မိတ်ဆွေမှ ရန်သူအဖြစ် ပြောင်းလဲနိုင်ဖွယ်ရှိသည့် အမေဇုန်

မိတ်ဆွေမှ ရန်သူအဖြစ် ပြောင်းလဲနိုင်ဖွယ်ရှိသည့် အမေဇုန်
Photo:AFP
Photo:AFP
Published 4 May 2021
မြတ်သက်မှူးကို

ဘရာဇီးနိုင်ငံရှိ အမေဇုန် မိုးသစ်တောသည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ (CO2) များကို စုပ်ယူမည့်အစား လေထုထဲသို့ ယင်းဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းနီးပါးကို လွှင့်ထုတ်ခဲ့သည်ဟု အစီရင်ခံစာတစ်စောင်တွင် ဖော်ပြခဲ့သည်။

ယင်းအစီရင်ခံစာသည် လူသားများက ပြုလုပ်သည့် ကာဗွန်ညစ်ညမ်းမှုများကို စုပ်ယူရာတွင် ကူညီပေးနေသည့် ကမ္ဘာ့အကြီးဆုံးအပူပိုင်းမိုးသစ်တောကြီးအား လူသားများအနေဖြင့် ရေရှည်တွင် ဆက်လက်မှီခိုနိုင်မည် မဟုတ်ကြောင်း မီးမောင်းထိုးပြနေသဖွယ် ရှိနေသည်။

၂၀၁၉ ခုနှစ်အလွန် ၂၀၂ဝခုနှစ်မှစ၍ ဘရာဇီး၏ အမေဇုန်မြစ်ဝှမ်းသည် CO2 တန်ချိန် ၁၃.၉ ဘီလျံသာ စုပ်ယူခဲ့ပြီး တန်ချိန် ၁၆.၆ ဘီလျံကို စွန့်ထုတ်ခဲ့သည်ဟု သုတေသီများက Nature Climate Change ဂျာနယ်တွင် ဧပြီ ၂၉ ရက်၌ ဖော်ပြခဲ့သည်။

သုတေသီများက သစ်တောကြီးထွားဖွံ့ဖြိုးချိန်တွင် CO2 ပမာဏ စုပ်ယူသိုလှောင်မှု အတိုင်းအတာနှင့် သစ်တော မီးလောင်မှု သို့မဟုတ် ပျက်စီးချိန်တွင် လေထုထဲသို့ CO2 ပမာဏ ထွက်ရှိလာမှုတို့ကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။

“ကျွန်တော်တို့ တစ်စိတ်တစ်ပိုင်းတော့ မျှော်လင့်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပထမဆုံးအကြိမ်အဖြစ် သိလိုက်ရတာကတော့ ဘရာဇီးနိုင်ငံရဲ့ အမေဇုန် မိုးသစ်တောဟာ အခုချိန်မှာ CO2 ထုတ်လွှတ်တဲ့ ကွန်ရက်တစ်ခုဖြစ်နေတယ်ဆိုတာပါပဲ” ဟု ပြင်သစ်နိုင်ငံ၏ အမျိုးသားသီးနှံစိုက်ပျိုးရေး ပညာသုတေသနဌာန (IRNA) မှသိပ္ပံပညာရှင် ယန်းပယ်ရီ ဝစ်ဂ်နာရွန်က ပြောကြားခဲ့သည်။

“ဘယ်အခြေအနေကနေ ဘယ်အခြေအနေကို ပြောင်းလဲလိုက်ရင် နဂိုအတိုင်းပြန်ကောင်းလာနိုင်မလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး” ဟု ၎င်းက အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်၌ မီးလောင်မှုများနှင့် ရှင်းလင်းသုတ်သင်မှုများမှ တောပြုန်းမှုများသည် နယ်သာလန်ဘက်ခြမ်းရှိ သစ်တောနေရာအပါအဝင် ဟက်တာ ၁ သန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်၌ ဟက်တာ ၃.၉ သန်းအထိ လေးဆနီးပါး မြင့်တက်ခဲ့ကြောင်း သုတေသနလေ့လာမှုတွင် တွေ့ရှိခဲ့သည်။

ဘရာဇီးနိုင်ငံတွင် ၂၀၁၉ ခုနှစ်က အစိုးရအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင် ကာကွယ်မှုမူဝါဒများ တင်သွင်းမှု သိသိသာသာ လျော့ကျသွားသည်ကိုတွေ့မြင်မိကြောင်း IRNA က ထုတ်ပြန်ခဲ့သည်။

ဘရာဇီးသမ္မတ ဂျိုင်ယာ ဘော်ဆိုနာရိုသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ CO2 တန်ချိန် ၄၀ ဘီလျံထိ ထွက်ရှိလာမှုကို လျှော့ချနိုင်ရန် ရုန်းကန်နေရချိန်တွင် ကုန်းတွင်းပိုင်းဂေဟစနစ်သည် အရေးပါသည့် မဟာမိတ်တစ်ရပ်ဖြစ်သည်။

လွန်ခဲ့သည့်ရာစုနှစ်ဝက်ကျော်က CO2 ထုတ်လွှင့်မှု ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည့်တိုင် အပင်များနှင့်မြေဆီ လွှာသည် CO2 ထုတ်လွှင့်မှုများ၏ ၃ဝရာ ခိုင်နှုန်းခန့်ကို အပြောင်းအလဲမရှိ စုပ်ယူခဲ့သည်။

သမုဒ္ဒရာများသည်လည်း CO2 ၂၀ ရာခိုင်နှုန်းကျော်ကို စုပ်ယူ၍ အကူအညီပေးခဲ့သည်။

အမေဇုန်မြစ်ဝှမ်းသည် ကမ္ဘာ့အပူပိုင်း မိုးသစ်တောများ၏ ထက်ဝက်ခန့်ရှိပြီး ကာဗွန်ကို စုပ်ယူသိုလှောင်မှုတွင် ပိုမိုထိရောက်မှုရှိသည်။

ယင်းအမေဇုန်သစ်တောသည် CO2 ကို စုပ်ယူမှုထက်ထုတ်လွှတ်မှုပိုမိုများပြားနေလျှင် သဘာဝပတ်ဝန်းကျင်အကျပ်အတည်းကို ကိုင်တွယ်လုပ်ဆောင်နိုင်ရန် ပိုမိုခက်ခဲလိမ့်မည်ဖြစ်သည်။

အိုကလာဟိုးမား တက္ကသိုလ်က ပြုလုပ်သည့် ဂြိုဟ်တုအချက်အလက်လေ့လာ စူးစမ်းမှု နည်းလမ်းသစ်များကို အသုံးပြုခြင်းဖြင့် နိုင်ငံတကာသုတေသီများက ကမ္ဘာကြီး ပူနွေးမှုကိုဖြစ်စေသည့် CO2 ထုတ်လွှတ်မှု၏ အဓိက သိသာထင်ရှားသော အရင်းအမြစ်မှာ သစ်တောများပျက်စီးမှုကြောင့်ဖြစ်သည်ဟု ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။

တူညီသည့် ၁၀ နှစ်ကျော် ကာလအတွင်း သစ်တောနယ်မြေ အပိုင်းပိုင်း ပြတ်တောက်ခြင်း၊ ရွေးချယ်ခုတ်ထွင်ခြင်း သို့မဟုတ် မီးလောင်ခြင်းများကြောင့်ဖြစ်ပေါ်သော သစ်တောပျက်စီးမှုများသည် CO2 ထုတ်လွှတ်မှုများကို သုံးဆ ပိုမိုများပြားစေသည်။

ယင်းအချက်အလက်များသည် အမေဇုန်အပူပိုင်းမိုးသစ်တော၏ ၆၀ ရာခိုင်နှုန်းရှိသော ဘရာဇီးနိုင်ငံကိုသာ အခြေပြု၍လေ့လာမှုမှ ရရှိလာခြင်းဖြစ်သည်။

“အမေဇုန်ရဲ့ကျန်တဲ့အပိုင်းတွေကိုလည်း ထည့်သွင်းလေ့လာရပါမယ်။ အမေဇုန်မြစ်ဝှမ်းကြီးတစ်ခုလုံးဟာ ကာဗွန် neutral ဖြစ်နိုင်ခြေ ရှိပါတယ်” ဟု ဝစ်ဂ်နာရွန်က ပြောကြားခဲ့သည်။

“ဒါပေမဲ့ အခြားနိုင်ငံတွေဘက်မှာရှိတဲ့ အမေဇုန် မိုးသစ်တောတွေမှာ တောပြုန်းမှုတွေ မြင့်တက်နေပြီး မိုးခေါင်မှုတွေကလည်း ပိုမိုဆိုးရွားနေပါတယ်” ဟု ၎င်းက ဆိုသည်။

ရာသီဥတု ပြောင်းလဲမှုတွေက အဓိကခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာပြီး ကမ္ဘာကြီး ပူနွေးလာမှုရဲ့ သတ်မှတ်အဆင့်ထက် ပိုမိုမြင့်တက်လာနိုင်ပါတယ်။

တိုက်တစ်တိုက်၏ မိုးသစ်တောအစွန်းပိုင်းသည် အပူပိုင်းဒေသရာသီဥတုအခြေအနေကို ပို၍ခြောက်သွေ့စေသည်ဟု မကြာသေးမီက ပြုလုပ်သည့်သုတေသနလေ့လာမှုများတွင် တွေ့ရှိခဲ့သည်။

ယင်းသည် ဒေသတွင်းသာမက ကမ္ဘာတစ်ဝန်းလုံးအပေါ်တွင် ဆိုးရွားသည့်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင်သည်။ အမေဇုန်မိုးသစ်တောသည် ရာသီဥတုစနစ်တွင် အဓိက စိန်ခေါ်မှုအခြေအနေသို့ ရောက်ရှိနေသည့် ဒါဇင်နှင့်ချီသော မိုးသစ်တောများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

အမေဇုန်မိုးသစ်တောသည် တောင်အမေရိက၊ အမေဇုန်မြစ်ဝှမ်းအများစုကို လွှမ်းခြုံထားသော အပူပိုင်းစိုစွတ်မိုးသစ်တောဖြစ်သည်။ ယင်းမြစ်ဝှမ်းသည် ၂,၇၀၀,၀၀၀ စတုရန်းမိုင်ရှိပြီး ၂,၁၀၀,၀၀၀ စတုရန်းမိုင်သည် မိုးသစ်တောဖြင့် လွှမ်းခြုံထားသည်။

အမေဇုန်မိုးသစ်တောသည် ပီရူး၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ အီကွေဒေါ၊ ဘိုလစ်ဗီးယား၊ ကင်ညာ အစရှိသောနိုင်ငံများအပါအဝင် နိုင်ငံကိုးနိုင်ငံကို ဖြတ်သန်းတည်ရှိနေပြီး သစ်တော၏ နေရာအများစုမှာ ဘရာဇီးနိုင်ငံတွင် ဖြစ်သည်။

အမေဇုန်သည် ကမ္ဘာ့မိုးသစ်တော၏ ကျန်ရှိနေသောထက်ဝက်ခန့်ရှိပြီး ကမ္ဘာတစ်ဝန်းရှိ အပူပိုင်းမိုးသစ်တောနှင့် ဇီဝမျိုးကွဲအများဆုံးတည်ရှိရာ သစ်တောတစ်ခုဖြစ်သည်။

ကမ္ဘာကြီး၏ အဆုတ်ဟုတင်စားကြသည့် အမေဇုန်အပူပိုင်း မိုးသစ်တောကြီးတွင် လူသားများ၏ နယ်မြေချဲ့ထွင်စိုက်ပျိုးမှုများနှင့် သစ်အလွန်အကျွံခုတ်မှုများအပြင် စံချိန်တင်မီးလောင်မှုများကြောင့် ပိုမိုပျက်စီးလာခဲ့သည်။

အမေဇုန်သစ်တောကြီး၏ ပျက်စီးဆုံးရှုံးမှုများကို လူအများ သတိပြုမိလာစေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများနှင့် အနုပညာရှင်များက ပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်လာခဲ့ကြသည်။

Greenland ကျွန်းနိုင်ငံနှင့် အနောက် အန္တာတိက ထိပ်ဖျားရှိရေခဲလွှာများ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် မီသိန်းဓာတ်ငွေ့များအပြည့်ပါသည့် ဆိုက်ဘေးရီးယားရှိ အစဉ်အေးခဲနေသော နက်ရှိုင်းမြေလွှာများ၊ တောင်အာရှရှိ မုတ်သုန်မိုးများ၊ သန္တာကျောက်တန်းဂေဟစနစ်နှင့် ဂျက်လေစီးကြောင်းများ အစရှိသဖြင့် အရာအားလုံးသည်လည်း ပကတိ အခြေအနေအတိုင်းပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်သဖြင့် ယင်းတို့သည် တစ်စထက်တစ်စပိုမိုယိုယွင်းလာလျှင် ကမ္ဘာကြီးသည်လည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားမည်ဖြစ်သည်။

Ref: AFP

Most Read

Most Recent