လူမှုစီးပွားနှင့် COVID-19

လူမှုစီးပွားနှင့် COVID-19
Published 28 April 2021

COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်လွှား၌ အလွန်ကြီးမားသည့် စီးပွားရေး တုန်ခါမှုကြီးကို ဖြစ်ပွားစေခဲ့သည်။ လုပ်ငန်းကွန်ရက်များ ပြတ်တောက်သွားကာ Social Distancing နည်းလမ်းကြောင့် အလုပ်များ ရပ်ဆိုင်းလိုက်ရသည်။

ရောဂါကူးစက်မှု ပထမလှိုင်း အစောပိုင်းကာလတွင် COVID-19 ရောဂါ တိုက်ဖျက်ရေးနှင့် ပတ်သက်၍ CNN သတင်းဌာနက စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကို တွေ့ဆုံမေးမြန်းခဲ့စဉ် စီးပွားရေးနှင့် ပတ်သက်၍ “ပထမဆုံးက တချို့သော ကဏ္ဍတွေအပေါ် တိုက်ရိုက် ရိုက်ခတ်ချက် ရှိတာပါ။ ဥပမာအနေနဲ့ လေကြောင်းလုပ်ငန်း သေပြီ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း သေပြီ။ ဒါတွေနဲ့ ဆက်စပ်နေတဲ့ ခရီးသွားလုပ်ငန်းအားလုံး သေပြီ။ ဟိုတယ်တွေလည်း အထိုက်အလျောက် အကျပ်တွေ့နေပြီ။ အလျင်အမြန် ထွက်ခွာသွားမှာ မဟုတ်တဲ့ ရိုက်ခတ်ချက်မျိုးပါပဲ။ ဒုတိယအနေနဲ့ တခြားနိုင်ငံတွေက အပြည့်အဝ အလုပ်မလုပ်နိုင်ဘဲ စီးပွားရေး Lockdown ချခံထားရတာမို့ ထောက်ပံ့ရေးလမ်းကြောင်းတွေ မဝင်တာကြောင့် ထောက်ပံ့ရေး လမ်းကြောင်းကွန်ရက် ပြတ်တောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေလည်း ထိခိုက်ပါတယ်။ ကျန်တဲ့ စီးပွားရေးမှာလည်း ကျယ်ပြန့်တဲ့ အခြေခံသက်ရောက်မှု ဖြစ်ပေါ်တာပါပဲ။ အဲဒီနောက် ခင်ဗျားကိုယ့် ကိုယ်ကိုယ် ပြန်အလုပ်ခန့်ထားတဲ့၊ ရေတို ဒါမှမဟုတ် ယာယီ ကန်ထရိုက်နဲ့သာ အလုပ်ခန့်နိုင်တဲ့ စီးပွားရေးကို ရလိုက်ပါပြီ။ ဖျော်ဖြေရေးအပေါ် အမှီပြုတဲ့လူတွေ၊ ပုံမှန်လူမှုကိစ္စတွေအပေါ် အမှီပြုတဲ့လူတွေ၊ နေ့စားလုပ်ကိုင်ရသူတွေ အဲဒီအလုပ်တွေ အားလုံး အငွေ့ပြန် ပျောက်ကွယ်သွားပါပြီ။ လူတွေအနေနဲ့ သူတို့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီလို့၊ ပုံမှန်လူမှုကိစ္စတွေ၊ ပုံမှန် ခရီးသွားလာမှုတွေ၊ ပုံမှန်လူသားဆက်ဆံရေးတွေ ပြန်လည် ထိန်းသိမ်းနိုင်ပြီလို့ ယုံကြည်မှု ရရှိသွားတဲ့ အချိန်မျိုးအထိ ပြန်လည်ထောင်မတ်လာဖို့ ကျွန်တော် မမြင်ပါဘူး။ အချိန်အတိုင်းအတာ တစ်ခုထိတော့ ဒီအတိုင်းသွားနေဦးမယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ထုတ်ပြန်သည့် COVID-19 အကျပ်အတည်းကို လူမှုစီးပွားဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုဆိုင်ရာ မူဘောင်ကလည်း COVID-19 သည် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်း တစ်ရပ်ထက် များစွာပိုကြောင်းနှင့် ယင်းသည် လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးများ၏ မဏ္ဍိုင်အပေါ် သက်ရောက်မှုရှိကြောင်း သတိပေးခဲ့သည်။ ရောဂါကူးစက်ပျံ့နှံ့မှု၏ ရိုက်ခတ်ချက်သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားခြားနားမည် ဖြစ်သော်လည်း ယင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဆင်းရဲမွဲတေမှုနှင့် လူတန်းစားမညီမျှမှုကို မြင့်တက်နိုင်ခြေ အများဆုံး ဖြစ်စေနိုင်သည်။ လူ့အဖွဲ့အစည်းများ၊ စီးပွားရေးများနှင့် အားနည်းသော အုပ်စုများအပေါ် COVID-19 အကျပ်အတည်းနှင့် ပတ်သက်သော ရိုက်ခတ်ချက်ကို သုံးသပ်ခြင်းသည် အချက်အလက်ပေးရန်၊ အကျပ်အတည်းမှနေ၍ ပြန်လည် နာလန်ထရေးအတွက် တုံ့ပြန်မှုများကို အံဝင်ခွင်ကျ လုပ်ဆောင်ရန်နှင့် အားထုတ်မှုတစ်ရပ်၌ မည်သူမျှ နောက်ကျကျန်ရစ်ခြင်း မရှိစေရန်တို့အတွက် အခြေခံကျသည်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့် ဆက်စပ်နေသော စီးပွားရေး အကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ပျက်စီးစေလျက် ရှိသည်။ ယင်းအကျပ်အတည်း နှစ်ရပ်စလုံးကို တစ်ကမ္ဘာလုံး ကြုံတွေ့နေရသော်လည်း သက်ရောက်မှုများမှာမူ ဒေသအလိုက် ဖြစ်ပေါ်လျက်ရှိသည်။ ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန်လည်း လိုအပ်နေသည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒများအား အလုံးစုံပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ စီးပွားရေး လှုံ့ဆော်မှုနှင့် လူမှုလုံခြုံရေး ကွန်ရက်တို့အတွက် ရင်းနှီးမြှုပ်နှံရမည် ဖြစ်သည်။ ကုလသမဂ္ဂ၏ စီးပွားရေး အစီရင်ခံစာက ကြိုတင်ရှိနှင့်ပြီးသား ဖြေရှင်းချက်များသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း သတိပေးထားပြီး နာလန်ထရေး ပိုမိုလျင်မြန်စေရန် အစိုးရအဖွဲ့များအနေဖြင့် တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီကာ ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထောက်ပြထားသည်။

လူမှုစီးပွားဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုများ မရှိပါက တစ်ကမ္ဘာလုံး ထိခိုက်ခံစားရမှုသည် တစ်ဟုန်ထိုး မြင့်တက်လာပြီး လာမည့်နှစ်များအတွင်း သေကျေ ပျက်စီးမှုများ ဖြစ်ပေါ်ကာ လူနေမှုဘဝများလည်း ထိခိုက်ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။ ယခုအကျပ်အတည်းအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ချက်ချင်း တုံ့ပြန်မှုများကို အနာဂတ်အား လှမ်းမျှော်ကြည့်ရှုလျက် လုပ်ဆောင်ရမည် ဖြစ်သည်။ ရေရှည်၌ ဖွံ့ဖြိုးရေးဆိုင်ရာ အလားအလာများအပေါ် နိုင်ငံများ၏ ယခုရွေးချယ်မှုများနှင့် ၎င်းတို့ရရှိသည့် အထောက်အပံ့များက သက်ရောက်လိမ့်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ COVID-19 အကျပ်အတည်း၏ လူမှုစီးပွား အနေအထားအပေါ် သက်ရောက်မှုများအား မှန်မှန်ကန်ကန် လေ့လာသုံးသပ်လျက် အနာဂတ်အား လှမ်းမျှော်ကြည့်ရှုကာ မှန်ကန်သည့် တုံ့ပြန်မှုများကို စနစ်တကျ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဧပြီ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent