လူ

လူ
ဗန်းမော်မြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများကို တွေ့ရစဉ်
ဗန်းမော်မြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများကို တွေ့ရစဉ်
Published 5 May 2021
ဒေါက်တာခင်မောင်ညို

  ထူးဆန်းသည့်လူ

ကိုဘသစ်နှင့် ကျွန်တော် လက်ဖက်ရည်ဆိုင်တွင် ဆုံလေ့ရှိသည်။ တစ်ရက်မှာ လက်ဖက်ရည်သောက်ရင်း သူပြောသည်။

“လူဆိုတာ အင်မတန် ထူးဆန်းတယ်ဗျ”

ကိုဘသစ် ဆိုင်းမဆင့်ဗုံမဆင့် ပြောလိုက်သောစကားကို ကျွန်တော် ဘာတုံ့ပြန်ရမယ်ဆိုတာ မသိပေ။

“ဆရာညို လူတွေရဲ့ ထူးခြားချက်ကို ပြောပြပါဆိုရင် ဘာကိုပြောမှာလဲ”

“ကိုဘသစ်ပဲ ပြောပြပါလား”

(ဒါက ကျွန်တော်တို့၏ နည်းဗျူဟာ (Technique) ပင် ဖြစ်သည်။ မေးသူကို ပြန်ဖြေခိုင်းရင်တော့ စကားဝိုင်း ပိုပြီး ချောမောလေ့ ရှိသည်) ကိုဘသစ် ပြန်ဖြေပါသည်။

“ကျွန်တော်ကတော့ လူတွေဟာ အပြောင်းအလဲတွေ လုပ်တတ်သူလို့ ပြောမှာပဲ၊ လူဟာ သတ္တဝါတွေထဲမှာ အပြောင်းအလဲ လုပ်နိုင်တဲ့ တစ်ခုတည်းသောသတ္တဝါ ဖြစ်သတဲ့”

“ဘယ်လိုမျိုးလဲ”

“ခင်ဗျားကိုပဲကြည့်လေ။ တရုတ်စာ စားတတ်တယ်၊ ကုလားစာလည်း စားတာပဲ။ ငယ်ငယ်က လူဆိုးဓားပြကြီး ဖြစ်နေပေမဲ့ ကြီးလာတော့ သူတော်စင် ဖြစ်သွားသူတွေ ရှိတယ်။ ငယ်ငယ်က အင်မတန်ရိုးသားပေမဲ့ ကြီးလာမှ အရက်သမား ဖြစ်သွားသူတွေလည်း ရှိတယ်”

“ဟုတ်ပါတယ်။ လင်ကွန်းဆိုရင် တောထဲမှာ နေရပေမဲ့ သူ့ကိုယ်သူ ပြောင်းလဲလိုက်တော့ သမ္မတ ဖြစ်လာတာပဲ”

“မြန်မာတွေကတော့ အင်္ဂုလိမာလကို ပြောတာပဲ”

“ဟုတ်ပေသားပဲ။ ပြောင်းလဲတဲ့အခါ ကောင်းတာလား မကောင်းတာလားဆိုတာ တစ်ဦးတစ်ယောက်ချင်းဆီ မူတည်တာပဲပေါ့”

“ကိုယ့် ကိုယ်ကိုယ်ပြောင်းလဲပြီး ကောင်းတာတွေကို တည်ဆောက်နိုင်တယ်ဆိုတော့ ကောင်းတာပဲပေါ့။ အချို့လည်း မကောင်းတဲ့ဘက်ကို ပြောင်းသွားတာကို တွေ့ရတယ် ”

“ဘယ်လိုလူမျိုးက မကောင်းတဲ့ဘက်ကို ပြောင်းသွားတာလဲ”

“အမြော်အမြင်ပေါ့။ ဉာဏ်နည်းတဲ့ သူတွေကျတော့ ကောင်းတာနဲ့ မကောင်းတာကို မဆုံးဖြတ်နိုင်ဘူး ”

“အင်း၊ လူ့အကြောင်းကိုတော့ သိဖို့ ခက်ခဲတာပဲ”

  နတ်တွေတောင်မှိုင်ငေး

သူ့စကားသူ သဘောကျပြီး ကိုဘသစ်က ပြုံးနေလေသည်။ သူဘာပြောချင်သလဲ။

“တကယ်တော့ လူတွေမပြောနဲ့  နတ်တွေတောင် လူ့သဘာဝကို နားမလည်နိုင်ဘူးဗျ”

“ဟုတ်ပါ့မလား”

“နားလည်ဖို့ ခက်ခဲတာကို ပြောတာပါ။ ကျွန်တော် ပုံလေးတစ်ပုံ ပြောပြမယ်။ အီစွတ်ပုံပြင်ပေါ့”

“အီစွတ်ပုံပြင်တွေ အများကြီးရှိတယ် မဟုတ်လား”

“ဟုတ်တယ်။ အီစွတ်ဆိုတာ ဘီစီ ၅၀၀ လောက်က ငွေဝယ်ကျွန်ပါ။ သူက ပုံပြောကောင်းလွန်းလို့ သူ့သခင်က သူ့ကို ကျွန်ဘဝကနေ လွတ်ငြိမ်းခွင့် ပေးလိုက်တယ်။ အဲဒီပုံပြင်တွေဟာ လူတွေ သင်ခန်းစာယူဖို့ အင်မတန်ကောင်းတဲ့ ပုံပြင်တွေပဲ”

“ခု ခင်ဗျားပြောမှာက နတ်အကြောင်းဆို”

“ဟုတ်ပါတယ်။ ပြောပါမယ်”ဟုဆိုကာ အောက်ပါအတိုင်း ပြောပြလေသည်။

တစ်ခါက တောအုပ်တစ်ခုမှာ သနားကြင်နာတတ်တဲ့  တောစောင့်နတ်တစ်ဦး ရှိသတဲ့။ တစ်ရက်မှာ လူတစ်ယောက်ဟာ သူစောင့်တဲ့ တောထဲ ဝင်လာတယ်တဲ့။ ဆောင်းတွင်းမို့ နှင်းတွေကလည်း ကျနေတယ်။ ဒီလူဟာ ရက်အတန်ကြာ အစာမစားရလို့ ဆာလောင်နေတာကို တွေ့လို့ နတ်က သူကို ဖန်ဆင်းထားတဲ့ အိမ်ထဲ ဖိတ်ခေါ်တယ်။

ဒီလူဟာ အိမ်ထဲဝင်လာရင်း သူရဲ့ လက်နှစ်ဖက်ကို ပူးထားပြီး ဖူး..ဖူး လို့ မှုတ်နေသတဲ့။

နတ်က သူဘာလို့ ဒီလိုမှုတ်နေရလဲလို့ မေးတော့ သူ့လက်တွေ အင်မတန်အေးနေလို့ နွေးသွားအောင် မှုတ်တာပါလို့ ပြောတယ်။ နတ်က ဘာမှမပြောတော့ဘဲ သူ့ကို ပူနွေးနေတဲ့ စွပ်ပြုတ်တစ်ပန်းကန်ကို ပေးလိုက်ပါတယ်။

သူက အဲဒီစွပ်ပြုတ်ကို သောက်ဖို့လုပ်တော့ အင်မတန်ပူနေတာကို တွေ့တယ်။ ဒါနဲ့ သူက မသောက်သေးဘဲ ခပ်ထားတဲ့ဇွန်းကို တဖူးဖူးနဲ့ မှုတ်တာပေါ့။ ဒါကိုမြင်တဲ့ နတ်က မေးတယ်။

“ဘာလို့မှုတ်နေတာလဲ။ သိပ်မပူသေးလို့လား” လို့မေးတယ်။ အဲဒီလူက မဟုတ်ပါဘူး။ ပူလွန်းလို့ အေးအောင် မှုတ်နေတာပါ လို့ပြန်ပြောလေသတဲ့”

“ဟားဟားဟား..” ကျွန်တော်ရယ်မိပါသည်။ ကိုဘသစ်လည်း ရယ်ပါသည်။

“အင်း တကယ်ပဲ နတ်ဟာ အတော်လေး စိတ်ရှုပ်သွားတာပေါ့။ လူတွေဟာ တယ်တော်တာပါပဲလား၊ အေးအောင်လည်း မှုတ်လို့ရတယ်။ ပူအောင်လည်း မှုတ်လို့ရတာပဲဆိုပြီး လူတွေကိုကယ်ဖို့ လက်လျှော့သွားလေသတဲ့”

  လူ့အလို နတ်မလိုက်နိုင်

သင်ခန်းစာယူသင့်သော ပုံပြင် ဖြစ်သည်။ ကျွန်တော် ကိုဘသစ်ကို ဆက်မေးပါသည်။

“နတ်ဆိုတာ ဘာမဆို ဖန်ဆင်းနိုင်တယ်လို့ ပြောပေမဲ့ လူတွေက လူ့အလို နတ်မလိုက်နိုင်ဆိုပြီး ပြောဆိုကြတယ်။ ဘာလို့လဲ ကိုဘသစ်”

“လူတွေရဲ့ စိတ်ခံစားမှု (Emotion) ကြောင့်ပဲပေါ့။ လူတွေ မညီညွတ်ရတဲ့ အကြောင်းကို လူတစ်ယောက်က ဘုန်းတော်ကြီးတစ်ပါးကို မေးမြန်းလျှောက်တင်တယ်တဲ့။ အရှင်ဘုရားလူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြဘူး၊ ရန်ဖြစ်ကြတယ်။ ပဋိပက္ခတွေဖြစ်တာ အများကြီးပဲ၊ ဘာလို့ ဒီလိုဖြစ်တာလဲပေါ့။ ဒီတော့ ဆရာတော်က လူတွေ ပဋိပက္ခဖြစ်ရတာ လောဘကြောင့်ပဲ။ လူတွေရဲ့ ပိုင်ဆိုင်လိုမှုဆိုတဲ့ လောဘကြောင့် မတည့်ကြတာပါလို့ ဆိုတယ်”

“ဒါလည်း ဟုတ်တာပဲ”

“ဒါပေမဲ့ ဒကာက ဆက်ပြီး လျှောက်တယ်။ ဒါဆို သံဃာတော်တွေ ရဟန်းတွေက ဘာလို့ မတည့်တာတွေ ဖြစ်ကြတာလဲ။ သူတို့က လောဘမှမရှိကြဘူး မဟုတ်လား။ သူတို့မှာ ပိုင်ဆိုင်မှု မရှိကြဘူး မဟုတ်လားလို့ မေးတယ်”

“၀ိနည်းနဲ့အညီနေတဲ့ ရဟန်းတွေကို ပြောတာထင်ပါရဲ့”

“မှန်ပါတယ်။ စင်စစ်ရဟန်းတွေဆိုတာ အိမ်ပစ်ယာပစ် မိမိတို့ ပိုင်တာတွေကို ထားခဲ့ပြီး ရဟန်းဝတ်ကြတာပဲ။ ဒါပေမဲ သံဃာတွေဟာလည်း ဂိုဏ်းဂဏအမျိုးမျိုး ကွဲကြတာပဲ။ ဘာကြောင့်လဲလို့ မေးတော့ ဆရာတော်က သံဃာတွေ မတည့်ကြတာကတော့ အယူဝါဒကြောင့်ပါပဲလို့ ဖြေပါတယ်။ ဘာသာရေးမှာ အယူအဆတွေ ကွဲလွဲတာကို အများကြီး တွေ့နိုင်တယ်”

“အင်း  ဒါလည်း မှတ်သားစရာပါပဲ။ ဗုဒ္ဓဘာသာတင် မကဘူး ခရစ်ယာန်ဘာသာမှာလည်း ဒီလိုဂိုဏ်းတွေ ကွဲတာပါပဲ”

“ဒီလို တူသလိုနဲ့ မတူတဲ့ လူတွေကို နတ်တွေဟာ ဘယ်လို စောင်မလို့ ရမှာလဲ”

“နတ်မ ခံရတဲ့လူတွေ ရှိတယ် ထင်ပါတယ်။  လူမစွမ်းနတ်မ ဆိုတာမျိုး ပြောကြသေးတာပဲ မဟုတ်လား”

  စစ်မီးတွေ

ကိုဘသစ်က လူအကြောင်း ပြောချင်သေးတယ်ဆိုပြီး အောက်ပါအတိုင်း ဆက်ပြောပါသည်။

“တကယ်တော့ အဆင်ပြေပြေနဲ့ နေနိုင်ပါလျက်နဲ့ လူတွေဟာ စစ်တွေ တိုက်နေကြတယ်ဗျ။ ပထမတုန်းကတော့ လောဘနဲ့ နယ်မြေသိမ်းတိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ၀ါဒစစ်ပွဲတွေ ဖြစ်လာတော့တယ်”

ကိုဘသစ်က ကျွန်တော့်ကို မငြိမ်းချမ်းသည့် လူတွေအကြောင်း ပြောနေခြင်းသာ ဖြစ်သည်။

သမိုင်းဦးကတည်းက လူတွေအချင်းချင်း တိုက်ခိုက်ခဲ့သည်။ သမိုင်းမတင်ခေတ်ကလည်း တိုက်ခိုက်ကြသည်။

သမိုင်း မှတ်တမ်းတင်ပြီးနောက်လည်း တိုက်ခိုက်ဆဲပဲ။ ကျောက်ခေတ်ကလည်း အချင်းချင်း တိုက်ခိုက်ကြသလို ကြေးခေတ် သံခေတ်မှာလည်း တိုက်ခိုက်ဆဲ ဖြစ်သည်။

စက်မှုတော်လှန်ရေး နောက်ပိုင်း စျေးကွက်ချဲ့ထွင်ရင်း ကိုလိုနီစနစ်ကို တည်ထောင်ခဲ့သည်။ အထူးသဖြင့် ဥရောပတိုက်သားများ နယ်ချဲ့သည်။ အင်္ဂလိပ်တို့သည် နေမဝင်အင်ပါယာကိုပင် တည်ထောင်ခဲ့သည်။

ထိုအချိန်တစ်လျှောက် စစ်ပွဲတွေ တစ်ကြိမ်မှ မရပ်ပါ။ ဘာသာရေးစစ် ကုန်သွယ်ရေးစစ် စသည့်စစ်များစွာ ဖြစ်ခဲ့ပါသည်။ နောက် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ဟု ခေါ်အပ်သည့် စစ်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့သည်။ ထိုစစ်ပွဲနောက်ပိုင်းတွင် နယ်ချဲ့စနစ် (Colonization) ရပ်သွားသည်။

သို့သော် ၀ါဒရေးရာဆိုင်ရာ စစ်ပွဲတွေကတော့ ဖြစ်နေဆဲပင်တည်း။

ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားစစ်ပွဲသည် ထင်ရှား၏။ ကိုရီးယားစစ်ပွဲသည် ၀ါဒရေးရာ စစ်ပွဲဖြစ်၍ လူမျိုးတစ်မျိုးတည်း အချင်းချင်း စိတ်ဝမ်းကွဲကာ တိုက်ခိုက်သော စစ်ပွဲဖြစ်သည်။ ထိုစစ်ပွဲသည် ရပ်ဆိုင်းသွားဟန် ရှိသော်လည်း ယနေ့တိုင် စစ်ပြေငြိမ်းစာချုပ် မချုပ်ရသေးပါ။ ကိုရီးယားစစ်ပွဲပြီးတော့ ဗီယက်နမ်စစ်ပွဲပါပဲ။ တောင်နဲ့မြောက် ဗီယက်နမ်စစ်ပွဲသည်လည်း ၀ါဒရေးရာစစ်ပွဲ ဖြစ်သည်။ ထိုစစ်ပွဲတွင် အသုံးပြုသော လက်နက်ခဲယမ်း ပမာဏသည် ဒုတိယကမ္ဘာစစ်တစ်လျှောက် အသုံးပြုသော ပမာဏထက်ပင် များပြားပါသေးသည်။

  ငြိမ်းချမ်းကမ္ဘာ

ယနေ့တော့ စစ်ပွဲတွေ ပြီးဆုံးသွားပြီး ဗီယက်နမ်နဲ့အတူ ပူးတွဲ ပါဝင်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့ တိုးတက်လာနေပြီ ဖြစ်သည်။

တကယ်တော့ ကမ္ဘာအနှံ့ စစ်ဖြစ်နေပါသေးသည်။ စစ်ပွဲများ မရပ်ဆိုင်းသွားသေးပါ။

ပြည်တွင်းစစ်များစွာကို တွေ့နေရသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းနိုင်ငံများတွင် ပြည်တွင်းစစ်မီး လောင်ကျွမ်းနေဆဲ ဖြစ်သည်။ ထိုစစ်တွေ ပြီးသွားရင် စစ်ပွဲတွေ ရပ်သွားမလား။ မရပ်ပါဘူး။ လူတွေ သုခဘုံ (Utopia) မှာ နေထိုင်ခွင့် ရကြမှာလား။

ယနေ့ COVID-19 ဟူသော ရောဂါကပ်ဘေး ကြုံနေရသည်။ အစာရေစာ ငတ်မွတ်ခေါင်းပါးသောဘေး စတင်နေသည်။ လောဘကိုလျှော့ပါ။ မာန်မာနကိုချကာ ၀ါဒမတင်ကြဖို့လိုသည်။ တန်ဖိုးကြီးလှသည့် လူ့ဘဝကို လှပစွာ နေထိုင်ဖို့ မိမိကပင် စတင်ကာ ငြိမ်းချမ်းကမ္ဘာ တည်ဆောက်ကြပါစို့ဟု အကြံပြုအပ်ပါသည်။

Most Read

Most Recent