ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာ၍ ထိန်းချုပ်ကန့်သတ်မှုများ တိုးမြှင့်လာသည့် အာရှနိုင်ငံများ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာ၍ ထိန်းချုပ်ကန့်သတ်မှုများ တိုးမြှင့်လာသည့် အာရှနိုင်ငံများ
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ်ကုသခဲ့ရသည့်လူနာများကို တွေ့ရစဉ်
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ်ကုသခဲ့ရသည့်လူနာများကို တွေ့ရစဉ်
Published 16 May 2021
အိသဥ္ဇာကျော်၊ Ref:AFP

Worldometer က ထုတ်ပြန်ထားသော စာရင်းအရ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသူ ဆက်လက်မြင့်တက်နေပြီး မေ ၁၅ ရက် နံနက်ပိုင်းအထိ ရောဂါကူးစက်ခံရသူ ၁၆၂ သန်းကျော်နှင့် သေဆုံးသူ ၃၃ သိန်းကျော်အထိ တိုးလာပြီဖြစ်သည်။

မေ ၁၅ ရက် နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ခံရသူ ၁၆၂၅၅၀၀၈၅ ဦး ရှိပြီး သေဆုံးသူ ၃၃၇၁၈၅၆  ဦးရှိကာ ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း ၁၄၀၄၃၆၇၉၀ ရှိသည်။

မြန်မာအပါအဝင် အာဆီယံနိုင်ငံများတွင် COVID-19 ဖြစ်ပွားသူ ၃၆ သိန်းကျော် ရှိလာပြီး လက်ရှိ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံများတွင် ရောဂါကူးစက်ခံရသူ ဆက်လက်မြင့်တက်လျက်ရှိသည်။

မေ ၁၄ ရက်အထိ အာဆီယံနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု အခြေအနေမှာ အင်ဒိုနီးရှားနိုင်ငံတွင် ၁၇၃၄၂၈၅ ဦး၊ ဖိလစ်ပိုင်နိုင်ငံ၌ ၁၁၃၁၄၆၇ ဦး၊ မလေးရှားနိုင်ငံတွင် ၄၆၂၁၉၀ ၊ မြန်မာနိုင်ငံတွင် ၁၄၃၀၃၅ ဦး၊ ထိုင်းနိုင်ငံတွင် ၉၆၀၅၀ ဦး၊ စင်ကာပူနိုင်ငံတွင် ၆၁၅၀၅  ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၂၁၄၉၉ ဦး၊ ဗီယက်နမ်နိုင်ငံတွင် ၃၈၁၆ ဦး၊ လာအိုနိုင်ငံတွင် ၁၄၉၈ ဦး၊ ဘရူနိုင်းနိုင်ငံတွင် ၂၃၂ ဦး ရှိပြီဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူဦးရေ ဆက်လက် မြင့်တက်ဆဲဖြစ်ပြီး မေ ၁၄ ရက်က ရောဂါကူးစက်ခံရသူ ၃၄၃၁၄၄  ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့၍ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း  ၂၄ သန်းကျော် ရှိလာပြီဖြစ်သည်။ အိန္ဒိယနိုင်ငံ၌ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လျက် ရှိသည့်အတွက် ဗဟိုအစိုးရက ခရီးသွားလာမှုကန့်သတ်ချက်များကို ချမှတ်ထားသည်။ လက်ရှိ မြို့တော် နယူးဒေလီ၌ မေ ၁၇ ရက်အထိတိုင် ခရီးသွားလာမှုကန့်သတ်ချက်များကို ချမှတ်ထားသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ပြီး မေ ၁၄ ရက်အထိ ပြည်သူ ၁၇၉ သန်းအား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်သည်ဟု သိရသည်။

အလားတူ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အထင်ကရ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး ထိန်းသိမ်းထားသည့် ဘန်ကောက်မြို့တော်ရှိ အကျဉ်းထောင်နှစ်ခုမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ထက်ဝက်ကျော် မြင့်တက်လာမှုနှင့်အတူ မေ ၁၃ ရက်၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူအမြင့်ဆုံး အခြေအနေအထိ ရောက်ရှိနေသည်ဟု AFP သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှု တတိယလှိုင်းနှင့် ရင်ဆိုင်နေရခြင်း သည် အစိုးရအား နှာခေါင်းစည်း တပ်ဆင်သည့် စည်းမျဉ်းများနှင့် ပြည်သူပိုင်နေရာအများအပြားကို ပိတ်ထားမှုအပါအဝင် တင်းကျပ်သော အသွားအလာကန့်သတ်ချက် စည်းမျဉ်းများကို  ချမှတ်ရန် တွန်းအားသဖွယ် ဖြစ်စေခဲ့သည်။

ထိုင်းနိုင်ငံ၏ ဒီမိုကရေစီအရေး ရှေ့တန်းမှ တက်ကြွလှုပ်ရှားသူတစ်ဦးက ၎င်းသည် ဘန်ကောက် အကျဉ်းထောင်မှ အာမခံဖြင့် လွတ်မြောက်ခဲ့ပြီးနောက် ငါးရက်အကြာတွင် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး ယခု သီတင်းပတ်အတွင်း ဗိုင်းရပ်စ်သတိပေးနှိုးဆော်ချက် ထွက်ပေါ်လာခဲ့သည်။

ထိုင်းနိုင်ငံတွင် မေ ၁၃ ရက်က နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၈၀၀ ကျော်ဖြင့် နေ့အလိုက် ကူးစက်ခံရသူ အမြင့်ဆုံးဖြစ်လာခဲ့ပြီး ယင်းကူးစက်ခံရသူများတွင် ဘန်ကောက်မြို့တော်ရှိ အကျဉ်းထောင် နှစ်ခုမှ ကူးစက်ခံရသူ ၂၈၀၀ ကျော် ပါဝင်သည်ဟု ထိုင်းနိုင်ငံ၏ COVID-19 အထူးတာဝန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

COVID-19 ရောဂါကူးစက်မှုကို အချိန်အတော်ကြာ ထိန်းချုပ်နိုင်သည့် စင်ကာပူနိုင်ငံတွင်ပင် လက်ရှိ  ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာ၍ ရောဂါကူးစက်မှုများ ထိန်းချုပ် လျှော့ချရန်အတွက် တားမြစ်ကန့်သတ်ချက်များကို ပိုမိုတိုးမြှင့်ခဲ့ပြီး စားသောက်ဆိုင်အတွင်း စားသောက်မှုများကို တားမြစ်ပိတ်ပင်ခဲ့ကာ လူစုဖွဲ့သွားလာမှုကိုလည်း နှစ်ဦးအထိ လျှော့ချခဲ့ကြောင်း မေလ ၁၄ ရက်တွင် အာဏာပိုင်များက ကြေညာထားသည်။

စင်ကာပူတွင် ရောဂါစစ်ဆေးမှုများနှင့် ရောဂါကူးစက်မှုများကို ခြေရာခံပြီး တစ်စိတ်တစ်ပိုင်း Lockdown ချခဲ့ပြီးနောက် COVID-19 ကပ်ရောဂါမှာ နိုင်ငံအတွင်း ပျောက်ကွယ်လုနီးပါးအခြေအနေထိ ရောက်ရှိခဲ့ပြီး ပြည်တွင်း ကူးစက်မှုများမှာ အနည်းငယ်သာ ရှိတော့ကြောင်း အာဏာပိုင်များက မကြာသေးမီ လအတွင်းက ပြောကြားထားသည်။

သို့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရောဂါကူးစက်မှုများ ပြန်လည် မြင့်တက်လာကာ လေဆိပ်တွင် ရောဂါကူးစက်ခံရသူ ၄၆ ဦး အပါအဝင် ဗိုင်းရပ်စ် ကူးစက်မှုနေရာသစ်အချို့ တွေ့ရှိခဲ့သည်။ ထို့ကြောင့် မေလ ၁၆ ရက်မှ စတင်ကာ အများပြည်သူပိုင်နေရာ သို့မဟုတ် နေအိမ်များသို့ သွားရောက်လည်ပတ်ရာတွင် နှစ်ဦးထက် ပိုပြီးစုဝေးခြင်းမပြုရန်နှင့် စားသောက်ဆိုင်များအတွင်း စားသောက်မှုကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားထားသည်။  

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနှုန်းများ လျော့ကျမသွားရခြင်းတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများ ကူးစက်ဖြစ်ပွားမှု တိုးလာခြင်းကြောင့်လည်း ဖြစ်နေပြီး လက်ရှိ အိန္ဒိယမှ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B1617 ကို နိုင်ငံနှင့် ဒေသပေါင်း ၄၉ နိုင်ငံတွင် တွေ့ရှိနေပြီဖြစ်သည်။

WHO က ကမ္ဘာ့စိုးရိမ်ဖွယ်ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားသည့် အိန္ဒိယမှ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B1617 ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတွင် ကူးစက်ဖြစ်ပွားနေပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အိန္ဒိယတွင် တွေ့ရှိရသော ဗီဇပြောင်း COVID-19 ကူးစက်မှုကို ပထမဆုံးအကြိမ်အဖြစ် မေ ၉ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အိန္ဒိယမှ လာမည့် ခရီးသွားများကို ပိတ်ပင်မှုများ ပြုလုပ်ပြီးနောက် သီတင်းပတ်အကြာတွင် ဘင်္ဂလားဒေ့ရှ်၌ အဆိုပါ ဗီဇပြောင်းပိုးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ကူးစက်မှု ဒုတိယအကျော့နှင့် ရင်ဆိုင်နေရပြီး ဧပြီ ၂၆ ရက်မှ စတင်ကာ အိန္ဒိယမှ ကုန်းလမ်းဖြင့်လာမည့် ခရီးသွားများကို ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၁၄ ရက်မှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်  အိန္ဒိယနိုင်ငံတို့အကြား လေကြောင်းဖြင့် ခရီးသွားလာမှုကို ဆိုင်းငံ့ထားခဲ့ကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံတွင် အိန္ဒိယနိုင်ငံမှ ပထမဆုံး ပေါ်ပေါက်လာသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် B1617 ကူးစက်ခံရသူတစ်ဦးကို ပထမဆုံးတွေ့ရှိခဲ့သည်ဟု မေ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသူမှာ လွန်ခဲ့သည့်လက ၎င်း၏သားများနှင့်အတူ ပါကစ္စတန်မှ ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သည့် ထိုင်းနိုင်ငံသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဖြစ်သည်ဟု ကိုရိုနာဗိုင်းရပ်စ်အခြေအနေ စီမံခန့်ခွဲရေးဆိုင်ရာစင်တာ (CCSA) က ထုတ်ပြန်ခဲ့သည်။

အသက် ၄၂ နှစ်အရွယ် ထိုင်းနိုင်ငံသူ အမျိုးသမီးသည် ကိုယ်ဝန်ဆောင် သက်တမ်း၂၅ ပတ်ရှိပြီဖြစ်ပြီး ဧပြီ ၂၄ ရက်က ပါကစ္စတန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဒူဘိုင်းတွင် ခရီးတစ်ထောက်နားခဲ့သည်ဟု ဆိုသည်။ ယင်းကိုယ်ဝန်ဆောင် အမျိုးသမီးသည် ၎င်း၏အသက် လေးနှစ်၊ ခြောက်နှစ်နှင့် ရှစ်နှစ်အရွယ်သားများနှင့်အတူ ခရီးသွားခဲ့ခြင်းဖြစ်ပြီး ယင်းမိသားစုသည် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးနောက် ကွာရန်တင်းဝင်နေချိန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီး၌ B1617 ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု CNA သတင်းဌာနက ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို တစ်ကမ္ဘာလုံး စိုးရိမ်ရမည့် ဗိုင်းရပ်စ်မျိုးကွဲအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၀ ရက်တွင် သတ်မှတ်လိုက်သည်။

ကနဦးလေ့လာမှုများအရ B1617 ဗီဇပြောင်း အိန္ဒိယဗိုင်းရပ်စ်သည် အခြားဗိုင်းရပ်စ်မျိုးကွဲများထက် ပိုမိုကူးစက်လွယ်သည်ကိုတွေ့ရပြီး နောက်ထပ်လေ့လာမှုများ ပြုလုပ်သွားမည်ဟု WHO က ပြောကြားခဲ့သည်။ 

စိုးရိမ်စရာ ဗိုင်းရပ်စ်အဆင့် သတ်မှတ်ခံရခြင်းသည် မူလဗိုင်းရပ်စ်ထက် ပိုမို၍ကူးစက်နိုင်ပြီး လူသေဆုံးစေနိုင်သည့် ပိုမိုအန္တရာယ်ရှိသည့် ဗိုင်းရပ်စ်အဖြစ် ယူဆခံရခြင်းဖြစ်သည်။ B1617 သည် အိန္ဒိယတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာက စတင်ပေါ်ပေါက်လာခဲ့ပြီး ယင်းဗိုင်းရပ်စ်မျိုးကွဲသည် နိုင်ငံနှင့် ဒေသပေါင်း ၄၉ ခုသို့ပျံ့နှံ့နေပြီဖြစ်သည်။

အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲသည် ကမ္ဘာ့စိုးရိမ်ဖွယ်ဗိုင်းရပ်စ်အမျိုးအစားအဖြစ် သတ်မှတ်ခံရသည့် လေးခုမြောက် ဗိုင်းရပ်စ်ဖြစ်ပြီး နောက်ထပ်သုံးခုမှာ ဗြိတိန်၊ တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံတို့တွင် တွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်မျိုးကွဲများ ဖြစ်သည်။ 

အိန္ဒိယ ဗီဇပြောင်းဗိုင်းရပ်စ်သည် ကာကွယ်ဆေးများ၏ ခုခံနိုင်စွမ်းကို လျှော့ချနိုင်သည့်အပြင် ခန္ဓာကိုယ်အတွင်း ရောဂါကာကွယ်သော ပဋိပစ္စည်းများကိုလည်း ပျက်ပြယ်စေကြောင်း ကနဦး လေ့လာတွေ့ရှိထားသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ၌ စတင်တွေ့ရှိခဲ့သည့် ဗီဇပြောင်း ဗိုင်းရပ်စ်သည် လက်ရှိအချိန်တွင် နိုင်ငံနှင့်ဒေသပေါင်း ၄၉ ခုသို့ ကူးစက်ပျံ့နှံ့လျက် ရှိပြီဖြစ်ရာ ယင်းဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်သည့် နိုင်ငံများစာရင်းတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့ ပါဝင်လျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မေ ၁၁ ရက်က နောက်ဆုံးထုတ်ပြန်ထားသော အစီရင်ခံစာအရ တစ်ပတ်အတွင်း အိန္ဒိယနိုင်ငံ၌ COVID-19 လူနာသစ် ငါးရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်၊ တူရကီ၊ အာဂျင်တီးနားနိုင်ငံတို့တွင် လူနာသစ်တွေ့ရှိနှုန်း ၃၅ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့သည်။ 

တစ်ပတ်အတွင်း အိန္ဒိယနိုင်ငံတွင် လူနာသစ် ၂၇၃၈၉၅၇ ဦး (ငါး ရာခိုင်နှုန်း) ထပ်တိုးခဲ့ပြီး အမေရိကန်နိုင်ငံတွင် လူနာသစ် ၃၃၄၇၈၄ ဦး (သုံးရာခိုင်နှုန်း )၊ တူရကီနိုင်ငံတွင် ၁၆၆၇၃၃ ဦး (၃၅ ရာခိုင်နှုန်း)၊ အာဂျင်တီးနားနိုင်ငံတွင် ၁၄၀၇၇၁ ဦး (ရှစ်ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါသည် ဆက်လက်ကူးစက် ပြန့်ပွားလျက်ရှိပြီး ပြီးခဲ့သည့် တစ်ပတ်အတွင်း ရောဂါကူးစက်ဖြစ်ပွားမှုများ အနည်းငယ် ကျဆင်းလာရာ ရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၅ ဒသမ ၅ သန်း ကျော်ရှိခဲ့ကြောင်းနှင့် တစ်ပတ်အတွင်း သေဆုံးသူ (အသစ်) မှာလည်း ၉၀၀၀၀ အထိ မြင့်တက်ခဲ့သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်း သေဆုံးလူနာသစ်စာရင်းအရ Americas Region တွင် ရှစ်ရာခိုင်နှုန်း၊ Europe Region တွင် ၁၈ ရာခိုင်နှုန်း၊ Eastern Mediterranean Region တွင် ၁၃ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး South-East Aisa Region တွင် ၁၅ ရာခိုင်နှုန်း၊ Africa Region တွင် သုံးရာခိုင်နှုန်း၊ Western Pacific Region တွင် ၃၄ ရာခိုင်နှုန်း ရှိခဲ့ရာ ကမ္ဘာတစ်ဝှမ်း COVID-19 ကြောင့် သေဆုံးလူနာသစ် လေးရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌မူ လက်ရှိ COVID-19 ရောဂါပိုးတွေ့ရှိနှုန်းမှာ စစ်ဆေးနိုင်မှုအခြေအနေအရ တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းကြားသာ ရှိနေသေးသည်။

အိမ်နီးချင်းနိုင်ငံများတွင် COVID-19 ကူးစက်ပျံ့နှံ့နှုန်းနှင့် လူသေနှုန်း များလာသည့်အတွက် ထိုင်း-မြန်မာနယ်စပ်တံတား အမှတ် (၂) မှ နေရပ်ပြန် မြန်မာနိုင်ငံသားများအား တစ်ရက်ခြား၍ ၂၀၀ စီသာ လက်ခံလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ်ဒေသ မြဝတီမြို့သို့ ရောက်ရှိလာသော နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများအား ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှစ၍  ချစ်ကြည်ရေးတံတားအမှတ် (၂) တွင် လက်ခံစစ်ဆေးခဲ့ပြီး ၂၀၂၁ ခုနှစ် မေ ၅ ရက်မှစ၍ နေ့စဉ် လူဦးရေ ၂၀၀ နှုန်းဖြင့် လက်ခံခဲ့သည်။ ယင်းနောက် ကြိုဆိုနေရာချ ထားရေး အခက်အခဲကြောင့် မေ ၁၁ ရက်မှစ၍ တစ်ရက်ခြားလူ ၂၀၀ နှုန်းသာ လက်ခံလျက်ရှိသည်ဟု သိရသည်။

မကြာမီ တက္ကသိုလ်၊ ကောလိပ်များ အားလုံး ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ တက္ကသိုလ်၊ ကောလိပ်များမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်နေကြောင်း မေ ၁၀ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၁၀/ ၂၀၂၁) တွင် ပြောကြားချက်အရ သိရသည်။

လက်ရှိ တက္ကသိုလ်၊ ကောလိပ် အချို့ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး Social Distancing ကိုလည်း COVID-19 စည်းကမ်းအတိုင်း စံနမူနာပြဆောင်ရွက်သွားမည်ဆိုပါက COVID-19 ကာကွယ်ရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်းနှင့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာဆရာမများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများကိုလည်း COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်သည်ဟု သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ နောက်ထပ်လှိုင်းတစ်လှိုင်းအဖြစ် ပြင်းထန်စွာ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပေး၊ သတိပေးနှိုးဆော်ချက်ကို မေ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် အရှိန်အဟုန်ဖြင့် ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိရာ ရောဂါကူးစက်ဖြစ်ပွားသူ ဦးရေ ၁၆၂ သန်းကျော်၊ သေဆုံးသူဦးရေ ၃ ဒသမ ၃ သန်းကျော်ရှိပြီဖြစ်ပြီး အိမ်နီးချင်းနိုင်ငံအချို့တွင်လည်း ရောဂါသည် အရှိန်အဟုန်ဖြင့် ကူးစက်ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ နောက်ထပ်လှိုင်းတစ်လှိုင်းအဖြစ် ပြင်းထန်စွာ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် မျိုးရိုးဗီဇပြောင်းလဲနေသော COVID-19 ရောဂါပိုးများ နိုင်ငံအတွင်းသို့ ဝင်ရောက်၍ ကူးစက်ပြန့်ပွားမှုမရှိစေရန် COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများကို မဖြစ်မနေလိုက် နာဆောင်ရွက်ကြရန် အသိပေး၊ သတိပေးနှိုးဆော်တိုက်တွန်းထားသည်။  

Most Read

Most Recent