အဓိပ္ပာယ်မရှိသော ကြွေလွင့်နေ့ရက်များ

အဓိပ္ပာယ်မရှိသော ကြွေလွင့်နေ့ရက်များ
Photo:Slash Film
Photo:Slash Film
Published 15 May 2021
မြတ်လှိုင်း

(၁)

ပြီးဆုံးသွားခဲ့တဲ့အချိန်တွေကို ပြန်တွေးနေမိတယ်။ ဒီအချိန်နေ့ရက်တွေဟာ ပျော်ရွှင်စွာကုန်ဆုံးသွားရမယ့် ကာလတွေ မဟုတ်လား။ ပျော်ရွှင်စရာမဖြစ်ခဲ့ရင်တောင်မှ ပုံမှန်အတိုင်း ကုန်ဆုံးသွားရမယ့်နေ့တွေဖြစ်ခဲ့ရမှာပါ။ အခုပြန်တွေးလိုက်မိတော့ ဆို့ဆို့နင့်နင့်ကြီးနဲ့ မတင်မကျဖြစ်နေရတယ်။ ဒီလိုခံစားနေရတာ ဘာကြောင့်လဲ ဆိုပြီး စဉ်းစားနေမိတယ်။

ရည်ရွယ်ချက်ကောင်းတာပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်မကောင်းတာပဲဖြစ်ဖြစ် အလုပ်တစ်ခုရဲ့အကျိုးရလဒ်ဟာ အကျိုးရှိနေရမယ်လေ။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ဖြစ်လာမယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးရလဒ်ပဲ ရလာမှာပေါ့။ ဒါပေမဲ့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ကောင်းတာလုပ်ခဲ့ပြီး မကောင်းတဲ့အကျိုးရလဒ်ထွက်လာမယ် ဆိုရင်တော့။ လုပ်တဲ့လူက အရည်အချင်းမရှိခဲ့ရင် မကောင်းတဲ့အကျိုးကို ရလာနိုင်တယ်လေ။ တစ်ခု ရှိတာက။ ကောင်းတဲ့ရည်ရွယ်ချက်ကိုဗန်းပြပြီး ကောင်းတဲ့အလုပ်ကို ဟန်ပြလုပ်ပြနေမယ်ဆိုရင်တော့ မကောင်းတဲ့အကျိုးကို ရလာမှာသေချာတယ်။ အဲဒီနောက် ဆက်တွဲအကျိုးတွေက ပိုဆိုးနေလိမ့်မယ်။

(၂)

ကျွန်တော် ဗီဒီယိုဇာတ်ကားဇာတ်ညွှန်း ရေးနေတဲ့ကာလပေါ့။ ကျွန်တော်ဇာတ်ညွှန်း ရေးရမယ့် ဇာတ်လမ်းတစ်ပုဒ် ရောက်လာခဲ့တယ်။ ဇာတ်လမ်းထဲမှာ ဗီလိန်တစ်ယောက်ပါတယ်။ အဲဒီဇာတ်လမ်းကျောရိုးကလည်း အဲဒီဗီလိန်က တော်တော်အဓိကကျတယ်။ အဲဒီဗီလိန်မှာ အသိုင်းအဝိုင်းခိုင်မာစွာရှိတယ်။ သူ့ ကိုယုံကြည်နေတဲ့ တပည့်တပန်းတွေကလည်း သူ့စကားကို မြေဝယ်မကျနားထောင်နေကြတယ်။ အဲဒီတော့ လူတွေကလည်း အဲဒီဗီလိန်ကို ယုံကြည်နေကြတယ်။

ဒါကလည်း သိပ်တော့ မထူးဆန်းပါဘူးလေ။ ဆိုးတဲ့သူကို ဆိုးတယ်လို့မြင်နေကြပေမဲ့ ကောင်းဟန်ဆောင်ထားတဲ့လူကို တော်ရုံနဲ့ ဆိုးတယ်လို့ မမြင်တတ်ကြဘူး။ အမှန်တကယ်က ဆိုးတဲ့လူထက်၊ ကောင်းဟန်ဆောင်ထားတဲ့လူက ပိုဆိုးတတ်တာ မသိကြဘူး။ ဝတ္ထုတွေ၊ ဇာတ်ကားတွေထဲမှာလည်း တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ လူအများအမြင်ကလည်း သမားရိုးကျဖြစ်နေတတ်ကြတယ်။ တစ်ခါတရံ လူအများအမြင်ကို ရိုးသားတယ် ပြောရမလား။ နုံအတယ်ဆိုရမလား။

ဇာတ်လမ်းအစပိုင်းမှာတော့ တကယ့် လူကောင်းတစ်ယောက်ပေါ့။ အဲဒီလူကောင်းတစ်ယောက်လုပ်တာ ပြောတာမှန်သမျှ အမှန်တွေဖြစ်နေမယ်။ လူကောင်းတစ်ယောက်ကို ဝိုင်းချီးမွှမ်းနေကြမှာပါပဲ။ ပုဂ္ဂိုလ်ထူးတစ်ယောက်လို ကိုးကွယ်ကြမယ်ပေါ့။ ဇာတ်လမ်းရဲ့နောက်ပိုင်းမှာ အဲဒီလူကောင်းတစ်ယောက် လိမ်ညာထားခဲ့တာတွေ ပေါ်လာမယ်။ လူကောင်းတစ်ယောက်က သူလိမ်ညာထားခဲ့တာတွေ မပေါ်အောင် အကွက်တွေဆင်မယ်။ အဲဒီတော့ ကျွန်တော်ရေးမယ့်ဇာတ်လမ်းထဲက ဗီလိန်ကို လူအများမြင်တွေ့နေကျဖြစ်တဲ့ လူကောင်းတစ်ယောက်ပုံစံမျိုး မဖန်တီးချင်တော့ဘူး။ ဒါက အင်မတန်ရိုးစင်းနေပြီလေ။

ကျွန်တော်ဖန်တီးချင်တာက၊ လောကမှာ အင်မတန်လည်တဲ့လူ။ လူအများကြီးရဲ့ နုံအမှုကိုလည်း ကောင်းကောင်းသိနေပြီး ပြန်အသုံးချတတ်တဲ့လူအဖြစ် ဖန်တီးလိုက်မယ်။ နောက်ပြီး သူ့နားကလူတွေကို ဒီလိုဖန်တီးလိုက်မယ်။ အခွင့်အရေးယူတတ်တဲ့ အချောင်သမားတွေ၊ လိမ်ညာလှည့်ဖြားတတ်တဲ့လူတွေ ဖြစ်ရမယ်။အပေါ်ကိုလည်း ညာတတ်တယ်။ အောက်ကိုလည်း လိမ်လည်တတ်တယ်။ မျက်နှာနှစ်မျိုး ရှိတတ်တဲ့လူတွေပေါ့။

ကောင်းတဲ့အလုပ်ကိုဗန်းပြပြီး ကောင်းတာလုပ်ဟန်ပြကြတဲ့အပြင်၊ ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် ဘာအရည်အချင်းမှလည်း မရှိကြဘူး။ ဒါဆို ဒီဇာတ်လမ်းမှာ ဘယ်သူတွေ ခံရမလဲ။ ရှင်းရှင်းလေးပါ။ လည်တဲ့ အချောင်သမားလူတစ်အုပ်စုရဲ့ လှည့်ဖြားလိမ်လည်တာကို ယုံကြည်နေကြတဲ့ လူအများခံကြရမှာပေါ့။ ကိုယ်ညံ့လို့ကိုယ်ခံရတဲ့ ဇာတ်သိမ်းဖြစ်သွားမလား။

(၃)

အခုဆိုနွေရာသီလည်း ကုန်ဆုံးခါနီးနေပြီ။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ နွေဦးအစကနေ ဖြစ်ပေါ်လာခဲ့တဲ့ အကြောင်းတရားမျိုးစုံကလည်း ပြီးဆုံးသွားခဲ့ပြီ။ မပြီးဆုံးသေးတာက အဲဒီအကြောင်းတရားတွေရဲ့ အကျိုးဆက်တွေပဲ။ ကောင်းတဲ့အကျိုးရလဒ်တော့ မဟုတ်နိုင်ဘူး။ လူလည်တစ်စုရဲ့ လိမ်ညာမှုကို လူအများကြီးက ယုံကြည်ခဲ့ကြတဲ့ အကျိုးဆက်ဖြစ်လာမှာပဲ။ အင်မတန်ဆိုးရွားလှတဲ့ အကျိုးဆက်ဆိုးကြီးပဲ။ အဓိပ္ပာယ်မရှိတဲ့နေ့ရက်တွေ ဖြစ်ခဲ့တယ်။ နွေရာသီမှာ သစ်ရွက်တွေ ကြွေကျခဲ့ကြတယ်။ လူနုံလူအတွေကလည်း အကျိုးဆက်အဖြစ်မှန်ကို မမြင်နိုင်ကြသေးဘူး။ ဒါက ပိုဆိုးတယ်။ အသိတရားတွေ ကြွေလွင့်သွားကြတာကို မြင်နေရတယ်။

ကျွန်တော်ရေးခဲ့ဖူးတဲ့ဇာတ်လမ်းထဲကလိုဖြစ်ခဲ့တယ်။ တကယ့်အဖြစ်အပျက်ဆိုးကြီးရဲ့အကျိုးဆက်ကတော့ မပြီးဆုံးသေးပါဘူး။ ရှုပ်ထွေးလိမ်ညာမှုတွေရဲ့ အကျိုးတွေလည်း ထပ်ပေါ်လာလိမ့်ဦးမယ်။ လူဆိုးကိုတော့ လူဆိုးလို့မြင်နေကြတာဘာမှ မဆန်းပါဘူးလေ။

သိပ်မကြာသေးခင်က ကျွန်တော့်အစ်ကိုနဲ့ သူ့သား (ကျွန်တော်တူ) အချေအတင်ပြောနေသံကို ကြားရတယ်။ ကျွန်တော့်တူက သူ့ဖခင်ကို “အဖေတို့ပုံစံက အေးစက်စက်နဲ့၊ သား အားမရပါဘူးဗျာ” တဲ့။ ဒါနဲ့ ကျွန်တော့်အစ်ကိုက “ငါ့သား၊ မင်းတို့သိတာတွေရှိပေမဲ့၊ မင်းတို့ မသိသေးတာတစ်ခုက ... ဘာလဲဆိုတာ သိဖို့ အရေးကြီးတယ်။ အဲဒီ မသိသေးတာကို မသိချင်ဘဲ နေလို့ရလာမယ့်အကျိုးဆက်ကို မင်းခံရမှာပဲ ငါ့သား” တဲ့။ သူတို့ ဘာအကြောင်း ပြောနေကြလဲဆိုတာကို ကျွန်တော် သိလိုက်ပြီ။ သူတို့ ဘာတွေဆက်ပြောနေကြမယ် ဆိုတာကိုလည်း ကျွန်တော် ခန့်မှန်းမိနေပြီ။ သူတို့ ပြောနေကြတဲ့ အချေအတင်အငြင်းအခုံထဲမှာ ကျွန်တော်လည်း ဝင်မပါချင်တော့တာနဲ့ မကြားသလို နေလိုက်တယ်။

ပြောမယ်ဆိုရင် ကျွန်တော်လည်း နှုတ်ပိတ်နေချင်တယ်လေ။ “ယုန်ကလေး နှာစေးနေ” သလိုပေါ့။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ နွေရာသီတွေထဲမှာ ပိုပြီးပူလောင်မြိုက်တယ်လို့ ခံစားရတယ်။ တစ်ခါတစ်ခါ တာဝန်မယူချင်တာက တာဝန်မကျေခြင်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။

(၄)

ကျွန်တော်ရေးခဲ့ဖူးတဲ့ ဇာတ်လမ်းနောက်ဆုံးအခန်းမှာ “သစ်ပင်အိုကြီးအောက်မှာ ငုတ်တုတ်ထိုင်နေတဲ့ အဘိုးအိုက လောကကြီးကိုကြည့်ပြီး ခေါင်းတညိတ်ညိတ်... ညိတ်ပြလိုက်တယ်” ဆိုတာကို ထည့်ရေးပြချင်နေမိတယ်။

ဇာတ်လမ်းအစမှာ “သစ်ပင်အိုကြီးအောက်ကို အဘိုးအို ရောက်လာပြီး ထိုင်နေတယ်”။ အဘိုးအိုကို ဖျတ်ခနဲပြမယ်။ ဇာတ်ဝင်ခန်း သိပ်မပါဘူးပေါ့။ အဘိုးအို ထိုင်ပြီး တစ်နေရာကို ငေးကြည့်နေတယ်။ နောက်အဖြစ်အပျက်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်ပေါ်နေတယ်။ အဘိုးအိုက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး “ဆောင်းရာသီကြီး မိုးတွေ သဲသဲမဲမဲ ရွာချတော့မှာပါလား၊ အင်းလေ၊ ဒီမိုးကောင်းကင်အောက်မှာ အချိန်အခါမရွေး မိုးရွာတတ်တာပါပဲလေ” လို့ ပြောလိုက်တယ်။ အဘိုးအို ပြောတာကို ဘယ်သူမှ မသိလိုက်ကြဘူး။ သိလျက်နဲ့ မသိဟန်ဆောင်သူတွေတော့ ရှိနေမှာပါ။

သစ်ပင်အောက်မှာထိုင်နေတဲ့ အဘိုးအို ပြောသလို၊ တစ်ညမှာ ရုတ်ချည်း မိုးသည်းသည်း ထန်ထန် ရွာချလိုက်တယ်။ မကြာခင်မှာပဲ လူတစ်စုရဲ့ အော်ဟစ်သံကြားလိုက်ရတယ်။ နွေဦးပွဲတော်ကြီးကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေကြတာပေါ့။ သစ်ပင်အိုကြီးအောက်မှာထိုင်ငေးနေတဲ့ အဘိုးအိုက ခေါင်းခါလိုက်ပြီး “မှားသွားပြီ” ဆိုတဲ့စကားတစ်ခွန်း ပြောလိုက်တယ်။

ဒီလိုပါပဲ။ အမှားကို အမှန်ထင်နေကြတဲ့ လောကကြီးဖြစ်နေပြီ မဟုတ်လား။ လောကသားတွေ ဖြစ်ပျက်နေကြပုံကို ကြည့်ပြီး လောကကြီးက တဟားဟား ရယ်မောနေတယ်။ သဘာဝကျတဲ့ နွေရာသီမှာ သဘာဝမကျတဲ့ သစ်ရွက်တွေ တစ်ရွက်ချင်း ကြွေကျလာတယ်။ ဒီလို နွေသစ်ရွက်တွေ ကြွေကျလာတာကို ပြန်တွေးကြည့်လိုက်ရင် သိသာနေပါတယ်။ လူလည်အချောင်သမားတစ်စုရဲ့ လိမ်ညာမှုကြောင့်ပါ။ နွေသစ်ရွက်တွေ ကြွေကျခဲ့ရုံတင် မဟုတ်သေးဘူး။ လောကကြီးကို ဒုက္ခမီးပုံမွှေးပြီး ရှို့လိုက်သလိုပါပဲ။ အဘိုးအိုက သစ်ရွက်တွေ တစ်ရွက်ချင်း ကြွေကျနေတာကို ငေးကြည့်နေတယ်။ ငေးကြည့်နေတဲ့ မျက်ဝန်းထဲမှာတော့ မိုးရာသီလို အုံ့အုံ့ဆိုင်းဆိုင်း။

(၅)

နွေရာသီ မကုန်သေးပေမဲ့ မိုးတွေကတော့ ရွာချနေပြီ။ အမိုးအကာမပါတဲ့လူတွေ မိုးရေထဲမှာ ပြေးကြလွှားကြနဲ့။ လူစုတွေလည်း ကွဲကုန်ကြပြီ။ အယူအဆတွေလည်း ကွဲကုန်ကြတယ်။ ခြေဦးတည့်ရာပြေးနေကြတာ၊ အတိတ်တွေကို လွှတ်ချထားခဲ့ပြီး မိုးမစိုအောင် ပြေးနေကြရတယ်။ ရယ်မောစရာကောင်းသလို ရင်နာစရာလည်း ကောင်းတယ်။ အနာဂတ်တွေက ဘယ်ဆီမှာလဲ။

အခုလို မိုးရေထဲမှာ ဒုက္ခတွေ ထမ်းပိုးလို့။ ဒီအကျိုးဆက်တွေကို ပြန်တွေးကြည့်လိုက်မိရင် လောကမှာ အင်မတန်လည်တဲ့လူတစ်စုက လူအများကြီးရဲ့ နုံအမှုကို ပြန်အသုံးချတတ်တာရဲ့ အကျိုးဆိုးကြီးတစ်ခု ဖြစ်လိမ့်မယ်။ အခွင့်အရေးယူတတ်တဲ့ အချောင်သမားတွေ၊ လိမ်ညာလှည့်ဖြားတတ်တဲ့လူတွေ အသုံးမကျမှုတွေ၊ အရည်အချင်းမရှိတဲ့လူ တစ်စုကြောင့်။ အချောင်သမားလူတစ်အုပ်စု လှည့်ဖြားလိမ်လည်တာကို ယုံကြည်နေကြတဲ့လူအများ ခံလိုက်ကြတာပါပဲ။

ဒါကိုပြန်တွေးကြည့်မယ်ဆိုရင် ကုန်ဆုံးသွားခဲ့တဲ့နွေရာသီနေ့ရက်တွေဟာ အဓိပ္ပာယ်မဲ့စွာ ကြွေလွင့်သွားရတဲ့ နေ့ရက်တွေပါပဲ။

Most Read

Most Recent