ ရက် ဂရင်းနစ်စံတော်ချိန် ၁၅း၃၀ နာရီအထိ နိုင်ငံပေါင်း ၂၁၀ တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေပေါင်း ၁,၅၀၀,၀၁၇,၃၃၇ လုံး ထိုးနှံပြီးစီးခဲ့သည်ဟု တရားဝင်သတင်းရင်းမြစ်များအပေါ် အခြေခံပြီး စာရင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံပေါင်းသုံးနိုင်ငံတွင် လူဦးရေစုစုပေါင်း၏ ငါးပုံသုံးပုံခန့်မှာကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးစီးခဲ့သည်။ ယင်းသုံးနိုင်ငံမှာ တရုတ်၊ အမေရိကန်နှင့် အိန္ဒိယတို့ဖြစ်ပြီး တရုတ်တွင် လူပေါင်း ၄၂၁ ဒသမ ၉ သန်း၊ အမေရိကန်တွင် ၂၇၄ ဒသမ ၄ သန်းနှင့် အိန္ဒိယတွင် ၁၈၄ ဒသမ ၄ သန်းမှာ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်အထိ ကာကွယ်ဆေးထိုးနှံမှု မရှိသေးသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိနေပြီး ယင်းနိုင်ငံများအနက် ခြောက်နိုင်ငံမှာ အာဖရိကမှဖြစ်ပြီး ဘာကီနာဖာဆို၊ ဘူရန်ဒီ၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ ချာ့ဒ်၊ အီရစ်ထရီးယားနှင့် တန်ဇန်းနီးယား နိုင်ငံတို့ဖြစ်သည်။

လက်ရှိကာလတွင် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများ၌ နေ့အလိုက် COVID-19 ကူးစက်ခံရသူဦးရေ ဆက်တိုက်မြင့်တက်နေခြင်းကြောင့် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ နောက်ထပ်လှိုင်းတစ်လှိုင်းအဖြစ် ပြင်းထန်စွာကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပေး၊ သတိပေးနှိုးဆော်ချက်ကို မေ ၁၄ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

မေ၂၁ ရက်က ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 စစ်ဆေးသူ ၁၃၇၇ ဦးအနက် ပိုးတွေ့လူနာသစ် ၂၈ ဦးတွေ့ရှိပြီး ပိုးတွေ့နှုန်း ၂ ဒသမ ၀၃ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

မေ ၂၀ ရက်မှ ၂၁ ရက်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၇၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၂၈ ဦး တွေ့ရှိရကြောင်း၊ မေ ၂၁ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၆၀၈၈၃၅ ခု စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၃၂၁၁ ဦးရှိပြီ ဖြစ်ကြောင်း၊  ဆေးရုံဆင်းခွင့်ရရှိသူ ၂၁ ဦးရှိသဖြင့် မေ၂၁ ရက်အထိ စုစုပေါင်း ၁၃၂၁၆၉ ဦး ဆေးရုံမှဆင်းခွင့်ရရှိ ပြီးဖြစ်ကြောင်းနှင့် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူမရှိသဖြင့် မေ ၂၁ ရက်အထိ သေဆုံးသူ စုစုပေါင်း ၃၂၁၆ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ COVID-19 ဓာတ်ခွဲစစ်ဆေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဓာတ်ခွဲခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ အပါအဝင် နေရာခုနစ်နေရာတွင် နေ့စဉ်ဓာတ်ခွဲနမူနာ ၁၀၀၀ မှ ၂၀၀၀ ဝန်းကျင် စစ်ဆေးပေးနေသည်။

မေ ၂၁ ရက်က ဓာတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေအရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲနမူနာ ၂၆၀ ခုအနက် ပိုးတွေ့လူနာနှစ်ဦး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် Gene Xpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေအရ  ဓာတ်ခွဲနမူနာ ၁၀၂ ခုအနက် ပိုးတွေ့လူနာခုနစ်ဦး၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများမှ ဓာတ်ခွဲနမူနာ ၃၀၄ ခုအနက်မှ ပိုးတွေ့လူနာခြောက်ဦး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေအရ ဓာတ်ခွဲနမူနာ ၃၁၂ ခုတွင် ပိုးတွေ့လူနာငါးဦး ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic စစ်ဆေးမှုအခြေအနေအရ ဓာတ်ခွဲနမူနာ ၃၁ ခုတွင် ပိုးတွေ့လူနာရှစ်ဦး တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိ အာဆီယံနိုင်ငံအများစုတွင် COVID-19 ထပ်တိုးလူနာသစ် ပြန်လည်မြင့်တက်လာပြီး မေ ၂၁ ရက်အထိ ရောဂါဖြစ်ပွားသူ ၃၇ သိန်းကျော်ရှိလာပြီဖြစ်ရာ ရောဂါဖြစ်ပွားမှုအခြေအနေအရ အင်ဒိုနီးရှားနိုင်ငံတွင် ၁၇၆၄၆၄၄ ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၁၇၁၄၀၃ ဦး၊ မလေးရှားနိုင်ငံတွင် ၄၉၈၇၉၅ ဦး၊ မြန်မာနိုင်ငံတွင် ၁၄၃၂၁၁ ဦး၊ ထိုင်းနိုင်ငံတွင် ၁၂၃၀၆၆ ဦး၊ စင်ကာပူနိုင်ငံတွင် ၆၁၇၇၀ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၂၄၁၅၇ ဦး၊ ဗီယက်နမ်နိုင်ငံတွင် ၄၉၄၁ ဦး၊ လာအိုနိုင်ငံတွင် ၁၇၆၃ ဦး၊ ဘရူနိုင်းနိုင်ငံတွင် ၂၃၅ ဦးရှိလာပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် အရှိန်အဟုန်ဖြင့် ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိရာ မေ ၂၂ ရက် နံနက်ပိုင်းအထိ ရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၁၆၆ သန်းကျော် ၊ သေဆုံးသူဦးရေ ၃ ဒသမ ၄ သန်းကျော်ရှိပြီဖြစ်ပြီး အိမ်နီးချင်းနိုင်ငံအချို့တွင်လည်း ရောဂါသည် အရှိန်အဟုန်ဖြင့် ကူးစက်ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ နောက်ထပ်လှိုင်းတစ်လှိုင်းအဖြစ် ပြင်းထန်စွာ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် မျိုးရိုးဗီဇပြောင်းလဲနေသော COVID-19 ရောဂါပိုးများ နိုင်ငံအတွင်းသို့ ဝင်ရောက်၍ ကူးစက်ပြန့်ပွားမှုမရှိစေရန် COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး၊ သတိပေးနှိုးဆော် တိုက်တွန်းထားသည်။

Most Read

Most Recent