မြန်မာ့တပ်မတော်ကို လက်နက်ပိတ်ဆို့မှု ပြုလုပ်ရန် တောင်းဆိုထားသော ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဆွေးနွေးရန်ရှိ

မြန်မာ့တပ်မတော်ကို လက်နက်ပိတ်ဆို့မှု ပြုလုပ်ရန် တောင်းဆိုထားသော ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဆွေးနွေးရန်ရှိ
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၈ ရက်က  ကျင်းပသည့် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတစ်ရပ်အား တွေ့ရစဉ် (Photo: AP)
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၈ ရက်က  ကျင်းပသည့် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတစ်ရပ်အား တွေ့ရစဉ် (Photo: AP)
Published 17 May 2021
Ref: AFP, Telesurenglish.net

မြန်မာတပ်မတော်ကို လက်နက်လွှဲပြောင်းပေးမှု ချက်ချင်း ရပ်ဆိုင်းရန် တောင်းဆိုထားပြီး လိုက်နာရန် တာဝန်မရှိသည့် ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို မေ ၁၈ ရက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထည့်သွင်းဆွေးနွေးရန်ရှိကြောင်း မေ ၁၆ ရက်တွင် ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကဲ့သို့ မဟုတ်ဘဲ အထွေထွေညီလာခံ ဆုံးဖြတ်ချက်များသည် လိုက်နာရန် တာဝန်မရှိသော်လည်း နိုင်ငံရေးအရ ခိုင်မာသည့် အရေးပါမှု ရှိသည်။

ဘုံသဘောတူညီချက် မရပါက အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်သော အထွေထွေညီလာခံသည် ဆုံးဖြတ်ချက်ကို မဲခွဲမည် ဖြစ်သည်။

ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန်တို့၏ ထောက်ခံမှုနှင့် လက်ချင်စတိန်းနိုင်ငံက တင်သွင်းသည့် မူကြမ်းကို  မေ ၁၈ ရက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂမျက်နှာစုံညီ အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးမည် ဖြစ်သည်။

“မြန်မာနိုင်ငံကို လက်နက်၊ ခဲယမ်းအားလုံး၊ တခြားစစ်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းကိရိယာတွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထောက်ပံ့တာ၊ ရောင်းချတာ ဒါမှမဟုတ် လွှဲပြောင်းပေးတာတို့ကို ချက်ချင်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက် မူကြမ်းက တောင်းဆိုထားပါတယ်။ အစည်းအဝေးကတော့ လူကိုယ်တိုင် တက်ရောက်ရမှာ ဖြစ်ပါတယ်” ဟု ကုလပြောခွင့်ရသူက ပြောကြားခဲ့သည်။

အာရှမှ တစ်ခုတည်းသော နိုင်ငံအဖြစ် ပါဝင်သည့် တောင်ကိုရီးယားနှင့်အတူ သီတင်းပတ်ပေါင်းများစွာ ဆွေးနွေးခဲ့သည့် အဆိုပါမူကြမ်းကို ၄၈ နိုင်ငံက ပူးပေါင်းရေးဆွဲကြခြင်း ဖြစ်သည်။

အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို အဆုံးသတ်ရန်၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် အကြမ်းဖက်မှုအားလုံး ချက်ချင်း ရပ်ဆိုင်းရန်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း အတင်းအကျပ် ထိန်းသိမ်းခံရသူများ၊ တရားစွဲခံထားရသူများ သို့မဟုတ်  ဖမ်းဆီးခံထားရသူများကိုသာမက သမ္မတ ဦးဝင်းမြင့့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် ဆုံးဖြတ်ချက် မူကြမ်းက တောင်းဆိုထားသည်။

မြန်မာနိုင်ငံဆီ ကုလအထူးသံတမန် လာရောက်မှုကို အထောက်အကူပြုစေရန်၊ ဘေးကင်းပြီး ပိတ်မထားသော လူသားချင်း စာနာမှုဆိုင်ရာ အခွင့်အလမ်းကို ပံ့ပိုးပေးရန်နှင့် ဧပြီ ၂၄ ရက်တွင် အာဆီယံ ခေါင်းဆောင်များနှင့် ရရှိခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ်ကို ချက်ချင်း အကောင်အထည်ဖော်ရန်လည်း မူကြမ်းတွင် ဖြည့်စွက် တောင်းဆိုထားသည်။

ကမ္ဘာတစ်ဝန်းမှ NGO ၂၀၀ ကျော်က မြန်မာနိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှု ချမှတ်ရန် မေ ၅ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့သည်။

ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းသည့်အတွက် မြန်မာ့တပ်မတော်ကို လက်နက် ပိတ်ဆို့မှုချမှတ်ရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့တို့ အပါအဝင် အစိုးရအဖွဲ့ မဟုတ်သော အဖွဲ့အစည်း ၂၀၀ ကျော်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ကြသည်။

မည်သည့်အစိုးရမျှ တပ်မတော်ကို ကျည်ဆန်တစ်တောင့်မျှ မရောင်းချသင့်ကြောင်း မေ ၅ ရက်တွင် NGO အဖွဲ့များက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

တပ်မတော်သည် ဖေဖော်ဝါရီ ၁ ရက်တွင် နို်င်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံကို အုပ်ချုပ်နေခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှု ချမှတ်ခြင်းသည် တပ်မတော်၏  အကြမ်းဖက်မှု မြင့်တက်လာခြင်းကို တုံ့ပြန်ရန် လုံခြုံရေးကောင်စီအနေဖြင့် အနည်းဆုံးလိုအပ်သည့် အဆင့်ဖြစ်သည်ဟု NGO အဖွဲ့များက အခိုင်အမာဆိုထားသည်။

တပ်မတော်၏ အာဏာလွှဲပြောင်း ရယူမှုကြောင့် နိုင်ငံတကာ၏ ပြစ်တင်ရှုံ့ချမှုနှင့် လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။

“အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ပြစ်တင်ရှုံ့ချရုံလေးဟာ ဘာမှအကျိုးသက်ရောက်မှု မရှိပါဘူး” ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အကြီးတန်း အမေရိကန်ရှေ့နေ လောရင့်မော့က ဖြည့်စွက် ပြောကြားထားသည်။

မေ ၅ ရက် အရှေ့ပိုင်းစံတော်ချိန် နံနက် ၁၀ နာရီက ကုလသမဂ္ဂ သတင်းထောက်များအသင်း၌ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် NGO ၂၀၀ ကျော်က မြန်မာနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အရေးပေါ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent