အမေရိကန်အထွက် တာလီဘန်အချက်နှင့် အာဖဂန်နစ္စတန်အခက်

အမေရိကန်အထွက် တာလီဘန်အချက်နှင့် အာဖဂန်နစ္စတန်အခက်
Photo:AFP
Photo:AFP
Published 5 May 2021
ရန်မျိုးအောင်

အာဖဂန်နစ္စတန်နိုင်ငံတွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့များသည် မေလ ၁ ရက်မှစတင်ကာ အာဖဂန်မှ ထွက်ခွာနေပြီ ဖြစ်ပြီး ယင်းကဲ့သို့ တပ်များပြန်လည် ရုပ်သိမ်းမှုသည် စစ်ပွဲကိုအဆုံးသတ်စေလိုသူများအတွက် စိတ်သက်သာရာရစေနိုင်သော်လည်း ရှေ့တန်း စစ်မျက်နှာပြင်များပေါ်တွင် နေထိုင်နေရသည့် အာဖဂန်ပြည်သူအများစုအတွက်မူ စိုးရိမ်ထိတ်လန့်မှုများကိုသာ ပိုမိုဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။

ပြီးခဲ့သည့်လက သမ္မတ ဂျိုးဘိုင်ဒင် ကြေညာခဲ့သည့် တပ်များပြန်လည်ရုပ်သိမ်းမှုသည် အာဖဂန်တွင် ကျန်ရှိနေသည့် နေတိုးတပ်ဖွဲ့များသည် အမေရိကန်တပ်များနှင့်အတူ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု နှစ်ပေါင်း ၂၀ ပြည့် နှစ်ပတ်လည်မတိုင်မီ အပြီးသတ်ထွက်ခွာသွားကြမည်ဖြစ်သည်။

ဆယ်စုနှစ်နှစ်ခုနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့် အာဖဂန်မှ နိုင်ငံတကာတပ်ဖွဲ့များ ထွက်ခွာမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများလည်း ထွက်ပေါ်လာခဲ့သည်။

အမေရိကန်တပ်များရုပ်သိမ်းမှုသည် စစ်ပွဲကို အဆုံးသတ်စေမည်လော

ယင်းမှာ ဖြစ်နိုင်ခြေမရှိပေ။ တာလီဘန်နှင့် အာဖဂန်အစိုးရကြား ထာဝရအပစ်အခတ်ရပ်စဲမှုမရှိသည့် အခြေအနေတွင် အာဖဂန်သည် ပြည်တွင်းစစ်အတွင်းသို့ ထိုးကျသွားလိမ့်မည်ဟု လေ့လာစောင့်ကြည့်သူများ၊ နိုင်ငံရေးသမားများနှင့် သာမန်ပြည်သူများကပါ ယုံကြည်နေကြသည်။

“ စစ်ပွဲဟာ ပိုပြီးပြင်းထန်လာပါလိမ့်မယ်။ ပိုပြီးအကျည်းတန်လာပါလိမ့်မယ်။ တာလီဘန်တွေဟာ အာဏာမရမချင်း ကဘူးမြို့တော်နဲ့ အခြားပြည်နယ်တွေနဲ့ခရိုင်တွေက မြို့နယ်တွေကို တိုက်ခိုက်ဖျက်ဆီးကြပါလိမ့်မယ်” ဟု အာဖဂန်နစ္စတန်ရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် နီရှန့်မော့ဝါနီက ပြောကြားခဲ့သည်။

အာဖဂန်မှ နိုင်ငံတကာတပ်များ ထွက်ခွာသွားပြီးနောက် ဖြစ်နိုင်ခြေရှိသည့်အလားအလာများတွင် အစိုးရအဖွဲ့ပြိုကျမှုမှ စစ်တပ်ပြိုကွဲမှုအထိ ဖြစ်လာနိုင်ခြေရှိသည်ဟု အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီလေက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

“ တာလီဘန်နဲ့ အာဖဂန်အစိုးရဟာ အခုဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပေမယ့် အနည်းငယ်သာတိုးတက်မှုရှိနေတယ်ဆိုတဲ့အချက်ကလည်း စိုးရိမ်မှုတွေ ဖြစ်စေတဲ့ အချက်တွေထဲမှာ ပါဝင်နေပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းစီမံဖြေရှင်းရေးအဖွဲ့မှ လေ့လာသူ အန်ဒရူး ဝတ်ကင်စ်က ပြောကြားခဲ့သည်။

အမေရိကန်တပ်များမရှိသည့် အာဖဂန်တပ်ဖွဲ့များသည် နိုင်ငံ့လုံခြုံရေးကို တာဝန်ယူနိုင်မည်လော

ယင်းအချက်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။ အာဖဂန်အရာရှိများ၏ပြောကြားချက်အရ အာဖဂန်တွင် စစ်သားနှင့် ရဲအရာရှိ စုစုပေါင်း ၃၅၀,၀၀၀ ရှိပြီး သောင်းကျန်းသူနှိမ်နှင်းသည့် စစ်ဆင်ရေးစုစုပေါင်း၏ ၉၈ ရာခိုင်နှုန်းကို အမျိုးသားလုံခြုံရေးတပ်ဖွဲ့များက လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ယင်းစစ်ဆင်ရေးများတွင် အမေရိကန်လေတပ်၏ လေကြောင်းအကူသည် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး မြေပြင်စစ်ဆင်ရေးများ အထူးသဖြင့် စစ်သားများအတွက် စွန့်စားလုပ်ဆောင်ရမည့် စစ်ဆင်ရေးများတွင် လေကြောင်းမှ အလွန်အရေးကြီးသည့် ထောက်ပံ့မှုများ ပုံမှန်လုပ်ဆောင်ပေးခဲ့သည်။

လက်ရှိ အာဖဂန်သမ္မတ အာရှက်ဂါနီ၏လက်ထက်တွင် အမေရိကန်၏ ကူညီထောက်ပံ့မှုမပါဘဲ စစ်ဆင်ရေးများပြုလုပ်ရေးသည် အာဖဂန် လုံခြုံရေးတပ်ဖွဲ့များအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

တာလီဘန်တို့သည် ကျေးလက်ဒေသ နယ်မြေအများစုနှင့် မြို့ပြစင်တာအများစုနှင့် ချိတ်ဆက်ထားသည့် မဟာဗျူဟာကျသည့် လမ်းကြောင်းများကို ထိန်းချုပ်ထားသော်လည်း အဓိကမြို့ကြီးများ၊ သို့မဟုတ် မြို့များကိုမူ ထိန်းချုပ်ထားခြင်းမရှိပေ။

သို့သော်လည်း တာလီဘန်တို့သည် မြို့ကြီးများတွင် အကြောက်တရားကိုသွင်းသည့်အနေဖြင့် နေ့စဉ်လိုလို ကားဗုံးခွဲခြင်း၊ အထင်ကရပုဂ္ဂိုလ်များကို ပစ်မှတ်ထား လုပ်ကြုံသတ်ဖြတ်ခြင်းများကို ပြုလုပ်နေသည်။

“ တာလီဘန်တွေဟာ အစိုးရရဲ့ လုပ်နိုင်စွမ်းမှာ ဟာကွက်တွေရှိနေတဲ့အချက်တွေကို ထိထိရောက်ရောက်ပြသခဲ့ကြပါတယ်” ဟု ဝတ်ကင်စ်က ပြောကြားခဲ့သည်။

ဒီမိုကရေစီလမ်းသစ်ဖောက်ခြင်းလော

ဒီမိုကရေစီလမ်းကြောင်းကို ဖောက်မည်ဆိုလျှင် လမ်းခွဲများစွာရှိလာမည်ဖြစ်သည်။ သမ္မတဂါနီသည် ငြိမ်းချမ်းရေးအစိုးရသစ် ဖွဲ့စည်းရန် သမ္မတရွေးကောက်ပွဲမကျင်းပမီအချိန်တွင် တာလီဘန်တို့နှင့် အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးအရပြေလည်မှုရရှိစေရန်အပါအဝင် အဆင့်သုံးဆင့်ပါဝင်သည့် အစီအစဉ်တစ်ရပ်ပြင်ဆင်ခဲ့သည်။

အမေရိကန်သည် တာလီဘန်တို့ပါဝင်သည့် ကြားဖြတ်အစိုးရကို ပိုမိုလိုလားပြီး ပါတီအားလုံးကြား အများသဘောဆန္ဒဖြင့် နိုင်ငံအနာဂတ်ကို ပုံဖော်စေလိုသည်။

တာလီဘန်တို့ကမူ အာဖဂန်နစ္စတန်အား စော်ဘွားအုပ်ချုပ်သည့်နိုင်ငံအဖြစ် ပြန်လည်ထူထောင်လိုပြီး ဘာသာရေးခေါင်းဆောင်များပါဝင်သည့် ကောင်စီဖြင့် တင်းကျပ်သည့် အစ္စလာမ်မစ် စည်းကမ်းများကို အုပ်ချုပ်စေလိုသည်။

အာဖဂန်နစ္စတန်တွင် ၂၀၀၁ ခုနှစ်က တာလီဘန်အဖွဲ့ပြုတ်ကျသွားခဲ့ပြီးကတည်းက သမ္မတရွေးကောက်ပွဲ လေးကြိမ်ပြုလုပ်ခဲ့ပြီး သန်းနှင့်ချီသည့် အာဖဂန်နိုင်ငံသားများသည် ဘက်ပေါင်းစုံပါဝင်သည့် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်ခဲ့ကြသည်။

လက်ရှိဖြစ်ပေါ်နေသောအခြေအနေမှာမူ တာလီဘန်များသည် အစိုးရအဖြစ် အာဏာပြန်ရလာမည်ဆိုလျှင် ဆယ်စုနှစ် နှစ်စု ကြာအမြစ်တွယ်ခဲ့သည့် ဒီမိုကရေစီစနစ် ပြန်လည်ပျောက်ကွယ်သွားမည်ကို ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။

စီးပွားရေးအလားအလာ

အာဖဂန်နစ္စတန်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင်ပါဝင်နေပြီး ကြွေးမြီ များစွာတင်နေပြီး ပြည်ပအထောက်အပံ့များကို အလွန်မှီခိုအားထားနေရသည်။ နိုင်ငံအတွင်းပေါကြွယ်ဝသည့် တွင်းထွက်ပစ္စည်းများကိုလည်း တရုတ်နှင့် အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံများက အမြတ်ထုတ်ရန် ကြိုးပမ်းနေကြသည်။

နိုဝင်ဘာလတွင် ကမ္ဘာတစ်ဝန်းမှ အလှူရှင်များက အာဖဂန်နစ္စတန်အား ၂၀၂၄ ခုနှစ်တွင် ကူညီထောက်ပံ့ပေးသွားမည်ဟု ကမ်းလှမ်းခဲ့သော်လည်း အာဖဂန်မှ ပြည်ပတပ်ဖွဲ့များ ထွက်ခွာသွားချိန်တွင် လုံခြုံရေးအရ စိုးရိမ်မှုများကြောင့် ၎င်းတို့၏ ကတိကဝတ်များကို စောင့်ကြည့်ရမည်ဖြစ်သည်။

အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေး

တာလီဘန်တို့ အာဏာပြန်ရလာလျှင် အမျိုးသမီးများ၏ရပိုင်ခွင့်များအားလုံး ဆုံးရှုံးသွားမည်ကို စိုးရိမ်မှုများလည်းရှိလာခဲ့သည်။

တာလီဘန်အစိုးရလက်ထက်တွင် အမျိုးသမီးများကို အလုပ်လုပ်ခွင့်မပေးဘဲ အိမ်ထောင်ရေးဖောက်ပြန်မှုကဲ့သို့ ပြစ်မှုနှင့် စွပ်စွဲခံရသည့်အမျိုးသမီးများကို ကျောက်တုံးများဖြင့် ပစ်ပေါက်သတ်ပြီး အရေးယူခဲ့သည်။

သို့သော်လည်း တာလီဘန်အစိုးရအဖွဲ့ ပြုတ်ကျပြီးနောက် အာဖဂန်တွင် ထင်ရှားသည့် အမျိုးသမီးနိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် တရားသူကြီးများ ထွက်ပေါ်လာခဲ့သည်။

တာလီဘန်များကမူ ၎င်းတို့သည် အစ္စလာမ်မစ်ဥပဒေနှင့်အညီ အမျိုးသမီးများ၏ အခွင့်ရေးများကို ကာကွယ်ပေးသွားမည်ဟု ပြောခဲ့သော်လည်း ယင်းအဓိပ္ပာယ်သည် အမျိုးသမီးများ၏ အခွင့်အရေးကို ထိန်းချုပ်မှုပုံစံဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

“ သူတို့က အစ္စလာမ်မစ်ဥပဒေကို လိုရာဆွဲအဓိပ္ပာယ်ဖွင့်ပြီး အမျိုးသမီးအခွင့်အရေးကို ကာကွယ်မယ် ပြောနေပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးအခွင့်အရေးတွေဟာ အရင်တာလီဘန်အစိုးရလက်ထက်ကနဲ့ ဘာမှ ကွာခြားမှုရှိမှာမဟုတ်ပါဘူး” ဟု အာဖဂန် သုတေသနပညာရှင်တစ်ဦးဖြစ်သည့် မာရီယမ် ဆာဖီက ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent