မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၌ အပြုသဘောဆောင်လျက် ပါဝင်ရေးအတွက် အာဆီယံကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြောကြား

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၌ အပြုသဘောဆောင်လျက် ပါဝင်ရေးအတွက် အာဆီယံကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြောကြား
(Photo: Global Times)
(Photo: Global Times)
Published 20 April 2021
Ref: Global Times

မြန်မာပြည်သူများနှင့် နိုင်ငံတကာ လူ့အဖွဲ့အစည်းတို့၏ အကျိုးစီးပွားများနှင့်အညီ မြန်မာနိုင်ငံ၏ အနေအထားကို အေးဆေးတည်ငြိမ်ကာ လျော့ပါးသက်သာစေရေးအတွက် တွန်းအားပေးရန်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၌ အာဆီယံအနေဖြင့် အပြုသဘောဆောင်လျက် ပါဝင်ရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း ဧပြီ ၁၉ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြုလုပ်သည့် အဆင့်မြင့်အဆင့် တံခါးဖွင့်ဒီဘိတ်၌ တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၌ အာဆီယံ၏ ဗဟိုချက်မကျသော အနေအထားကို လေးစားသင့်၊ ထိန်းသိမ်းသင့်ကြောင်းလည်း ဝမ်ယီက ပြောကြားခဲ့သည်။

ကွဲလွဲမှုများ ကျဉ်းမြောင်းစေရေးနှင့် အငြင်းပွားမှုများ ဖြေရှင်းရေးတို့အတွက် အပြန်အလှန် ဆွေးနွေးမှုများ၌ ကုလသမဂ္ဂနှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများ ပါဝင်မှုကို ညွှန်းဆိုလျက် ကာကွယ်တားဆီးရေးဆိုင်ရာ သံတမန်ရေးစိတ်ကူးကို ဝမ်ယီက တိုက်တွန်း ပြောကြားခဲ့သည်။

ဘက်အားလုံးအနေဖြင့် သက်ဆိုင်ရာနိုင်ငံတို့မှ ပြည်သူများ၏ဆန္ဒနှင့် ရွေးချယ်မှုအား အစဉ်အမြဲ လေးစား လိုက်နာသင့်သကဲ့သို့ အရေးကြီးသော နိုင်ငံတကာ အကြောင်းအရာများအား နိုင်ငံရေးနည်းလမ်းများမှ တစ်ဆင့်သာ ကိုင်တွယ် လုပ်ဆောင်သင့်ကြောင်း ဝမ်ယီက ပြောကြားခဲ့သည်။ မည်သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်ချက်မျိုးမဆို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကသာ အခွင့်အာဏာပိုင်ရမည် ဖြစ်ကြောင်းလည်း ဝမ်ယီက အထူးပြုပြောကြားခဲ့သည်။

အရေးကြီးသည့် ဒေသတွင်း အကြောင်းအရာများစွာတို့ကို ဖွံ့ဖြိုးရေးမှတစ်ဆင့်သာ အခါအားလျော်စွာ ဖြေရှင်းရလိမ့်မည်ဟု ဝမ်ယီက ဆက်လက် ပြောကြားခဲ့သည်။ ကုလသမဂ္ဂနှင့် ဒေသတွင်း အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းသောဖွံ့ဖြိုးမှုကို မြှင့်တင်သင့်ကြောင်းနှင့် အရင်းအနှီးနှင့် ရင်းမြစ်များမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ထောက်ပ့ံရေးကို အာမခံသင့်ကြောင်း ဝမ်ယီက ပြောကြားခဲ့သည်။

ဒေသတွင်း အငြင်းပွားမှုများအတွက် အခြေခံကျသော ဖြေရှင်းချက်မှာ လူထု၏ လူနေမှုဘဝ တိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်စေရေးနှင့် ဖွံ့ဖြိုးမှုကွာဟချက်များ လျှော့ချရေးတို့ ပါဝင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးဆိုင်ရာ ၂၀၃၀ ပြည့်နှစ် အာဂျင်ဒါအား အကောင်အထည်ဖော်ရေး ဖြစ်ကြောင်း ဝမ်ယီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဒေသတွင်းနှင့် ဒေသတွင်း လက်အောက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အားကောင်းအောင် ပြုလုပ်ရာ၌ အစဉ်အမြဲ ထောက်ခံခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ တက်ကြွစွာ အားထုတ်မှုများကို ပြုလုပ်နေမြဲဖြစ်ကြောင်း ဝမ်ယီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဒေသတွင်း အဖွဲ့အစည်းများနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဆောင်ရွက်မှုများသည် ပူးတွဲ လုပ်ဆောင်ရေးနှင့် အကျိုးအမြတ် မျှဝေခံစားရေး သဘောတရား စည်းမျဉ်းအပေါ် အခြေခံပြီး မည်သည့် တတိယအဖွဲ့အစည်းကိုမျှ ဘယ်သောအခါမှ ပစ်မှတ်ထားခဲ့ခြင်း မရှိကြောင်း ဝမ်ယီက ကုလသမဂ္ဂတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာဖရိကသမဂ္ဂ၊ အာဆီယံနှင့် အာရပ်လိဂ် ကဲ့သို့သော ဒေသတွင်း အဖွဲ့အစည်းများနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဆောင်ရွက်မှုများကို ထူထောင်ထားကြောင်းနှင့် ယင်းတို့အားလုံးသည် ကုလသမဂ္ဂ ပဋိညာဉ်၏ သဘောတရား စည်းမျဉ်းများကို မြှင့်တင်ပေးပြီး win-win ပူးပေါင်းဆောင်ရွက်မှု ရရှိရေးကို ကျင့်သုံးခြင်းဖြစ်ကြောင်း ဝမ်ယီက ပြောကြားခဲ့သည်။

ယင်းကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ကုလသမဂ္ဂ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ၏ အထိုက်အလျောက်သော ပမာဏကို အသုံးပြုခဲ့ရကြောင်း ဝမ်ယီက ထောက်ပြပြောကြားခဲ့ပြီး အာဖရိက မစ်ရှင်၌ ပါဝင်သူများကို ဦးစားပေးလျက် ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့ဝင်များအား COVID-19 ကာကွယ်ဆေး ထိုးနှံပေးရန် ဆေး Dose ၃၀၀,၀၀၀ ကို တရုတ်နိုင်ငံက လှူဒါန်းမည် ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။

Ref: Global Times