ပုံပြောသူနှင့် နားထောင်သူ

ပုံပြောသူနှင့် နားထောင်သူ
Published 26 April 2021

နားထောင်သူအနေဖြင့် စိတ်ဝင်စားလာပြီး မှတ်မိ သွားနိုင်သောကြောင့် ပုံပြောခြင်းသည် ထိရောက်သည့် ပညာရေးဆိုင်ရာ လက်နက် ဖြစ်သည်။ ပုံပြောခြင်းကို လေ့လာသင်ယူခြင်းနှင့် သင်ကြားရေးဆိုင်ရာ အခြေခံ အုတ်မြစ်တစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။ ပုံပြင် နားထောင်သူသည် စိတ်ဝင်စားလာသည့်အခါ အမြင်သစ်များကို တွေးယူနိုင်စွမ်း ရှိလာပြီး စာနာမှုဖြင့် အသွင်ပြောင်းထားသည့် အတွေ့အကြုံကို ရရှိနိုင်သည်။ ယင်း၌ ပုံပြင်အား အကြီးအကျယ် စိတ်ဝင်စားလာစေခြင်း ပါဝင်သကဲ့သို့ လမ်းညွှန်မှု အနည်းဆုံးဖြင့် လေ့လာစေခြင်း၊ နားထောင်စေခြင်းနှင့် ကိုယ်တိုင်ခံစား ပါဝင်စေခြင်းတို့လည်း ပါဝင်သည်။ ပုံပြောနေသူ တစ်ဦးကို နားထောင်ခြင်းက ပုဂ္ဂိုလ်ချင်းဆိုင်ရာ ဆက်သွယ်မှုကို တာရှည်ခံအောင် ဖန်တီးနိုင်ပြီး ဆန်းသစ် မွမ်းမံမှုရှိသော ပြဿနာဖြေရှင်းမှုကို မြှင့်တင်ပေးနိုင်ကာ အနာဂတ် ရည်မှန်းချက်များနှင့်ပတ်သက်သော နားလည်မှုတစ်ရပ်ကို မျှဝေပေးနိုင်သည်။

နားထောင်သူသည် အသိဉာဏ်တစ်ရပ်ရရှိကာ ဖြစ်နိုင်ခြေအသစ်များကို စဉ်းစား၍ လာသည်။ ပုံပြောသူနှင့် နားထောင်သူတို့နှစ်ဦး အတူတကွ အကောင်းဆုံးကျင့်သုံးမှုများကို ရှာဖွေနိုင်ကာ ဖြေရှင်းမှုအသစ်များကို တီထွင်နိုင်သည်။ ပုံပြင်များ၌ အဓိပ္ပာယ်အလွှာ အထပ်ထပ် ရှိနိုင်သောကြောင့် နားထောင်သူသည် ပုံပြင်ထဲ၌ ကိန်းအောင်းနေသော အသိကို ဖော်ထုတ်ရန် အသေအချာ နားထောင်ရသည်။ ကလေးများအား နားထောင်ခြင်း အကျင့်မှတစ်ဆင့် လေးစားမှု၏ အရေးပါပုံကို သင်ကြားပေးရန် လက်နက်တစ်ရပ်အဖြစ် လည်း အသုံးပြုနိုင်သည်။ ပုံပြင်၏ ပင်မအကြောင်းအရာမှတစ်ဆင့် ကလေးများကို ပတ်ဝန်းကျင်နှင့်လည်း ဆက်သွယ်ပေးနိုင်သည်။

နားထောင်ခြင်းဟူသည် ကြားရအောင် အားထုတ်ခြင်းဟုသာ ယူဆတတ်ကြသည်။ အခြားအဓိပ္ပာယ်မှာ နာခံခြင်း၊ လိုက်နာခြင်း၊ နာယူခြင်းပင် ဖြစ်သည်။ ကြားရအောင် အားထုတ်သည်ဟုဆိုရာ၌ ကြားရရုံနှင့်မပြီး၊ ထိုကြားထားသော အကြောင်းအရာကို စွဲမှတ်ထင်ကျန်လျက် အလိုရှိတိုင်း အသုံးချနိုင်ရန်လည်း တစ်ပြိုင်နက် အာရုံစူးစိုက်ကာ မှတ်သားရမည်ဖြစ်သည်။ ထို့အပြင် ကြားနာမှတ်သားထားသော အကြောင်းအရာတို့မှ လိုက်နာကျင့်သုံးဖွယ်ရှိသည်တို့ကိုလည်း လိုက်နာဆောင်ရွက်မှသာလျှင် နားထောင်ရ၊ မှတ်သားရကျိုးနပ်မည်ဖြစ်သည်။

ကျောင်းပညာရေးတွင် မိမိတို့ နားမလည်သေးသော စာတို့ကို ဆရာ၊ ဆရာများက သင်ကြားပြသပေးသည်။ ထိုသို့သင်ကြားပြသခြင်းသည် ပြောပြခြင်းပင်ဖြစ်သည်။ ပြော ပြသူ၏ ပြောစကားကို နားထောင်သူက နားမထောင်တတ်လျှင် ပြောပြသူ၏ ဆိုလိုချက် ကို မည်သို့မျှ သဘောပေါက်နိုင်မည်မဟုတ်ပေ။ ပြောသွားသည့် အချက်များကိုလည်း မမှတ်မိနိုင်ပေ။ တစ်နည်းအားဖြင့် သင်ပြပေးသော သင်ခန်းစာကို ကောင်းစွာ နားလည် သဘောပေါက်မည်မဟုတ်ပါ။ ထို့ကြောင့် နားထောင်ခြင်းသည် ပညာရေးတွင် အလွန် အရေးပါသော အလေ့အကျင့်ကောင်းတစ်ခုဖြစ်သည်။ ယင်းနားထောင်ခြင်းဓလေ့ကို ပုံပြောခြင်းက ပျိုးထောင်ပေးနိုင်သည်။

ကျင့်ဝတ်များ၊ စံတန်ဖိုးများနှင့် ဓလေ့ဆိုင်ရာ သတ်မှတ်ချက်များနှင့် ကွဲပြားခြားနားမှုများ အစရှိသည်တို့ကို သင်ကြားပေးရန်လည်း ပုံပြောခြင်းကို အသုံးပြုနိုင်သည်။ အသိဉာဏ် ဗဟုသုတကို အသုံးချပုံနှင့်ပတ်သက်သည့် စစ်မှန်သော လူမှုရေးအရိပ်ပြမှုများ ကိုပေးသည့်  လူမှုဝန်းကျင်တစ်ရပ်၌ ပုံပြောသည့်အခါ လေ့လာသင်ယူမှုက အထိရောက် ဆုံး ဖြစ်လာသည်။ ပုံပြင်များသည် စမ်းသပ်လေ့လာသင်ယူမှုအပေါ် အခြေပြုခြင်းဘက်သို့ ယိမ်းသွားစေနိုင်သည်။ သို့သော် အတွေ့အကြုံတစ်ရပ်မှ သင်ယူခြင်းမှာ အလိုအလျောက် သဘောမဆောင်ပေ။ ယင်းနှင့်ပတ်သက်သော စံတန်ဖိုးကို သိမြင်ခြင်းမရှိမီ ယင်းအတွေ့ အကြုံနှင့်ပတ်သက်သော ပုံပြင်ကို ပြောရန် ကြိုးပမ်းရေးက လိုအပ်သည်။ ယင်းကိစ္စ၌ လေ့လာသင်ယူသည့် နားထောင်သူသာမက ပုံပြောသူပါ မိမိကိုယ်တိုင်၏ အတုမရှိ သော အတွေ့အကြုံများနှင့် နောက်ခံများကို သတိပြုမိလာနိုင်သည်။ ပုံပြောသူက လူသားတို့ ဆောင်ရွက်နိုင်မှု အလားအလာများကို သရုပ်ပြပြီး အတွေ့အကြုံနှင့်အတူ စိတ်ကူးများ ကို ထိရောက်စွာ ဆောင်ကြဉ်းပေးသည့်အခါ ပုံပြောခြင်းနှင့်ပတ်သက်သော ယင်းလုပ် ငန်းစဉ်သည်  အားကောင်း၍လာသည်။ ပုံပြောခြင်းသည် ရှိနှင့်ပြီးသား အသိဉာဏ် ဗဟု သုတကို ဆွပေးပြီး ယဉ်ကျေးမှုအရနှင့် စေ့ဆော်မှုအရ ဖြေရှင်းချက်တစ်ရပ်ဆီသို့ ပေါင်း ကူးပေးသည်။

ထို့ကြောင့် အသိပညာပေးရေးတွင် နားထောင်ခြင်းဓလေ့ကို ပျိုးထောင်ပေးကာ ပုံပြောခြင်းကို ထိရောက်သော လက်နက်ကိရိယာအဖြစ် အသုံးပြုနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။        

 

■  ဧပြီ ၂၇  ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်      

Most Read

Most Recent