အဆိပ်ကို ငွေကြေးအဖြစ် ပြောင်းလဲနေသည့် အီဂျစ်၏ ကင်းမြီးကောက်ဘုရင်

အဆိပ်ကို ငွေကြေးအဖြစ် ပြောင်းလဲနေသည့် အီဂျစ်၏ ကင်းမြီးကောက်ဘုရင်
Photo:AFP
Photo:AFP
Published 6 March 2021
မြတ်သက်မှူးကို

အီဂျစ်နိုင်ငံ အနောက်ဘက်ပိုင်း သဲကန္တာရအတွင်းရှိ ဓာတ်ခွဲခန်းတစ်ခုတွင် အာမက်အဘူလ် အယ်ဆွတ်သည် ထောင်နှင့်ချီသော သက်ရှိကင်းမြီးကောက်များထဲမှ  တစ်ကောင်၏ အဆိပ်ကို မထုတ်ယူမီ ၎င်း၏ ကောက်နေသောအမြီးကို ဂရုတစိုက်ကိုင်တွယ်နေသည်။

ရေနံလုပ်ငန်းတွင် နှစ် ၂၀ နီးပါးကြာအလုပ်လုပ်ကိုင်ခဲ့သော စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်သည့် အဘူလ်အယ်ဆွတ်သည် ကင်းမြီးကောက်အဆိပ်ကို ဆေးဘက်ဆိုင်ရာသုတေသနအတွက် ရည်ရွယ်၍ ထုတ်လုပ်သည့့် ခက်ခဲသော လမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းရန် ၂၀၁၈ ခုနှစ်ကဆုံးဖြတ်ခဲ့သည်။

“ကင်းမြီးကောက်ရဲ့ အဆိပ်ဟာစျေးကွက်မှာ စျေးအကြီးဆုံးအရာတွေထဲကတစ်ခုဆိုတာကို အင်တာနက်ပေါ်ကနေ ကျွန်တော်လေ့လာတွေ့ရှိခဲ့ပါတယ်” ဟု ဓာတ်ခွဲခန်းသုံးကုတ်အဖြူရောင် ဝတ်ဆင်ထားသော အသက် ၄၄ နှစ်အရွယ် အဘူလ်အယ်ဆွတ်က ပြောကြားခဲ့သည်။

“ကင်းမြီးကောက်တွေ လှည့်လည်သွားလာနေတဲ့ သဲကန္တာရပတ်ဝန်းကျင်ကို ငါဘာကြောင့် အကျိုးရှိရှိ အသုံးမချနိုင်ရမှာလဲ” ဟူ၍တွေးတောမိကြောင်း ၎င်းကဆိုသည်။

ဇီဝဆေးဘက်ဆိုင်ရာ သုတေသီများသည် ကင်းမြီးကောက်အဆိပ်ကို ဆေးဘက်ဆိုင်ရာတွင် အသုံးပြုနိုင်စေရန် လေ့လာနေပြီး ရှားပါး၍ အာနိသင်ပြင်းသော neuro-toxin ဟုခေါ်သည့်နာ့ဗ်ကြောများကို ပျက်စီးစေပြီး အာရုံကြောစနစ်ကိုပျက်စီးစေသည့်အဆိပ်ကို လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းနိုင်ငံ အများအပြားတွင် ထုတ်လုပ်နေသည်။

“ကင်းမြီးကောက်တွေဆီက ရရှိတဲ့ဒါဇင်နဲ့ချီတဲ့ bioactive molecules တွေဟာ အလားအလာရှိတဲ့ ဆေးဝါးဗေဒ ဂုဏ်သတ္တိတွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ ပြသနေပါတယ်” ဟု လွန်ခဲ့သည့်နှစ် မေလကထွက်ရှိခဲ့တဲ့ Biomedicines ဂျာနယ်တွင်ဖော်ပြထား သည်။

လက်ရှိအချိန်တွင် ဓာတ်ခွဲခန်းများသည် ကင်းမြီးကောက်အဆိပ်၏ အလားအလာရှိသော အနုဇီဝပိုးမွှား တိုက်ဖျက်မှု၊ ခုခံအားဖိနှိပ်မှုနှင့် ကင်ဆာရောဂါတိုက်ဖျက်မှုများအတွက် သက်ရောက်မှုများအပါအဝင် အခြားအရာများစမ်းသပ်လေ့လာနေပြီး ၎င်းတို့ကို တစ်နေ့နေ့တွင် ဆေးဘက်ဆိုင်ရာအတွက် အသုံးပြုနိုင်ရန် မျှော်လင့်ထားသည်။

အဘူလ်အယ်ဆွတ်၏ဓာတ်ခွဲခန်းသည်  ကိုင်ရိုမြို့တော် အနောက်တောင်ဘက်ပိုင်း မိုင် ၅၀၀ ရှိ အီဂျစ်၏ ကျယ်ပြောသော New Valley ပြည်နယ်တွင်ရှိ Dakhla အိုအေစစ်တွင် တည်ရှိသည်။

သဲတောင်ပူစာများနှင့် မြင့်မားသော ထန်းပင်များပတ်လည်ဝန်းရံထားသည့် ၎င်း၏ဓာတ်ခွဲခန်းအား “ကင်းမြီးကောက်နိုင်ငံ” ဟု အဘူလ်အယ်ဆွတ်က အမွမ်းတင်ခေါ်ဝေါ်ခဲ့သည်။

“ဒီမှာဆိုရင် မိသားစုတိုင်းက ကင်းမြီးကောက်အဆိပ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေရှိကြတယ်” ဟု ၎င်းကဆိုသည်။

ဓာတ်ခွဲခန်း၏ ထိန်းချုပ်ထားသော အခြေအနေတွင် ကင်းမြီးကောက်များအနေဖြင့် ၎င်းတို့၏အဆိပ်ကို ထုတ်ရန်အတွက် ကင်းမြီးကောက်များကို လျှပ်စစ်ရှော့ခ်အနည်းငယ် ရိုက်ပေးကြသည်။

ဝန်ထမ်းများသည် အကောင်းဆုံးအရည်အသွေးရှိ အဆိပ်ကိုရရှိရန် ရက် ၂၀ မှ ၃၀ ကြား စောင့်ဆိုင်း၍ အဆိပ်ထုတ်ယူကြသည်။

“သန့်စင်တဲ့အဆင့်ရရှိဖို့ အရေးကြီးပါတယ်။ တစ်ဂရမ်မှာ ကင်းမြီးကောက်အကောင်ရေ ၃,၀၀၀ ကနေ ၃,၅၀၀ ရဲ့အဆိပ်တွေကို လိုအပ်ပါတယ်” ဟု အဘူလ်အယ်ဆွတ်က ပြောကြားခဲ့သည်။

ထိုအဆိပ်ရည်များကို ရေခဲသေတ္တာတွင် သိမ်းဆည်းခဲ့ပြီး ကိုင်ရိုမြို့တော်သို့တင်ပို့၍ ကိုင်ရို၌ယင်းအဆိပ်ရည်များကို အခြောက်ခံကာအမှုန့်အဖြစ် ထုတ်ပိုးရောင်းချကြသည်။

“ဒီဓာတ်ခွဲခန်းကအစိုးရဆီက အတည်ပြုလက်မှတ်ရရှိထားပြီး ဒီထူးခြားတဲ့ထုတ်ကုန်တွေ တင်ပို့နိုင်ဖို့ ခွင့်ပြုချက်ရရှိထားပါတယ်” ဟု ထိုစင်တာတွင်အလုပ်လုပ်ကိုင်နေသည့် အသက် ၂၅ နှစ်အရွယ် ဆေးဝါးကျွမ်းကျင် နာလာအဗ္ဗဒယ်ဟာမက်ကပြောကြားခဲ့သည်။

အချို့ သိပ္ပံနည်းကျလေ့လာမှုများတွင် ရောဂါအချို့ကိုကုသမှု၌ အဆိပ်ဖြင့်သက်သာပျောက်ကင်းစေသော အကျိုးကျေးဇူးများကို ရှာဖွေခဲ့သည်ဟု အဗ္ဗဒယ်ဟာမက်က ဆိုသည်။

အီဂျစ်စက်မှုလုပ်ငန်းအဖွဲ့ချုပ်မှ ဆေးဝါးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မိုဟေးဟာဖက်က ယင်းအဆိပ်၏လက်ရှိ အသုံးဝင်မှုများအပေါ်၎င်း၏ လေ့လာသုံးသပ်မှုများကို ပိုမိုသတိထားလုပ်ဆောင်ခဲ့သည်။

“ကင်းမြီးကောက်နဲ့ မြွေရဲ့အဆိပ်တွေကို အဆိပ်ဖြေဆေးတွေ ပြုလုပ်ရာမှာအသုံးပြုနိုင်ပါတယ်” ဟု ၎င်းက အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။

“တိုက်ရိုက်ပါဝင်ပစ္စည်းအဖြစ် အဆိပ်ကို အပြည့်အဝမှီခိုပြီး ထုတ်ထားတဲ့ ဆေးဝါးမရှိပါဘူး။ ဒါပေမဲ့ ဒီအဆိပ်တွေကိုအသုံးပြုနိုင်တာတွေနဲ့ ပတ်သက်ပြီး အလားအလာရှိတဲ့ သုတေသနလုပ်ငန်းတွေတော့ ရှိတယ်” ဟု အဗ္ဗဒယ်ဟာမက်က ဆိုသည်။

New Valley ပြည်နယ်တွင် death stalker ဟု ခေါ်သည့် ကင်းမြီးကောက်အပါအဝင်မတူညီသည့် ကင်းမြီးကောက် မျိုးစိတ်ငါးမျိုးဝန်းကျင်ရှိပြီး death stalker ကင်းမြီးကောက်၏ အဆိပ်သည် တစ်ဂရမ်လျှင် ဒေါ်လာ ၇,၅၀၀ အထိ စျေးကောင်းရရှိသည်ဟု အဘူလ်အယ်ဆွတ်က ပြောကြားခဲ့သည်။

အဘူလ်အယ်ဆွတ်သည ်၎င်းကိုယ်တိုင်ကင်းမြီးကောက်များအား ဖမ်းဆီးမှုတွင် အနီးအနားရှိ ရွာများမှဒေသခံများကိုလည်း ငှားရမ်းခဲ့ပြီး ၎င်းတို့အား လက်အိတ်များ၊ ဇာဂနာများ၊ ဘွတ်ဖိနပ်များ၊ UV ဓာတ်မီးများနှင့် အဆိပ်ဖြေဆေးများ ပေးခဲ့သည်။

ကင်းမြီးကောက် မုဆိုးများသည် ကင်းမြီးကောက်တစ်ကောင်လျှင် အီဂျစ်နိုင်ငံသုံး ငွေတစ်ပေါင်မှ ၁.၅ ပေါင် မြန်မာကျပ်ငွေအနေဖြင့် ၉၀ ကျပ်မှ ၁၃၅ ကျပ်အထိ ရရှိသည်။ ယင်းကင်းမြီးကောက်များကို လူနေရပ်ကွက်များတွင် ဖမ်းဆီးမိသောကြောင့် ဂေဟစနစ်ချိန်ခွင်လျှာအပေါ် ထိခိုက်မှုမရှိဟု ဆေးဝါးကျွမ်းကျင် အဗ္ဗဒယ်ဟာမက်က ဆိုသည်။

“ကင်းမြီးကောက်တွေဟာ အချိန်တွေ အကြာကြီးအစားမစားဘဲ သွားလာနိုင်ကြပေမယ့် သူတို့ရဲ့အဆိပ်ထုတ်နိုင်တဲ့ပမာဏ ပိုမိုများပြားဖို့ကျွန်မတို့တွေကသူတို့ကို အစားအစာနှင့်ပရိုတိန်းတွေ ပေးရပါတယ်” ဟု ၎င်း၏လုပ်ဖော်ကိုင်ဖက် အိုင်မန်အဗ္ဗဒယ်မာလစ်က ပြောကြားခဲ့သည်။

အနာဂတ်တွင် ကင်းမြီးကောက်များကို ဖမ်းဆီးမည့်အစား သားဖောက်ရန်စီစဉ်ထားကြောင်း တိမွေးကုဆရာဝန်တစ်ဦးကဆိုသည်။

ဓာတ်ခွဲခန်းတွင်အများဆုံး သိုလှောင်နိုင်သည့်ပမာဏမှာ အကောင်ရေ ၈၀,၀၀၀ ဖြစ်ပြီး လက်ရှိတွင် အကောင်ရေ ၂၀,၀၀၀ ခန့် ရှိနေသည်။

နှစ်နှစ်ကြာ ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ပထမဆုံး ကင်းမြီးကောက် အဆိပ်ထုတ်ယူမှုလုပ်ဆောင်ခဲ့ပြီး အဆိပ်သုံးဂရမ်ထုတ်ယူနိုင်ခဲ့သည်ဟု ၎င်းကပြောကြားခဲ့သည်။

ကိုယ်ပိုင်ငွေကြေးတစ်ရပ်ထူထောင်ပြီး ပြုလုပ်သည့် ယင်းစီမံကိန်းသည် ဒေါ်လာ ၃၂၀,၀၀၀ ဝန်းကျင်ကုန်ကျခဲ့ပြီး ယင်းစီမံကိန်းသည် အစိုးရ၏ထောက်ပံ့မှုရရှိရန် ဆွဲဆောင်နိုင်ခဲ့သည်ဟုဆိုသည်။

အီဂျစ်တွင် နှစ်ပေါင်းများစွာအဆိပ်အမျိုးအစားပေါင်း အများအပြားထုတ်လုပ်နေသော်လည်း ၎င်းလုပ်ငန်းများသည်တရားမဝင်ခြင်း သို့မဟုတ် အရည်အသွေးည့ံဖျင်းမှုများ ရှိသည်ဟု အဘူလ်အယ်ဆွတ်ကဆိုသည်။

“ကျွန်တော့်ရဲ့စီမံကိန်းဟာ တစ်ချိန်မှာနိုင်ငံရဲ့ ပုံရိပ်ဆိုးကြီးကို ဖျောက်ဖျက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ လုပ်နိုင်စွမ်းကို အရည်အသွေးမြင့်တဲ့ ထုတ်ကုန်တွေ၊ သိပ္ပံနည်းကျလေ့လာမှုတွေ၊တရားဝင်ထုတ်လုပ်တင်ပို့မှုတွေကနေ သက်သေပြသွားဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်” ဟု အဘူလ်အယ်ဆွတ်ကဆိုသည်။