ငွေကြေးအကျပ်အတည်းနှင့် ကုန်စျေးနှုန်းဂယက်က ပြည်သူအပေါ် ဘယ်လောက်ရိုက်ခတ်နေပြီလဲ

ငွေကြေးအကျပ်အတည်းနှင့် ကုန်စျေးနှုန်းဂယက်က ပြည်သူအပေါ် ဘယ်လောက်ရိုက်ခတ်နေပြီလဲ
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 16 May 2021
နီလာ

ဒေါ်လာငွေလဲနှုန်း တရိပ်ရိပ် မြင့်တက်လာကာ ကျပ်ငွေတန်ဖိုး ကျဆင်းသွားခြင်းကြောင့် စီးပွားရေး နယ်ပယ်အတွင်း ကြီးစွာလှုပ်ခတ်ခဲ့သည်။

ကျပ်ငွေတန်ဖိုး ကျဆင်းမှု၏ နောက်ဆက်တွဲအဖြစ် လူထုအပေါ် သက်ရောက်မှုအတွက် စိုးရိမ်ပူပြန်လာကြသည်။ စီးပွားရေးလုပ်ငန်းကြီးများနှင့် လုပ်ငန်းရှင်များကို သက်ရောက်ခြင်းထက် အခြေခံလူထုအပေါ် သက်ရောက်နိုင်ခြေကို ပို၍ စဉ်းစားတွက်ချက်ရတော့မည်ဖြစ်သည်။

ဒေသတွင်း နိုင်ငံများ၌ အခြေခံလုပ်ခလစာ အနိမ့်ဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟမှုကြီးသည့်အချက်ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ အခြေခံလူထုကြားတွင် ဝင်ငွေနှင့် ထွက်ငွေ မမျှသည့် ပြဿနာသည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေသည်။

COVID-19 ဖြစ်ပွားမှုကြောင့် ယိုင်နဲ့နေသည့်အခြေအနေတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ရှင်သန်နေထိုင်ရန် ခက်ခက်ခဲခဲကြိုးပမ်းနေကြရသည့် မိသားစုများ တစ်စ ထက်တစ်စ ဆိုးရွားသည့် လုံခြုံမှု မရှိသော အခြေအနေတွင် နေထိုင်နေကြရခြင်း၊ ဝင်ငွေကျဆင်းမှု သို့မဟုတ် ဝင်ငွေဆုံးရှုံးမှုတို့ကို ရင်ဆိုင်နေကြရခြင်း၊ စားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာသည့် အကျပ်အတည်းများကြားတွင် စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်းနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိရန် ခက်ခဲနေခြင်းတို့ကို ရင်ဆိုင်နေကြရသည်ဟု UNOPS မှစီမံခန့်ခွဲသည့် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) က သတိပေးပြောကြားလိုက်သည်။

စားနပ်ရိက္ခာများရရှိနိုင်သည့် နေရာများတွင်မူ ကုန်စျေးနှုန်းများ မြင့်တက်နေပြီး အထူးသဖြင့် ဆီနှင့် လောင်စာဆီ ကဲ့သို့သော စားသောက်ကုန်များမှာ ပျမ်းမျှ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး ဖြစ်သည့်အပြင် ဆက်လက်၍လည်း စျေးနှုန်းမြင့်တက်လျက်ရှိရာ ဆင်းရဲနွမ်းပါးမှု အဆိုးရွားဆုံးသော မိသားစုများ၏ စားနပ်ရိက္ခာမဖူလုံမှုကို ပိုမိုဆိုးရွာစေသည်။

မိသားစုအများအပြားမှာ အမည်စုံ အာဟာရ ရရှိစေမည့် အခြားစားသောက်ကုန်များကိုမဆို ထားနှင့် အခြေခံစားသောက်ကုန်များကို ဝယ်ယူရန်ပင် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။

ရန်ကုန်မြို့ပြဝန်းကျင်ဒေသရှိ အလုပ်သမားအများအပြားမှာ ဝင်ငွေလျော့ကျမှုနှင့် ရင်ဆိုင်နေကြရသည်။

မြို့ပြဝန်းကျင်ဒေသနေ မိသားစုများအား ရှင်သန်နေထိုင်စေခဲ့သည့် စက်ရုံအများအပြားမှာ အမှာစာများ လျော့ကျခြင်းနှင့် ကုန်စည် စီးဆင်းမှု ကွင်းဆက်ပြဿနာများကြောင့် ပိတ်သိမ်းခဲ့ရပြီး အချို့စက်ရုံများမှာလည်း ငွေကြေးလည်ပတ်မှုဆိုင်ရာ ပြဿနာများ ကြီးကြီးမားမား ကြုံတွေ့နေကြရသည်။

အဆိုပါ ဖြစ်ရပ်များကြောင့် အလုပ်သမားအများအပြား (အဓိကအားဖြင့် အမျိုးသမီးရွှေ့ပြောင်း လုပ်သားအများအပြား) ကို အလုပ်လက်မဲ့ဖြစ်စေခဲ့ပြီး စက်ရုံအများအပြားမှ ပေးရန်ကျန်ရှိနေသည့် လုပ်ခလစာများ ပေးချေရန် ငြင်းဆိုခြင်း (သို့မဟုတ်) မပေးနိုင်တော့ခြင်းတို့ကိုပါ ရင်ဆိုင်နေကြရသည်။

စားနပ်ရိက္ခာပြတ်လပ်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းတို့ ပို၍များပြားလာခြင်းတို့ကို ကြုံတွေ့ရသဖြင့် ယခင်က စက်မှုကဏ္ဍတွင် အလုပ်အကိုင်ရရှိခဲ့ကြသည့် ရွှေ့ပြောင်းလုပ်သားအများအပြား ရန်ကုန်မြို့ကို စွန့်ခွာခဲ့ကြရာ မြို့ပြရှိ ပျံကျစျေးသည်အများအပြား၏ဝင်ငွေကို ထိခိုက်စေသည်။

ရန်ကုန်မြို့တွင် ဆက်လက်နေထိုင်သူ အများအပြားအနေဖြင့်လည်း အကြွေးတင်ခြင်းကြောင့် အသက်မွေးမှုအတွက် စိန်ခေါ်မှုများ ထပ်မံရင်ဆိုင်ကြုံတွေ့နေကြရသည်။

ဘဏ်စာရင်းများဖွင့်၍ ငွေစုဆောင်းနိုင်သူများ သို့မဟုတ် လူမှုဖူလုံရေးအစီအစဉ်များအပေါ် မှီခိုနေသူများမှာလည်း ဘဏ်ခွဲအများအပြားပိတ်ထားခြင်းကြောင့် ငွေထုတ်ယူရာတွင် စိန်ခေါ်မှုများ ရင်ဆိုင်နေကြရသည်။

တန်းစီးသူများနှင့် ATM

ပုဂ္ဂလိကဘဏ်များ၏ ATM ငွေထုတ်စက်များတွင် တန်းစီသူများ လျော့ကျသွားခြင်း မရှိဘဲ ကျပ်ငွေ အချင်းချင်း ရာခိုင်နှုန်းဖြင့် လဲပေးသည့် စျေးကွက်တစ်ခု ဖြစ်နေကြောင်း ငွေလဲသူများထံမှ သိရသည်။

ဘဏ်များတွင် အပ်နှံထားသည့် ငွေများကို ထုတ်ယူရာတွင် ATM စက်တွင် တန်းစီနေသူများ ရှိသကဲ့သို့ ကျပ်ငွေအား ရာခိုင်နှုန်း တစ်ခုဖြင့် လဲလှယ်ပေးသည့် စျေးကွက်တစ်ခုလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ တချို့က ATM ရှေ့မှာ တန်းမစီချင်ကြတော့ဘူး။ လူကလည်း အများကြီးဖြစ်နေတာ ကိုး။ တကယ် လိုတဲ့သူတွေကျတော့ တန်းစီရတာက အချိန်တစ်ခုပေးနေရတယ်။ ပိုက်ဆံရှိတဲ့သူကို  ရာခိုင်နှုန်းတစ်ခု ပေးပြီး ငွေသားယူကြတယ်” ဟု ငွေလာထုတ်သူတစ်ဦးက ပြောကြားသည်။

ယင်းသို့ ရာခိုင်နှုန်းတစ်ခုဖြင့် ငွေကြေးလဲလှယ်မှုပြုလုပ်ကြခြင်းမှာ တစ်ပတ်ကျော်ရှိလာပြီဖြစ်ပြီး ယခင်က ငွေထုတ်ချင်သူများအနေဖြင့် ငါးရာခိုင်နှုန်းသာ ပေးခဲ့ရသော်လည်း ယခုနောက်ပိုင်းတွင် ခုနစ် ရာခိုင်နှုန်းအထိ ပေးရကြောင်း ငွေလဲလှယ်ခဲ့သူတစ်ဦးက ပြောကြားသည်။

“ မပေးမဖြစ်ပေးရမယ့်အခြေအနေဖြစ်နေတော့ ခုနစ်ရာခိုင်နှုန်း ပေးလိုက်ရတယ်။ တစ်သိန်းကို ခုနစ်ထောင်ပေါ့” ဟု ကျပ်သိန်း ၇၀ ထုတ်ယူသူတစ်ဦးက ပြောကြားသည်။

စျေးကွက်အတွင်း လတ်တလောတွင် ရာခိုင်နှုန်းဖြင့် ငွေလဲပေးခြင်း အများအပြား ရှိနေသကဲ့သို့ ယင်းအပေါ် ဝေဖန်မှုများလည်း ရှိနေကြောင်း သိရသည်။

“ လိုအပ်လို့ ပေးရတယ်ဆိုပေမဲ့ ပိုက်ဆံထပ်ပေးရတာကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ကိုယ်ချင်းစာဖို့တော့ ကောင်းတယ်” ဟု ငွေလာထုတ်သူတစ်ဦးက ပြောကြားသည်။

ငွေထုတ်ယူရာတွင် ဘဏ်အသီးသီးအလိုက် တစ်ပတ်အတွင်း ထုတ်ယူနိုင်သည့်ပမာဏများ ထုတ်ပြန်ကာ တိုကင်စနစ်ဖြင့် ထုတ်ပေးရန် ပုဂ္ဂလိကဘဏ်များက စီစဉ်ခဲ့ကြသည်။

မေ ၁၁ ရက်တွင် ပြည်တွင်းစျေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၁၇၁၀၊ မေ ၁၂ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ်၁၇၃၅၊ မေ ၁၃ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင်  ကျပ် ၁၆၄၅ စျေး ရှိခဲ့သည်။

ထို့ပြင် ဗဟိုဘဏ်က လတ်တလော ငွေကြေးစျေးကွက်အတွင်း ဒေါ်လာငွေလဲနှုန်း အဆမတန် မြင့်တက်နေခြင်းကြောင့် ငွေကြေးစျေးကွက်ကိုထိန်းချုပ်နိုင်ရန် မေ ၁၂ နှင့် ၁၃ နှစ်ရက်အတွင်း ဒေါ်လာ ၁၂ သန်းအထိ ထုတ်ရောင်းခဲ့သည်။

ဗဟိုဘဏ်က မေ ၁၂ ရက်တွင် နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာခြောက်သန်း ရောင်းချခဲ့ပြီး လေလံအတွက် ပျှမ်းမျှငွေလဲနှုန်းမှာ ကျပ် ၁၆၅၀ ဒသမ ၆ ကျပ် ဖြစ်သည်။ ဗဟိုဘဏ်က မေ ၁၃ ရက်တွင် နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ခြောက်သန်း ရောင်းချခဲ့သည်။ လေလံအတွက် ပျှမ်းမျှငွေလဲနှုန်းမှာ ကျပ် ၁၆၆၉ ဒသမ ၅ ကျပ် ဖြစ်ပြီး နှစ်ရက်အတွင်း ဗဟိုဘဏ်က ဒေါ်လာ ၁၂ သန်း ရောင်းချခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်က ထုတ်ရောင်းသည့်ဒေါ်လာများကို ငွေလဲကောင်တာများမှတစ်ဆင့် မေ ၁၃ ရက်က စတင်ရောင်းချခဲ့သည်။

နိုင်ငံခြားငွေလဲနှုန်း အတက်အကျသည် နိုင်ငံခြားငွေဝယ်လိုအားနှင့် ရောင်းလိုအားကို သက်ရောက်စေနိုင်သော အကြောင်းရင်းများအပေါ်တွင် အခြေခံပြီး အဓိကကျသည့်အချက်များမှာ နိုင်ငံခြားငွေကြေးစျေးကွက် အခြေအနေ၊ နိုင်ငံ့ပို့ကုန်သွင်းကုန်ပမာဏ၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ရသုံးမှန်းခြေ ငွေစာရင်းအခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းအခြေအနေတို့ ဖြစ်သည်။

စားသောက်ကုန်စျေး မတည်ငြိမ်မှု

လတ်တလောတွင် ကျပ်ငွေ တန်ဖိုး ကျဆင်းမှုနှင့်အတူ အခြေခံ စားသောက်ကုန်စျေးနှုန်းများလည်း စျေးကွက်တွင် လိုက်ပါမြင့်တက်နေပြန်သည်။

ဒေါ်လာစျေး မြင့်တက်မှုကြောင့် သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် စျေးကွက်အတွင်း သုံးစွဲမှု များပြားသော စက်သုံးဆီ၊ ဆက်သွယ်ရေးပစ္စည်း၊ ဆေးဝါး၊ အစားအစာကဲ့သို့ ကုန်စည်များကို စျေးနှုန်းမြင့်တက်စေပြီး ကုန်စျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေမည်ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့သဖြင့် ပြည်တွင်း၌ ဆေးဝါး၊ ပြည်ပမှ တင်သွင်းရသည့် ကုန်စည်အချို့ စျေးနှုန်းမြင့်တက်ခဲ့သည်။

“ ပြည်တွင်းကထုတ်တဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဖြူ/နီ၊ အာလူး တို့ကတော့ အရမ်းကြီးစျေးတက်သွားတာမရှိဘူး။ ဆီစျေးတော့ နည်းနည်းတက်တယ်။ အထူးသဖြင့် ပြည်ပကနေသွင်းရတဲ့ ကုန်ပစ္စည်းတွေတော့ စျေးတက်တယ်။ ထိုင်းက လာတဲ့ မီးဖိုချောင်သုံးကုန်ပစ္စည်းတွေက စျေးတက်တယ်။ မြန်မာငွေ တန်ဖိုးကျလို့လားတော့ မပြောတတ်ဘူးလေ။ ကျွန်တော်တို့ကတော့ ဒိုင်ကဝယ်တဲ့ စျေးထက်တော့ စျေးနည်းနည်းတင်ပြီးရောင်းတယ်။ ဒါမှလည်း အမြတ်ငွေကျန်မှာကိုး” ဟု တာမွေမြို့နယ်၊ ကုန်စုံဆိုင်တစ်ခု၏ ဆိုင်ပိုင်ရှင်ဖြစ်သူက ပြောကြားသည်။

နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်မှုကြောင့် ဆေးစျေးကွက်အတွင်း ဆေးဝါးအများစု စျေးနှုန်းမြင့်တက်နေပြီး လက်ကားရောင်းချသူများက ပြည်ပမှ တင်သွင်းသည့်ဆေးဝါးအချို့ကို ကန့်သတ်ရောင်းချမှုများ ရှိနေကြောင်း သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဆေးလက်လီလက်ကား အရောင်းဆိုင်များမှ သိရသည်။

“ နိုင်ငံခြားဆေးတွေကတော့ စျေးတက်တယ်။ Mask တွေတော့ စျေးမတက်ဘူး။ နိုင်ငံခြားဆေးက ၁၀ ရာခိုင်နှုန်းလောက် စျေးတက်တယ်။ ဒေါ်လာစျေးတွေ၊ ရွှေစျေးတွေတက်တော့ သူတို့ဝယ်တဲ့အပေါ် မူတည်ပြီး  တက်တာပေါ့။ ကုမ္ပဏီတွေကလည်း တက်တာ။ လမ်းတွေပိတ်ထားလည်း စျေးကွက်မှာ ပုံမှန်တော့ ဆေးတွေဝင်နေတယ်။ စျေးကတော့ အတက်ပဲ ရှိတယ်။ ဆေးစျေးတွေကို ဆွဲတင်တာမဟုတ်ဘူး။ ဝယ်ရင်းစျေးတက်လို့ကို တက်သွားတာ။ ခုက ဝယ်တဲ့ သူတွေကလည်း အရင်ကလို လှောင်မထားဘဲနဲ့ လိုသလောက်ပဲ ဝယ်တော့တာ။ အရင်တုန်းကတော့ လှောင်ကုန်တွေရှိတယ်။ စျေးတွေတက်တော့ နည်းနည်းဝယ် နည်းနည်းရောင်း၊ မရှိမဖြစ်ဆေးတွေပဲဝယ်တော့တာ” ဟု မင်္ဂလာစျေးကြီးတွင် ဖွင့်လှစ်ထားသည့် ကိုဖိုးလှဆေးဆိုင်မှ ကိုဖိုးလှက ပြောကြားသည်။

အခြေခံစားသောက်ကုန်၊ စားသုံးဆီကဲ့သို့သော အဓိကစားသောက်ကုန်စျေးနှုန်းများသည် ပျမ်းမျှ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ဝင်ငွေ နည်းမိသားစုများ အများဆုံးစားသုံးသည့် စားအုန်းဆီစျေးနှုန်းများ နှစ်ဆနီးပါး မြင့်တက်ခဲ့သည်။

“ ဆီဆိုရင် ကျွန်မတို့စားနေကျ 2 Liters တစ်ဘူးကို ဇန်နဝါရီ နောက်ဆုံးပတ်က ၅၆၀၀ ပဲရှိတယ်။ အခု ကျပ် ၇၅၀၀ ဖြစ်သွားပြီ။ ကော်ဖီမစ်တွေလည်း စျေးတက်တယ်။ ပြည်တွင်းကထုတ်နေတာတွေလည်း တက်တာပဲ။ အကုန်စျေးတက်တာ” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတစ်ဦးက ပြောပြသည်။

ဘဏ်များပိတ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်တန့်သွားခြင်းတို့ကြောင့် ဒေသအနှံ့အပြားတွင် ဆန်ရောင်းဝယ်မှုနှင့် ပို့ဆောင်ထောက်ပံ့မှုတို့ ထိခိုက်စေခဲ့သည်။

ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းတွင် ဆုံးရှုံးရနိုင်ခြေ အန္တရာယ်မြင့်တက်လာခြင်းကြောင့် ခရီးတိုနှင့် ခရီးဝေးပို့ဆောင်ခ ရာခိုင်နှုန်း ၄၀ မှ ၅၀ အထိ မြင့်တက်ခဲ့ပြီး လောင်စာဆီ ပြတ်လပ်မှုများ၏နောက်ဆက်တွဲ အကျိုးဆက်အဖြစ် သယ်ယူပို့ဆောင်ရေးစရိတ်များ ပိုမိုမြင့်တက်လာမည်ဖြစ်သည်။

သုံးလအတွင်း ၃၃ ရာခိုင်နှုန်းကျော် မြင့်တက်လာသည့် စက်သုံးဆီစျေး

မြန်မာနိုင်ငံသည် စက်သုံးဆီများကို အဓိကအားဖြင့် စင်ကာပူနိုင်ငံမှ တင်သွင်းလေ့ရှိပြီး လစဉ် စက်သုံးဆီတင်သွင်းမှုသည် ဓာတ်ဆီတန်ချိန် နှစ်သိန်းနှင့် ဒီဇယ်ဆီ တန်ချိန် လေးသိန်းတင်သွင်းလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အာရှနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါထိန်းချုပ် ကာကွယ်ရန်အတွက် ကန့်သတ်ချက်များနှင့် လော့ဒေါင်းချထားမှုများ မြင့်တက်လာခြင်း၊ ဒေါ်လာငွေစျေးမြင့်တက်လာခြင်းများကြောင့် ရေနံဝယ်လိုအားအပေါ် စိုးရိမ်မှုများဖြစ်ပေါ်နေခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီစျေး သုံးလအတွင်း ၃၃ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

သုံးရက်အတွင်း ဒေါ်လာစျေး တစ်ဒေါ်လာလျှင် ကျပ် ၉၀ ဝန်းကျင်အထိ ကျဆင်းခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီစျေး ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေကြောင်း ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ဒီဇယ် တစ်လီတာလျှင် ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်တာ ၆ရဝကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၇၅၀ ကျပ်သာရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်း (MPTA) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မေ ၁၃ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ၉၉၅ ကျပ်၊ ပရီမီယံဒီဇယ်တာ ၁၀၁၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၉၉၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၀၈၀ ကျပ်အထိရှိလာကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

မေ ၁၄ ရက်က ဒီဇယ်တစ်လီတာလျှင် ၁၀၀၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၀၁၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာလျှင် ၁၀၀၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၁၀၉၀ စျေးအထိ ဆက်လက်မြင့်တက်နေသည်။

ပြည်တွင်းစက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာလျှင် ကျပ် ၉၉၀ ကျော်မှ ၁၁၀၀ နီးပါးအထိရှိလာပြီး သုံးလအတွင်း ပျမ်းမျှစက်သုံးဆီစျေးနှုန်း ၃၃ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ဖေဖော်ဝါရီလဆန်းမှ လက်ရှိအချိန်အထိ သုံးလကျော်တွင် ပြည်တွင်းစက်သုံးဆီ စျေးနှုန်းမှာ ဒီဇယ်နှင့် ပရီမီယံဒီဇယ်ဒီဇယ် တစ်လီတာလျှင် ၃၃၀ ကျပ်ကျော်၊ အောက်တိန်း 92 Ron တစ်လီတာ ၃၇၀ ကျပ်ကျော်၊ အောက်တိန်း 95 Ron တစ်လီတာ ၃၃၀ ကျပ်ကျော်အထိ အသီးသီးမြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် စက်သုံးဆီတန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၂ ဒသမ ၇ သန်း တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၁ ဒသမ ၂ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှု တန်ချိန်တစ်သန်းကျော် လျော့ကျခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁ ဒသမ ၀၀၂ သန်း လျော့ကျခဲ့သည်။

အဆိုပါကာလအတွင်း ဒီဇယ်တန်ချိန် ၁ ဒသမ ၆၆ သန်းတင်သွင်းထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန်ခြောက်သိန်းခွဲကျော် လျော့ကျခဲ့သည်။

ထို့အတူ ဓာတ်ဆီတန်ချိန် တစ်သန်းကျော် တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် သုံးသိန်းခွဲကျော် လျော့ကျပြီး တန်ဖိုးဒေါ်လာ ၂၂၇ ဒသမ ၁၈၇ သန်း လျော့ကျခဲ့သည်။

ငွေကြေးစျေးကွက်မတည်ငြိမ်မှု၏ ဂယက်သည် ကုန်စျေးနှုန်းကြီးမြင့်မှုအရ အဓိကအားဖြင့် အခြေခံလူတန်းစားကို ကြီးမားစွာ သက်ရောက်သည်ဆိုသည့်အချက်ကို မငြင်းသာပေ။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံခြား ငွေလဲနှုန်းမတည်မငြိမ်ဖြစ်နေခြင်းက ပြည်သူအများစုအပေါ် သက်ရောက်နေသည်။ မြန်မာနိုင်ငံသည် အများအားဖြင့် သွင်းကုန်များအပေါ်တွင်သာ အားထားသုံးစွဲနေရသဖြင့် ဒေါ်လာစျေးမြင့်တက်မှုနှင့် စက်သုံးဆီစျေး မြင့်တက်မှုများက ပြည်သူလူထုအပေါ် အကြီးအကျယ် ရိုက်ခတ်လာနိုင်မည်ဖြစ်သည်။

မြန်မာ့စီးပွားရေးကျဆင်းနေသဖြင့် ပြည်သူများ၏ ဝယ်ယူစားသုံးနိုင်စွမ်းကျဆင်းနေချိန်တွင် မြွေပူရာကင်းမှောင့်သကဲ့သို့ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှင့် ကုန်စျေးနှုန်းမြင့်တက်မှုများက အကျပ်အတည်းကြားမှ ပြည်သူများအပေါ် ထပ်ဆင့်ထိုးနှက်လျက်ရှိနေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။

Most Read

Most Recent