စစ်ရှောင်များ ခက်ခက်ခဲခဲဖြတ်သန်းရမည့် ၁၀ နှစ်မြောက် မိုးရာသီ ရွာပြန်အိပ်မက်

စစ်ရှောင်များ ခက်ခက်ခဲခဲဖြတ်သန်းရမည့် ၁၀ နှစ်မြောက် မိုးရာသီ ရွာပြန်အိပ်မက်
မိုင်းနား KBC စစ်ရှောင်စခန်းကို မေ ၇ ရက်က တွေ့ရစဉ်
မိုင်းနား KBC စစ်ရှောင်စခန်းကို မေ ၇ ရက်က တွေ့ရစဉ်
Published 17 May 2021
ထွန်းလင်းအောင်

မေလဆန်း နေပူကျဲကျဲအောက်မှာ  စစ်ရှောင်တန်းလျား အဖီနံဘေးမှာ မိန်းမကြီးတစ်သိုက် ဂျိန်းဖောလိုပြောပြီး ၀ိုင်းဖွဲ့နေကြ သည်။ နေရပ်ပြန်ရန်ပြင်နေသည့် ဒဘတ်ယန် ရွာသူကိုဦးတည်ပြီး မေးခွန်းတွေ မေးနေမိသည်။

“နေအိမ်ပြန်ဖို့ အိမ်လည်း ဆောက်ပြီးပြီ။ တောင်ယာလည်း ရှင်းပြီးပြီ။ အခုက ပြန်ပစ်နေ ကြတော့ တောင်ယာမှာ သွားအိပ်နေကြရ တယ်။ အဖွဲ့အစည်းတွေက ဒီနေရာတော့မလုံ ခြုံဘူးဆိုတော့ စစ်ရှောင်စခန်း ပြန်လာတယ် လေ။ ပစ်တာက ရွာနားမှာတော့ မဟုတ်ဘူး ပေါ့။ ရွာပြန်ဖို့ စုထားတာတွေ အားလုံးထုတ် သုံးကုန်ပြီလေ။ ဒီက ထောက်ပံ့တာက ထမင်း မဝဘူး။ ဝမ်းစာပြန်ရှာရတယ် ။ မနှစ်က ကိုဗစ် နဲ့ ဒီနှစ်က တိုက်ပွဲတွေနဲ့”ဟု ဒဘတ်ယန်ကျေး ရွာတွင် ပြန်လည်နေထိုင်ရန် ကြိုးစားနေသူ အသက် ၆၀ ကျော်အရွယ် ဒေါ်လုက ပြော ကြားသည်။

၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှစ၍ စစ်ရှောင်များ အိုးအိမ်စွန့်ခွာပြေးလာကြသည်မှာ မကြာ မီ ၁၀ နှစ် ၁၀ မိုးပြည့်တော့မည်ဖြစ်သည်။ အသက် ၇၀ ခန့် အဘိုးကြီးဦးမရူလက “ဒီတစ်သက် ပြန်ရဦးမလား မသိဘူး။ ကျွန်တော် တို့ မိတ်ဆွေတွေလည်း တော်တော်သေကုန်ကြ ပြီ။ သွေးတိုးရှိလို့ ဆေးစားနေရတယ်။ ဆေး အဖွဲ့လည်း ရန်ပုံငွေထုတ်မရလို့ မလာနိုင် တော့ဘူး ကြားနေတယ်။ ခြေထောက်တွေ လည်း သွားလာရင် အရမ်းလေးတယ်။ ဒီစခန်း တွေက အမိုးနိမ့်တော့ ပူလည်းပူတယ်။ ဆူ လည်း ဆူတယ်။ နေအိမ်အကျယ်ချုပ်ကျနေ ရသလိုပဲ”ဟု ညည်းသည်။

ဒဘတ်ယန်ကျေးရွာတွင် နေရပ်ပြန်မည့် စစ်ရှောင် ၂၅၃ အိမ်ထောင်စုရှိပြီး ကချင်ပြည် နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားမှု  အကောင်အထည်ဖော်ရေးဆိုင်ရာကော်မတီ (KHCC)၊ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တို့ညှိနှိုင်းကာ အိမ်ထောင်စု ၂၁၆ စုနှင့် ပြည် နယ်အစိုးရအဖွဲ့က အိမ်ထောင်စု ၃၇ စုကို နေရပ်ပြန်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ် သည်။

ဒဘတ်ယန်ကျေးရွာမှာ လက်ရှိ နေအိမ် ၂၀၀ ကျော်ကို ဆောက်လုပ်ဆဲ ပြီးစီးတော့မည်။ ရွာသားတွေက ရွာဝန်းကျင် ပစ်ခတ်မှု တွေက ဖြစ်လာမှာကို စိုးရိမ်နေသည်။

ဒဘတ်ယန်ကျေးရွာ ဥက္ကဋ္ဌဟောင်းဖြစ် သူ ဦးအောင်မြတ်က “ကျွန်တော်တို့လည်း နေရပ်ပြန်ဖို့ အဆောက်အအုံတွေ မအပ်သေး တော့ ရွာသားတွေ ပြန်လိုက်သွားလိုက်ပေါ့။ စိုးရိမ်တာတော့ရှိတာပေါ့။ ကျွန်တော်တို့နား မှာ မဖြစ်သေးရင်တော့ ပြန်ဖို့များတာပေါ့။ သေနတ်သံတွေ ကြားရင်တော့ ပြေးကြပြန်ရုံ ပေါ့။ ဘယ်အဖွဲ့အစည်းကမှ တာဝန်မခံနိုင် တော့ဘူးလေ။ အရင်တုန်းက လက်နက်ကိုင် အချင်းချင်း။ အခုက ပြည်သူတွေပါ ပြန်ပါနေ တာလေ။ ရွာသားတွေကတော့ ရွာမှာ မအိပ် ဘူး။ တောင်ယာမှာ သွားအိပ်ကြတယ်။ တောင်ယာတွေလည်း စပါးထိုးဖို့ အဆင့်သင့် ဖြစ်နေပြီ။ အရင်းအနှီးလည်း များကုန်ပြီ။ သေနတ်သံ မကြားရဖို့ပဲ မျှော်လင့်နေရတာပဲ” ဟု ဆိုသည်။

ဂျပန် နီပွန်ဖောင်ဒေးရှင်းက ကချင်စစ်ဘေးရှောင် ၁၇ နေရာကို နေရပ်ပြန်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ငါးသန်းကူညီ ရန် ၂၀၁၉ ခုနှစ်က သဘောတူကာ စတင် အကောင်အထည်ဖော်ဆောင်ခဲ့သည်။ ကချင်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက်ရေးကော်မတီ (KHCC) က တနိုင်းမြို့၊ ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေး ရွာတို့တွင် နေရပ်ပြန်ခြင်း နေရာချထားခြင်းတို့ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ဒေသတွင်း နေ ရပ်ရွှေ့ပြောင်း စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ၂၀၁၉ ခုနှစ်တွင် နေရပ်ပြန်လည်ချထားရေး လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ နောက်တစ်ဖွဲ့မှာ တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး နှင့် စခန်းများ ပြန်လည်ရုပ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် ရေးဆွဲခဲ့ သည်။ ပြည်နယ်အစိုးရအနေဖြင့် နှစ်လတစ်ကြိမ် အစီရင်ခံစာတင်ပြကာ ဆောင်ရွက်ရကြောင်း ယခင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက ဆိုသည်။

ကချင်စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌဖြစ်သူ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ်က “နေရပ်ပြန်နိုင်ရေးကို အဖွဲ့အစည်းပေါင်းစုံနဲ့ အကြိမ်ကြိမ် ဆွေးနွေးပြီး အကောင်အထည်ဖော်ခဲ့တာပါပဲ။  ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အခြေအနေတွေ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာတော့ နေရပ်ပြန်လည်ချထားရေးက အဓိက လုပ်လို့ မရနိုင်တော့ဘူး။ လုပ်ပြီးသားတွေ ပြီးအောင်လုပ်ပြီး ဆက်လုပ်ရမယ့် လုပ်ငန်းစဉ် တွေ ဆက်လုပ်ရင် အန္တရာယ်များတယ်။လက် နက်ကိုင်တွေ ငြိမ်းချမ်းမှ ဆက်လုပ်လို့ရတော့ မှာ။ အားလုံးက မတင်မကျနဲ့ စီမံကိန်းကို ရပ် နားရတဲ့ အခြေအနေပဲ။  စစ်ရှောင်တွေ နေရပ် ပြန်ရေးက အခြေအနေနဲ့ သူတို့ရဲ့ဆန္ဒပေါ်မှာ မူတည်သွားတယ်။ ကျွန်တော်တို့လည်း လုံခြုံ ရေးအာမခံချက်က မပေးနိုင်ဘူး။ ကျွန်တော်တို့လည်း နေရပ်ပြန်ရေးက တိကျတဲ့မှတ်ချက် ပေးဖို့ ခဲယဉ်းတယ်။ ကျွန်တော့်ဘက်ကတော့ ကျွန်တော်တို့အသင်းသားတွေကို တတ်နိုင်တဲ့ ဘက်က ကူညီစောင့်ရှောက်ဖို့ကတော့ အဆင် သင့်ပါပဲ။ အသစ်ရောက်လာတဲ့ စစ်ဘေး ရှောင်တွေလည်း ခဏနားခိုပြီး အေးချမ်းတာ နဲ့ မူလရပ်ရွာကို ပြန်နိုင်ဖို့ စီစဉ်ရတယ်။ အရင်ကလို စစ်ဘေးရှောင်စခန်းမှာ လက်မခံတော့ဘူး။ လတ်တလော အကူအညီတော့ပေးရတာပေါ့” ဟု ဆိုသည်။

ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာသုံးချက်တွင် ဘေးကင်းရေး၊ ဂုဏ်သိက္ခာရှိရေး၊ အမှီအခိုကင်းရေး မူသုံးချက်ကို အခြေခံကာ လုပ်ဆောင်နေ ကြောင်း ယခင်ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးက မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ရှင်းလင်းခဲ့သည်။ နေရပ်ပြန်လည်နေထိုင်ရေးက ဘေးကင်းလုံခြုံမှု မရှိလျှင် ဆောင်းတွင်းအိပ်မက်ပမာသာ ဖြစ်ပေ လိမ့်မည်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း စစ်ရေးပဋိပက္ခနှင့် စစ်ရှောင်ဒုက္ခသည်များ

မတ် ၁၁ ရက်တွင် စတင်ကာ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသတွင် ကေအိုင်အေနှင့် တပ်မတော်တို့ ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားလာသည်။ သည်မှာတင် မရပ်။ မြစ်ဆုံအထက်ပိုင်း အင်ဂျန်းယန်ဘက်ရောက်တော့ စစ်ရှောင်က နေ တောင်ယာ၊ ဥယျာဉ်သွားခုတ်သူ ၂၀၀ ကျော် မြစ်ကြီးနား ပြေးလာရသည်။ ဖားကန့် လမ်းပေါ်ရှိ ကာမိုင်းဝန်းကျင်မှာ ပစ်ခတ်မှု ဖြစ်သည်။ တနိုင်းလမ်းပေါ် လီဒိုလမ်းမပေါ်မှာ ပစ်ခတ်မှုဖြစ်သည်။ ဧပြီ ၁၀ ရက် နောက်ပိုင်း မှာတော့ မိုးမောက်မြို့နယ်ထဲက အာလော ဘွမ်စခန်းကို ကေအိုင်အေက ဝင်ရောက်သိမ်း ပိုက်ရာ တပ်မတော်က ဧပြီ ၂၄ ရက်မှစ၍ လေကြောင်းတိုက်ခိုက်မှုအထိ ရှိခဲ့သည်။ မြို့ သစ်၊ မင်းဂျမ်း၊ စီဟက်၊ ကုန်းလော စသည့် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်သူ ၇၀၀၀ ဝန်းကျင်ခန့်ရှိခဲ့သည်။ ဧပြီလလယ်တွင် အိမ် များ လက်နက်ကြီးမှန်၍ သက် ကြီးရွယ်အိုနှစ် ဦးနှင့် မိခင်တစ်ဦး၊ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း လေးဦးသေဆုံး သည်။ မေ ၃ ရက်တွင် ကုန်းလောဆရာတော် နှင့် ဒကာတစ်ဦးနှင့် ဒကာမတစ်ဦးက ဘုန်း ကြီးကျောင်း၌ လက်နက်ကြီးမှန်ပြီးနောက် သေဆုံးခဲ့သည်။ ရွာသားတွေ ဘေးလွတ်ရာ ပြေးရသည်။

စစ်ရှောင်စခန်းပင် မဆောက်နိုင်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆွေမျိုးအိမ်တွေ ဝင်ခိုရသည်။ အခင်းမသိမ်းနိုင် ယာမသိမ်းနိုင် ပြေးကြရသည်။ ဗန်းမော်မြို့ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ခိုလှုံ နေသည့် စီဟက်ကျေးရွာမှ ရပ်မိရပ်ဖဖြစ်သူ ဦးစိုင်းကေ့ (နာမည်လွှဲ) က “ကုန်းလောရော ဒီဘက်ရော အိမ်တွေ လက်နက်ကြီးကျတာက အိမ် ၃၀ လောက်ပျက်သွားပြီ။ ကျွန်တော်တို့က နန်ဆန် ယန်လို ရွာပျက်မှာ စိုးတယ်။ အခု မြေပဲခင်း တွေ နုတ်လို့ရ ပြီ။ ရွာနားမှာပဲ တဒိုင်းဒိုင်းပစ်နေ တယ်။ မိုင်းတွေကွဲနေတယ်။ ဘယ်သူမှ ရွာထဲ မနေရဲကြတော့ဘူး။ အခု လယ်အတွက် ပြင်ရ မယ့်အချိန်ရောက်ပြီ။ အခုထွက်ပြေးတဲ့ ရှမ်း ရွာတွေဟာ အိမ်ခြေ ၅၀၀ ကျော်တွေ။အား လုံးလည်း လယ်အခင်း စိုက်ပျိုးသီးနှံပဲ လုပ် စားကြတယ်။ ဒီမိုး စပါးမစိုက်ရရင် ကျွန်တော် တို့ရှမ်းတွေက ဘာမျှော်လင့်ချက်မှ မရှိတော့ ဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာ အားလုံးညှိ နှိုင်းစေချင်တယ်။ ဒီမှာလည်း ဘယ်လိုမှ  ကျွန် တော်တို့ မနေနိုင်ဘူး။ လူတအားများတယ်”ဟု ဆိုသည်။

လတ်တလောပြေးကြရသည့် စစ်ဘေး ရှောင်အများစုသည် နေရေးနှင့် စားရေး အဓိက ဒုက္ခတွေ့ကြရကြောင်း ကချင်ပြည်နယ် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးစိုင်းကျော် သီဟက ပြောကြားသည်။

“ဘုန်းကြီးကျောင်းတွေ၊ ဇာတ်ရုံတွေက လူတွေအတွက် ခိုလှုံဖို့ ဆောက်ထားတဲ့ ပုံစံ မဟုတ်ဘူးလေ။ အိမ်သာတို့၊ သုံးရေတို့ကျ တော့ ဒီမှာ ဒုက္ခရောက်ကြတယ်။ အမျိုးသမီးတွေဆိုလည်း လုံလုံခြုံခြုံ မဟုတ်ဘူး။ တတ်နိုင်သလောက်တော့ လှူနေကြတာပဲ။ ဒီကာ လက စီးပွားရေးကျပ်၊ နိုင်ငံအရကျပ်တည်းနေ တဲ့အချိန်ဆိုတော့ များများလည်း မလှူနိုင်ကြ ဘူး။ စစ်ရှောင်စခန်းလိုမျိုးကို ဒီမှာ မလုပ်နိုင် ဘူး။ ဖြစ်သလိုနေကြတာ။အချိန်တွေကြာသွား မှာကို ကျွန်တော်တို့ရော၊ စစ်ရှောင်တွေပါစိတ် ပူနေတယ်။ သူတို့အတွက်ရော မြို့အတွက်ပါ အချိန်ကြာရင် ဝန်တွေ ထပ်ထပ်များလာမှာ။ ရွာတွေပျက်ရင်က နာလန်ထူဖို့ မလွယ်ဘူး လေ”ဟု သုံးသပ်သည်။ လက်ရှိအခြေအနေ တွင် ကုန်းလော၊ စီဟတ်၊ မြို့သစ်၊ မင်းဂျမ်း ကျေးရွာများက တစ်ရွာလုံး မီးခိုးတိတ် ပြေးနေ ကြရသည်။

 

လုံခြုံရေးနှင့် ဝမ်းစာရေး

ကချင်ပြည်နယ်က စစ်ဘေးရှောင်များ ကို ၂၀၁၈ ခုနှစ်မှစ၍ တစ်ဦးချင်းထောက်ပံ့မှု သာမန်လူတန်းစားကို တစ်လလျှင် ကျပ် ၁၁၀၀၀၊ ခက်ခဲသူများကို ကျပ် ၁၅၀၀၀ ထောက်ပံ့ခဲ့သည်။ အဆိုပါစရိတ်ဟာ တစ်ရက် ကျပ် ၃၆၀ နှင့် ကျပ် ၅ဝဝသာ ထောက်ပံ့ သည့်အခြေအနေဖြစ်သည်။ မလောက်ငသည့်အတွက် စခန်းအပြင်တွင် နေ့စားလိုက်၊ နေရပ်ရပ်ရွာဟောင်းက ခြံတွင် တောင်ယာ ခုတ်၊ အခင်းခုတ်၊ လိမ္မော်ခြံရှင်း လုပ်စားကြရသည်။ လက်ရှိတွင် ပစ်ခတ်မှုများ ပြန်ဖြစ် နေသည့် အခြေအနေများကြောင့် စစ်ရှောင်များက လုပ်ငန်းများမချောမည်ကို စိုးရိမ်နေကြသည်။

မိုင်းနား KBC စစ်ရှောင်စခန်း ဒုတာဝန်ခံ ကိုဆိုင်းဂျပ်က “အိမ်ပြန်ဖို့လုပ်နေတာ အိမ် ထောင်စု ၉၀ လောက်ရှိတယ်။ အိမ်ပြန်မယ်ဆို တော့ ဟိုမှာ လုပ်ငန်းလည်အောင် ယာခင်း ရှင်း၊ တောင်ယာရှင်းတွေ ငွေတွေက သုံးကုန် လိုက်ပြီ။ အခုက တချို့နေရာတွေက ဒီနေရာ က မလုံခြုံသေးဘူးတွေ ပြောလာတယ်။ အခု အခြားနေရာတွေမှာ ပြန်ပစ်တော့ လူတွေက ပူနေရပြန်ပြီ။ အရင်ကလည်း စစ်ရှောင်က ဒီ မှာ စားဝတ်နေရေးမပြေလည်တော့  အများစုက အပြင်မှာ တောင်ယာခုတ်၊ အခင်းခုတ် လုပ်ကြတယ်။ ဝမ်းစာလည်း ရတယ်။ လုံခြုံရေးရှိမှ ဝမ်းစာရေးက ပြေလည်မှာ”ဟု ဆို သည်။

မိုးမောက်၊ ဒေါ့ဖုန်းယန်ဘက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှုများနောက် ပိုင်း နေရပ်ပြန်ရန် ပြင်ဆင်နေသူများ ပြန်လည်တပ်ဆုတ်ခဲ့ရသည်။ သတင်းများက လည်း အိမ်က ဖုန်းဆက်မှ သတင်းတွေ သိရ သည်။

ကဇူးရွာသား ကိုဒန်ဒေါင်က “ကျွန်တော် က အိမ်နေရာရှင်းပြီး ကွပ်ပျစ်ဆောက်ထားပြီ။ တပ်စခန်းတွေနဲ့က နီးတော့ ပစ်ခတ်မှုတွေက အခြားနေရာတွေမှာဖြစ်နေတာ ဖုန်းဆက် တာနဲ့ပြန်လာတာ။ ဒဘတ်ယန်ရွာပြီးရင် ကျွန် တော်တို့ ရွာအလှည့်လေ ပြန်ရမှာက။ သွားပြီး ကြိုပြင်တာပေါ့။ လုံခြုံရေးမရှိရင် အခြေချလို့ မရဘူး။ တောင်ယာလည်း လုပ်ထားပြီး သိမ်း မရရင် အလကားပဲလေ”ဟု ဆိုသည်။

လက်ရှိတွင် ၀ိုင်းမော်-ဗန်းမော် ကား လမ်းနံဘေးမှ စစ်ရှောင် တောင်ယာခုတ်သူများ ပြန်လာသူများရှိသလို မပြန်ဘဲ ဆက်လက်လုပ် နေသူများလည်း ရှိနေသည်။

တစ်ပူပေါ်  တစ်ပူဆင့်

စစ်ဘေးရှောင်သူတွေကို အကူအညီပေး သည့် အဖွဲ့များကလည်း လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက တဖြည်းဖြည်းနည်းလာသည်။ ၂၀၂၀ တွင် ကိုဗစ်ကပ်ဘေး နှင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်း အလဲ ရိုက်ခတ်မှု ကြောင့် အလုပ်အကိုင်ရှားပါးခြင်း၊ လွတ်လပ်စွာ သွားလာပိုင်ခွင့်များ ဆုံးရှုံးရသည်။ လွန်ခဲ့ သည့်နှစ်က သွားလာခွင့်ပိတ်သော်လည်း အပြင်မှာ အလုပ်ထွက်လုပ်ခွင့်ပြုရသည်။ ဒီနှစ်မှာက အပြင်နေ့ စားလုပ်ငန်းများပါ ရှား ပါးလာသည်။

ဒဘတ်ယန်ကျေးရွာကိုပြန်ရန် ပြင်ဆင် နေသည့် သား၊ သမီးငါးဦး မိခင် ဒေါ်လဖိုင် ရွယ်က  “ဒဘတ်ယန်မှာက အိမ်က ဆောက်ပြီး ပြီပြောတယ်။ ရွာမှာတော့ သွားမအိပ်သေးဘူး။ ကျွန်မလည်း စစ်ရှောင်စခန်းမှာ အိမ် ပေါ်မှာပဲ ချော်လဲလို့ ခြေတစ်ဖက်ကျိုးရော။ ငွေလိုလို့ဆွေမျိုးသားချင်းမှာ ယူရတယ်။ အကြီးဆုံးက ၁၀ တန်း တက်မယ်ဆိုတော့ ဒီနှစ်တော့ အမေငွေကျပ်တယ်။ အိမ်ဆောက်ဖို့ ပြင်တာလည်း ငွေကုန်တယ်။ ကျောင်းတွေဖွင့် ရင်လည်း နားထားရအောင်လို့ ကလေးတွေကို ပြောရတယ်။ တောင်ယာကတော့ စပါးထည့်ရ တော့မယ်။ ပစ်ကြခတ်ကြမှာပဲ ပြန်လာမယ် လို့ အမျိုးသားက ပြောတယ်။ သတင်းတွေ လည်း သူများမေးပြီး နားစွင့်နေရတာ” ဟု ဆို သည်။

စစ်ရှောင်စခန်းများကို ပေးနေသည့်ငွေများက ယခင် Waves Money ဖြင့် လွှဲပေးသော် လည်း လွန်ခဲ့သည့်လပိုင်းကတည်းက ငွေထုတ်သည့်အခါ အဆင်မပြေသဖြင့် ငွေသား ပေးမည်ဟု ကြားသိရသော်လည်း ဧပြီလ ထောက်ပံ့ကြေးများ ဘဏ်အခက်အခဲကြောင့် မရောက်နိုင်သေးဟု သိရသည်။ စစ်ရှောင် စခန်းတွင် လာလုပ်သည့် NGOs, INGOs, CSO များ၏ လုပ်ငန်းစဉ်မှာ ရပ်ထားရသည်။

“ဘဏ်တွေကလည်း အဆင်မပြေတော့ လွန်ခဲ့တဲ့လကငွေ အခုအထိ မထုတ်နိုင်သေးဘူး။ သူတို့စီမံကိန်းတွေဖြစ်တဲ့ သက်မွေးပညာ၊ ရက်ကန်းရက်၊ လက်သမား၊ ဝပ်ရှော့၊ စိုက်ပျိုး ရေးသင်တန်း၊ အပ်ချုပ်တို့ အမျိုးသမီးပညာ ပေး၊ ကျန်းမာရေးပညာပေးတွေ လာမလုပ် နိုင်တော့ဘူး။ ဒါတွေက နိုင်ငံရေးအပြောင်း အလဲကြောင့် ဖြစ်တာပေါ့” ဟု မိုင်းနား KBC ဒုတိယစခန်းတာဝန်ခံ ဦးဆိုင်းဂျပ်က ဆိုသည်။

စစ်ဘေးရှောင်များ၏ ၁၀ နှစ်မြောက် မိုးရာသီ

လာမည့် ဇွန် ၉ ရက်ဆိုလျှင် စစ်ဘေး ရှောင်များ၏ ၁၀ နှစ်မြောက် မိုးရာသီရောက် ပါပြီ။ သမိုင်းကြောင်းအရ ၁၉၆၂ ခုနှစ်တွင် ပေါ်ပေါက် ခဲ့သည့် ကေအိုင်အို/ကေအိုင်အေ အဖွဲ့အစည်းသည် ၁၉၉၄ ခုနှစ်တွင် တပ်မ တော်အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးခဲ့ကြသည်။ အကြောင်းအမျိုးမျိုးကြောင့် ၁၇ နှစ်ကြာပြီး ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ ပစ် ခတ်မှုများကို ကချင်ပြည်နယ် မိုးမောက်မြို့ နယ်အတွင်းမှာ ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုများ အဆုံးသတ်နိုင်မှုမရှိဘဲ မြစ်ကြီးနား-ဗန်းမော် ကားလမ်းကြောင်းပေါ်ရှိ မြို့၊ ကျေးရွာများ၊ ဖားကန့်ဒေသလမ်းကြောများ၊ ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အနှံ့ကို ပြန့် သွားခြင်းဖြစ်သည်။ ကချင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၀၀ ကျော်မှ ဒေသခံများ ထွက်ပြေးကြရပြီး စာသင်ကျောင်းပေါင်း ၃၉ ကျောင်းပိတ်ခဲ့ရသည်။ ကျေးရွာဝန်းကျင်တွင် ပစ်ခတ်မှုများဖြစ်ကြ၍ ဒေသခံပြည်သူရော တခြားဒေသက လာရောက် လုပ်ကိုင်စား သောက်သူတွေပါ စစ်ဘေးရန်မရှိသည့် မြို့ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဘုန်းတော် ကြီးကျောင်းများ၊ နီးစပ်ရာဆွေမျိုးများတွင် မှီခိုလာကြရသည်။

NLD အစိုးရလက်ထက် စာရင်းများအရ  အစိုးရလက်အောက်တွင် ခိုလှုံနေသည့် စစ် ဘေးရှောင်များမှာ မြစ်ကြီးနားခရိုင်တွင် စခန်း ပေါင်း ၄၁ စခန်း၊ ဗန်းမော်မြို့ခရိုင်တွင် ၂၈ စခန်း၊ မိုးညှင်းခရိုင်တွင် ၂၈ စခန်း၊ ပူတာအို ခရိုင်တွင် နှစ် စခန်း စုစုပေါင်း ၉၅ ခုရှိပြီး အိမ် ထောင်စုပေါင်း ၉၃၀၀ စု၊ အသက် ၁၂ နှစ်အ ထက် အမျိုးသား ၁၃၃၅၆ ဦး၊ အမျိုးသမီး ၁၅၄၇၆ ဦးရှိပြီး ၁၂ နှစ်အောက် ကျား ၈၀၁၉ ဦး၊ မ ၇၉၅၀ ဦးရှိပြီး စုစုပေါင်း ၄၄၈၀၁  ဦးရှိ သည်ဟု သိရသည်။ ကေအိုင်အို ထိန်းချုပ်နယ် မြေတွင်မူ စစ်ရှောင်စခန်း ၂၅ ခု၌ လူဦးရေ ၄၆၀၀၀ ကျော်နေထိုင်ကြောင်း  စာရင်းများ က ဆိုသည်။

လွန်ခဲ့သည့်ရက်ပိုင်းက အင်ဂျန်းယန် မြို့နယ်က ထွက်ပြေးလာသူ နောင်နန်းထရီ နတီစစ်ရှောင်စခန်းမှ ဦးမရန်ကိန်က “တောင် ယာလုပ်သူတွေ အားလုံးက ပြေးလာကြပြီ။ ပြန်သွားလို့လည်း လမ်းမှာ အစစ်အဆေးများ တယ်။ ကျွန်တော်တို့ အင်ဂျန်ယန်ဘက်က တောင်ပေါ်ကျတယ်။ မြို့အလုပ်တွေနဲ့ မရင်း နှီးဘူး။ အခုပြန်ပြီး မရှာစားနိုင်ရင် အဓိက စားရေးနဲ့ သုံးငွေကတော့ ရစရာမရှိအောင် ကျပ်မှာ။ ဘာမှတော့ထွက်ပေါက် မရှိသေး ဘူးလေ”ဟု ဆိုသည်။

မြစ်ကြီးနား ဂျာမိုင်ကောင်း RC စစ် ရှောင်စခန်းတွင်နေသူ ဒေါ်မဂျီဂရောင်းက “မနှစ်က ကိုဗစ်ကြောင့် သွားလာရေး ကန့် သတ်တာ။ ဒီနှစ်က အလုပ်အကိုင်ကို ရှားပါး တာ။ မိုးရာသီအတွက် ဘာပြင်ဆင်နိုင်မှာလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် အကြွေးကတော့ အစိုးရပေးပြီး စခန်းက ပြန်ချေးတဲ့တစ်သိန်းကို တစ်ကျပ်တိုးနဲ့ သုံးသိန်းပဲရှိတယ်။ ဆပ်ဖို့ငွေကို နေ့စားလုပ်ပြီး စုထားတယ်။ သမီးကြီး အတွက် ကိုဗစ်ထောက်ပံ့ငွေ တစ်သိန်းကျော် ရတာ စက်ချုပ် သင်တယ်။ ပိတ်စဝယ်။ အဝတ်ကလေးတွေလည်း နည်းနည်းချင်း ရောင်းရပြီ။ ပြန်ဖို့စာရင်းပေးပေမဲ့ ကျွန်မတို့နှောကူးက ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲ ပါသွားလို့ တဲ့။ အခုလိုပြန်ပြီး ပစ်ကြခတ်ကြတော့ နေရပ် ပြန်ရေးက အမှောင်ထဲ လမ်းလျှောက်ရသလို ပဲ။ အခု အမျိုးသားနဲ့ တိုင်ပင်နေရတယ်။ ဒီ မှာပဲ ဖြစ်သလိုစုပြီး သားသမီးတွေအတွက် အိမ်ဝိုင်းလေး ဝယ်ကြရအောင် ဆွေးနွေးနေရ ပြီ။ ပြန်ရဖို့ လမ်းစ မတွေ့တော့ဘူးလေ”ဟု ဆိုသည်။

စစ်ရှောင်များ မျှော်လင့်ချက်က ငြိမ်းချမ်း ဖို့နှင့် ကိုယ့်အိုးအိမ်တွင် အတည်တကျ ပြန်လည်နေထိုင်ရေး ဆိုသော်ငြား ပြန်လမ်း ပျောက်နေဆဲဖြစ်သည်။ မှုန်ဝါးနေဆဲဖြစ် သည်။ ဘာပဲဖြစ်ဖြစ် အနောက်တောင် အရပ် မှာ တိမ်လိပ်တို့ တက်လာချေပြီ။ စစ်ရှောင် ကလေးငယ်များကာ အစုလိုက် အပြုံလိုက်။ အပြစ်ကင်းသောမျက်နှာများဖြင့် ဓာတ်ပုံရိုက် သည်ကို ပြုံးပြနေကြသည်။ စစ်ဘေးရှောင်များ ၁၀ နှစ်မြောက် မိုးရာသီကို အလွယ်တကူ ကျော်ဖြတ်နိုင်ဖို့ အားတင်းနိုင်ပါစေ။ စစ်ဘေး၊ ရောဂါဘေးကင်းကြပါစေဟုသာ ဆုတောင်း မိသည်။                                

Most Read

Most Recent