နွေရာသီအပူဒဏ်၏ အန္တရာယ်များ

နွေရာသီအပူဒဏ်၏ အန္တရာယ်များ
Published 22 April 2021

 အပူရှပ်ခြင်းနှင့် ချွေးထွက်လွန်ခြင်း ကဲ့သို့သော နွေရာသီအပူဒဏ်၏ အန္တရာယ်များကို လူအများ သိရှိကြပြီးဖြစ်သည်။ သို့သော် ၎င်းတို့အပြင် လူအများ သတိမမူမိသည့် နွေရာသီအပူဒဏ်၏ နှိပ်စက်မှုများလည်း ရှိသေးသည်။ ယင်းနှိပ်စက်မှုများထဲမှ အချို့ကို  အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။

နှာချေ၊ နှာရည်ယိုခြင်း - ပန်းများသည် နွေရာသီတွင် ဖူးပွင့်ကြသကဲ့သို့ အပင်များ၊ မြက်များသည်ပင်လျှင် နွေရာသီ၌ အပွင့်ပွင့်ကြသည်။ ထို့ကြောင့် ပူသောရာသီဥတုကို တုံ့ပြန်သည့်အနေဖြင့် ဝတ်မှုန်ထုတ်လုပ်မှုများ မြင့်တက်လာသည်။ လေထဲ၌ ဝတ်မှုန် ပါဝင်မှုနှုန်း မြင့်မားမှုကြောင့် လူအများ ဓာတ်မတည့်ခြင်းဖြစ်ကာ နှာချေ၊ နှာရည်ယို ခြင်းဖြစ်ကြရသည်။ ၎င်းအပြင် မျက်လုံးများ ယားယံမှုလည်း ဖြစ်တတ်သည်။ ဓာတ်မတည့်ခြင်း ပြင်းထန်သူများ အနေဖြင့် ဖြစ်နိုင်သမျှ အပြင်ထွက်ခြင်းကို ရှောင်ရှားခြင်း သို့မဟုတ် နှာခေါင်းစည်းများ တပ်ထားခြင်းတို့ဖြင့် ကာကွယ်ရာသည်။

တလူးတလိမ့်ဖြင့် တစ်ညလုံးအိပ်မရခြင်း-ပူလွန်းပါက အိပ်မရနိုင်။ တတ်နိုင်သော ကြောင့် အဲကွန်းဖွင့်၍ အိပ်ပြန်လျှင်လည်း ချမ်းတုန်၍ လာနိုင်သည်။ နွေရာသီဟူသည် သင့်တင့်လျောက်ပတ်သည့် ဝန်းကျင်တစ်ရပ်ကို ရှာဖွေရန် ခက်ခဲလှသည်။ လူအများစုအတွက် အိပ်၍ကောင်းသော အခန်းအပူချိန်မှာ ၆၇ ဒီဂရီ ဖာရင်ဟိုက် (၁၉ ဒသမ ၄ ဒီဂ ရီ စင်တီဂရိတ်) ဖြစ်သည်။ အပူချိန် မြင့်တက်လာသည်နှင့်အမျှ အိပ်စက်မှု အရည်အသွေး သည်လည်း ကျဆင်း၍ သွားသည်။ မှန်ကန်သည့် အပူချိန်သည် တစ်ညလုံး ကောင်းမွန်စွာ အိပ်စက်နိုင်စေသကဲ့သို့ အိပ်စက်မှု အရည်အသွေးကိုလည်း ကောင်းမွန်စေသည်။ ထို့ကြောင့် နိုးလာသည့် အချိန်တွင် ပင်ပန်းနွမ်းနယ်နေပြီး မူးဝေနေပါက အပူချိန်ကို ထိန်းညှိရန်လိုသည်။

နှလုံးက ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် ခုန်ရခြင်း - အပူချိန်မြင့်မားခြင်းသည် နှလုံးအပေါ်သို့ သွယ်ဝိုက်၍သာမက တိုက်ရိုက်ပါ သက်ရောက်မှုများ ရှိသည်။ မြို့ပြ၌ နေထိုင်ပါက နွေရာသီကောင်းကင်၌ မီးခိုးမြူများ ဆိုင်းနေသည်ကို မြင်တွေ့ရနိုင်သည်။ ပိုမိုမြင့်မားသော အပူချိန်၌ လေထုအရည်အသွေးသည် ပိုမိုဆိုးရွား၍ လာတတ်ပြီး လေထုညစ်ညမ်းခြင်း သက်သက်သည်ပင်လျှင် နှလုံးနှင့် သွေးကြောစနစ်များကို ကောင်းစွာ ဒုက္ခပေးနိုင်သည်။ ၎င်းအပြင် အရေပြား မျက်နှာပြင်များဆီသို့ ပင်မခန္ဓာကိုယ်မှနေ၍ အလွန်ပူနွေးနေသော သွေးများကို ပန်းထုတ်ရန်အတွက် နှလုံးသည် ပို၍လျင်မြန်စွာ ခုန်ရသည်။ ခန္ဓာကိုယ်ကို အေးစေရန်အတွက် နှလုံးခုန် မြန်လိုက်ရခြင်း ဖြစ်သောကြောင့် ကာကွယ်နိုင်သည့် နည်းလမ်း များများစားစား မရှိပါ။ ရေများများသောက်၍ လှုပ်ရှားမှု များများစားစား မလုပ်ခြင်းဖြင့်သာ ကာကွယ်နိုင်သည်။

ခြင်ပို၍ ကိုက်ခြင်း-ပူအိုက်သောကြောင့် နေအိမ်ပြင်ပ သို့မဟုတ် ခြင်ထောင်ပြင်ပ၌ ပို၍အနေများရသည်။ ထို့ကြောင့် ခြင်ပို၍ အကိုက်ခံရသည်။ ၎င်းအပြင် နွေရာသီသည် ခြင်များအတွက် အဓိက ရာသီဖြစ်နေသည်။ နွေရာသီ၌ အရွယ်ရောက်ပြီးသား ခြင်များသည် သက်တမ်းတိုသွားသော်လည်း နေရောင်ကြောင့် ခြင်ငယ်များပို၍ လျင်မြန်စွာ အရွယ်ရောက် လာကြသည်။ ထို့ကြောင့် ခြင်မှတစ်ဆင့် ကူးစက်သော ရောဂါများ နွေရာသီ၌ ပိုမိုဖြစ်ပွား၍ လွယ်သည်။

မည်သို့ပင် ဆိုစေကာမူ အပူရှပ်ခြင်းနှင့် ချွေးထွက်လွန်ခြင်းတို့ သာမက သိသာထင်ရှားခြင်း မရှိသော နွေရာသီအပူဒဏ်၏ အခြားဘေးအန္တရာယ်များကိုလည်း သတိပြုကာကွယ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ် ပါသည်။

 

■ (ဧပြီ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)

Most Read

Most Recent