နေရာစိမ်း

နေရာစိမ်း
Published 1 March 2021
ဇော်သစ်ကြည်

လူစိမ်းမြင်လို့ ထင်ပါရဲ့ သူတို့ချင်း တီးတိုး တီးတိုး ခေါင်းချင်းဆိုင်လို့။ စားပွဲဝိုင်းလေး လေးငါးဝိုင်း။ သူတို့ဝိုင်းတွေပဲ လူထပ်ကျတယ်။ ကျွန်တော် တစ်ယောက်တည်း။ ဖုန်းက ပွတ်စရာ မရှိသေးဘူး။ 

အင်တာနက် မဖွင့်သေးဘူး။ ဆိုင်ကလေးမှာ ကြည့်စရာ တီဗွီလည်း မရှိဘူး။ ရေဒီယိုလေး တောင် ဖွင့်မထားဘူး။ လမ်းသွား လမ်းလာတွေကိုပဲ အဓိပ္ပာယ်ရှိအောင် ကြည့်နေရတယ် ...

အကြောင်းကြောင်းကြောင့်လို့ပဲ ပြောရမှာပေါ့။ အကြောင်းကြောင်းကြောင့် နေရာစိမ်းမှာ နေထိုင်နေရပါတယ်။ ရပ်ရွာအမှတ်သညာနဲ့ ရင်းနှီးနေပေမဲ့ တစ်ယောက်ချင်းစီနဲ့တော့ အတော့်ကိုစိမ်းပါတယ်။ မျက်မှန်းတန်း မိသူဆိုလို့ လက်ချိုးရေလို့ ရပါတယ်။ ဒါတွေ ကလည်း နိုင်ငံရပ်ခြားမှာတွေ့ရမှ “လူကျက်”တွေ ဖြစ်နိုင်တဲ့လူတွေ။ ငယ်ငယ်က ပြောခဲ့ဖူး သလို “ကံကောင်းမှ ဖားလောင်း ငါးဖြစ်”ဆိုသူတွေပေါ့။ ငယ်ငယ်က ဒီလိုပဲ ထင်ခဲ့ပါ တယ်။ ဖားလောင်းတွေဟာ ငါးဖြစ်နိုင်တယ် ဆိုတာပေါ့။ အတိတ်က ရွာက အတိတ်က စမ်းချောင်းကလေးထဲမှာ မည်းမည်း မည်း မည်းနဲ့ ဖားလောင်းလေးတွေ၊ မြီးတံရှည်ရှည် အုပ်စုလိုက် အများကြီးတွေ့ခဲ့ရတယ်။ ဖမ်းလို့ လည်း လွယ်မှ လွယ်၊ နွေရာသီ ရေခန်းချိန် ဆိုတော့ ရေချိုးရင်း ရေဖလားနဲ့ ဆတ်ခနဲ ခပ်လိုက်ရင်ကို လေးငါးခြောက်ကောင် ပါ လာတယ်။ တစ်ခါတလေ လက်ခုပ်နဲ့ ဖမ်း၊ ရေတွေက လက်ကြားယိုသွားတာမို့ အကောင် လေးတွေ လက်ဖဝါးထဲမှာ ယားကျိကျိနဲ့ ကျန် ခဲ့တယ်။ အဲဒီကောင်တွေ အခုထိ ငါးမဖြစ် သေးဘူး။ အခုထိ စိမ်းနေတုန်းပဲ။

ချစ်တဲ့သူတွေနဲ့ အတူမနေရတာလည်း ဒုက္ခပဲ။ ပျော်ရာမှာ မနေရတာလည်း ဒုက္ခပဲ။ အဲ၊ နောက်တစ်ခုက နေ့တိုင်း လုပ်နေကျ အလုပ်တွေကို သစ်စိမ်းချိုး ဖြတ်တောက်လိုက် ရတာလဲ ဒုက္ခပဲပေါ့။ အိမ်မြှောင်အမြီးပြတ် လို့ ပြောကြမယ်ထင်ပါရဲ။ ကိုညီထွဋ်သီချင်းထဲ ကလို၊  “ဂငယ်ကွေ့တွေ ပြည့်တဲ့ လမ်းပေါ်မှာ”ပေါ့လေ။ မနက်ခင်း လျှောက်နေကျ လမ်း လေးတွေ၊ ဘယ်နေရာမှာ အတက်လေး၊ ဘယ် နေရာမှာ တောပန်းလေးတွေ၊ ဘယ်နေရာမှာ ဘယ်လိုမွှေးအီနေတာတွေ။ တွေ့နေကျ မျက် နှာတွေ၊ ဘယ်သူက ဘယ်လိုမျက်နှာထားနဲ့ ဘာဖြစ်နေတယ်ပေါ့။ ဒါက မှိုရတဲ့မျက်နှာ၊ ဒါက မျက်နှာတည် မျက်နှာထား၊ ဒါက ဘီလူး သံပုရာသီး စားထားတဲ့ ရုပ်နဲ့၊ ဒါက သူခိုးရွှေရ တပြပြ။ ထမင်းစားပြီးတဲ့ အချိန်တိုင်း၊ အချိန် မှန် အသံပေးတတ်တဲ့ ကြောင်လေး၊ ဘယ် နှယ့်နေပါလိမ့်။ “ဆရာ ရှိလား”ဆိုတဲ့ စကား သံလေးတွေ ခဏခဏ ကြားနေသလိုလို။ ဆိုင်ကယ်သံကြားတိုင်း ထရပ်မိတယ်။ အို ဒါ ငါ့နေရာမှ မဟုတ်တာ။

ဘာလို့များ ဒုက္ခခံနေတာလဲ။

မနှိုင်းကောင်း မနှိုင်းအပ်ပေါ့လေ။ ပြည့် ရှင်မင်းကြီး၊ မင်းကုသပေါ့၊ “ပပဝတီ” အိမ် ပြန်ပြေးတဲ့ အချိန်ကပေါ့။ အိုးဝင်ဖုတ်ရတယ်။ အိုးပေါ်မှာ “ရေကန်ထဲက ကြာရွက်အောက် ကနေ ဘွားခနဲ ပေါ်လာတဲ့” ဇာတ်ဝင်ခန်း။ “အိုး”တွေ ရိုက်ခွဲခံရတယ်။ ဖျာဝင်ရက်တယ်။ ဖျာပေါ်မှာ “ဆင်တင်းကုတ်ကနေ စောင်းတီး ပြတဲ့” ဇာတ်ဝင်ခန်း။ ဖျာတွေ လွှင့်ပစ်ခိုင်း တယ်။ အရသာ ဆန်းဆန်းပြားပြား ဟင်းလျာ တွေ ချက်ပြီး ဆက်ကပ်သတဲ့။ “မင်းကုသ” က ပြည့်ရှင်မင်းကြီးပေါ့။ ဒုက္ခခံခဲ့ရရှာတယ်နော်။

ဘာလို့များ ဒုက္ခခံနေရတာလဲ။

မနှိုင်းကောင်း မနှိုင်းအပ်ပေါ့လေ။ ခရစ်တော်ယေရှုက ဘုရားသားတော်၊ ဘုရားတစ် ဆူပေါ့။ သက်ဦးဆံပိုင်တွေက ပြောတယ်၊ ပြောခဲ့ ဟောခဲ့သမျှ မှားပါတယ်လို့ ဝန်ခံခိုင်း တယ်။ “မျက်လုံးတစ်လုံး ဆုံးရှုံးရင် မျက်လုံး တစ်လုံးချင်း”ဆိုတဲ့နေရာကို “မိမိလိုချင်သော ပြုစုမှုမျိုးဖြင့် ပြုစုစောင့်ရှောက်ပါလေ”လို့ အစားထိုးခိုင်းသူကို မှားပါတယ်လို့ ဝန်ခံခိုင်း ကြတယ်။ အရှင်လတ်လတ်ကြီး၊ လက်ဖဝါး နှစ်ဖက်၊ ခြေချင်းထပ်ပြီး သံစူးနဲ့ ရိုက်၊ လက် ၀ါးကပ်တိုင်မှာ ချိတ်ထားတာနော်။ ကြိုးနဲ့ ချည်တာတောင် မဟုတ်ဘူးနော်။ ခြေထိပ် လက် ထိပ်ခတ်တာ၊ လက်ထိပ်ခတ်တာတောင် မဟုတ်ဘူးနော်။ သူသတ်ကုန်းမှာ ကျီးစား၊ လင်းတစား ထားပစ်ခဲ့တာနော်။ လူအပေါင်း တို့ရဲ့ ခေါင်းဆောင်၊ ကိုးကွယ်ရာ လဲလျောင်း ရာကြီး။ ဘာလို့များ ဒုက္ခခံနေရတာလဲ။

မနှိုင်းကောင်း မနှိုင်းအပ်ပေါ့လေ။ ဗန်း မော်ဆရာတော်ကြီးက သိပ်ကို ထက်တာ။ တစ်ခါကပေါ့၊ မင်းတုန်းမင်းက “လောကီအာ ရုံတွေ ငြီးငွေ့ပါပြီ”လို့ လျှောက်တော့ ဘုန်း ကြီးက မျက်မှောင်ကျု့ံပြီး “လူက သူတော် ကောင်း - က ဓားပြဖြစ်လိမ့်မယ်”လို့ ပြန်မိန့် တယ်။ မိဖုရားခေါင်ကြီးရဲ့ “သံဃာတော်တွေ အတွက်ပါ ဘုရား”ဆိုတဲ့ ဆွမ်းတော်ကပ်လှူ ပွဲမှာ “ငါလည်း သံဃာပဲဟ”လို့ ပြောပြီး မပင့် ဘဲ ဆွမ်းဝင်စားခဲ့တယ်။ ငယ်ငယ်ကတည်းက ပါပဲ။ စာပြန်ပွဲမှာ “မောင်ပဏ္ဍိ စောင့်ပါဦး”လို့တားတော့ “ပဏ္ဍိကို မှီချင်ရင် ပဏ္ဍိလို ကျက်ခဲ့”လို့ ရဲရဲဝံ့ဝံ့ ပြန်လျှောက်ခဲ့တယ်။ မင်း မို့၊ မိဖုရားမို့၊ ထေရ်ကြီးမို့၊ ဘာမို့ညာမို့ မရှိဘူး၊ မထောက်မညှာ မှန်တဲ့ဘက်က ရပ်တည်ခဲ့ တယ်နော်။ “ဗန်းမော်”ကို အနှင်ခံရတော့ လည်း ပြုံးပြုံးပဲ။

ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ပေး နေရတယ်။ ဒါကြောင့် ရွက်ကျပင်ပေါက်လေး တွေကို၊ ပုတ်သင်လေးတွေကို၊ အင်းဆက်လေး တွေကို ဆရာတင်နေရတယ်။ နောက်ထပ် ဆရာကတော့ “အဖေ”ပါပဲ။ အဖေက ပတ် ဝန်းကျင်နဲ့ ပနံသင့်ဖို့ အရည်အချင်းကောင်း တွေ ရှိတယ်။ ခြေဖဝါးမှာ ဗွေပါတယ်လို့ “အ မေကြီး”က အဖေ့ကို ပြောဖူးတယ်။ အစိုးရ အလုပ် ကျောင်းဆရာအလုပ်ကတော့ စဝင် ကတည်းက ပင်စင်ယူတဲ့အထိ ရွာမှာပဲ မြဲခဲ့ ပါတယ်။ ဒါပေမဲ့ ခြေဗွေပါလေတော့ နွေရာ သီလိုမျိုး အားလပ်ရက်ဆိုရင် ဆန့်လို့ရသ လောက် ခြေဆန့်တော့တာပဲ။ ခေါ်သူရှိရင် မငြင်းဘူးလို့ အဓိဋ္ဌာန်ထားလေသလားပေါ့။ မြန်မာပြည် အပေါ်ပိုင်း၊ အောက်ပိုင်း၊ တောင် ပိုင်း၊ မြောက်ပိုင်းပေါ့လေ။ တစ်ရွာ တစ်ကျီ ဆောက်နိုင်ပါတယ်။ ဟိုသွားမယ်ဆို အဲဒီမှာ ဘယ်သူရှိတယ် ဝင်သွားလိုက်ဦး။ ဒီသွားမယ် ဆို အဲဒီမှာ ဘယ်ဝှာရှိတယ် ဝင်သွားလိုက်ဦး။

ကျွန်တော့်မှာ တစ်ယောက်တည်း။ မ နက် လမ်းလျှောက်ထွက်တယ် တစ်ယောက် တည်း။ လက်ဖက်ရည်ဆိုင် ထိုင်တယ် တစ် ယောက်တည်း။ ဆိုင်ရှင် တီးဆရာက “ဘယ် လိုသောက်မလဲ” မေးဆဲ။ ကျွန်တော်ကလည်း ကောင်းနိုးနိုးနဲ့ တစ်နေ့တစ်မျိုး မှာသောက် တယ်။ တစ်နေ့က “ဖန်ချို”၊ မနေ့က “ပုံမှန်”၊ “ပေါ့စိမ့်”ပေးပါဗျာလို့ ပြောလိုက်တယ်။ ဒီနေ့ လည်း တစ်မျိုးမျိုး လိုနေမှာပါပဲ။ တစ်နေ့က “ပလာတာ”၊ မနေ့က “ပေါက်စီ”၊ “အီကြာ ကွေး”စားမယ်လို့ မှာလိုက်တယ်။ တစ်ခုခု လိုနေဦးမှာပဲ မဟုတ်လား။

လူစိမ်းမြင်လို့ ထင်ပါရဲ့ သူတို့ချင်း တီး တိုး တီးတိုး ခေါင်းချင်းဆိုင်လို့။ စားပွဲဝိုင်းလေး လေးငါးဝိုင်း။ သူတို့ဝိုင်းတွေပဲ လူထပ်ကျ တယ်။ ကျွန်တော် တစ်ယောက်တည်း။ ဖုန်းက ပွတ်စရာ မရှိသေးဘူး။ အင်တာနက် မဖွင့် သေးဘူး။ ဆိုင်ကလေးမှာ ကြည့်စရာ တီဗွီ လည်း မရှိဘူး။ ရေဒီယိုလေးတောင် ဖွင့်မထား ဘူး။ လမ်းသွားလမ်းလာတွေကိုပဲ အဓိပ္ပာယ်ရှိ အောင် ကြည့်နေရတယ်။ ငယ်ငယ်က မောင် စံရှားတို့၊ ဆားပုလင်းနှင်းမောင်တို့၊ ရှားလော့ ဟုမ်းတို့ ဖတ်ဖူးခဲ့တာပဲ။ မိတ်ကပ်အဖွေးသားနဲ့ ရွာ့တောင်ပိုင်းကို ဆိုင်ကယ်နဲ့ သွားနေသူက “ရွှေပန်းကျွန်း”စျေးလိုက်မယ် ထင်တယ်။         “သန်မြန်သူ”က မုံရွာ ထွက်တယ်ဆိုတော့ စျေးဖွင့်ပြီ ထင်တယ်။ အီကြာကွေး လာဝယ်တဲ့ ကလေးက ပိန်လိုက်တာ၊ မနက်စာ ကောင်း ကောင်းမစားရဘူး ထင်တယ်။ “ဟုတ်တယ် မဟုတ်လား၊ ကိုသိန်းမောင်”လို့ စိတ်ကူးယဉ် လိုက်တယ်။ ကျွန်တော့်မှာ တစ်ယောက် တည်း။

ရေနွေးက ဖန်ရည်ကျကျနဲ့ တစ်ခွက်ထပ် သောက်လိုက်တယ်။ သူများဝိုင်းတွေကို ခိုး နားထောင်လိုက်တယ်။ “ငရုတ်ခင်း” ဘယ့် နှယ့်လဲ။ ဖျက်ပစ်လိုက်တော့မယ်၊ နိုင်ငံရေး အခြေအနေက ဘယ်လိုမှန်း မသိဘူး။ ဖရဲ တွေက တစ်ဧက သိန်း ၂၀ လောက် ဝင်သွား တယ်။ တရုတ်လမ်းက ပွင့်ပါ့မလားနော်။ မတင်ရလည်း ရွာထဲ လိုက်ပေးပစ်မယ်။ စိုက် ဘဏ်တွေက ဆပ်ရတော့မှာ။ ဒီနှစ် သိန်း ၁၀၀ ကျော် ကျမှာလေ။ စာရင်းတင်ထားတာ ဦးရေ ၇၀ ကျော်တယ်ဟ။ ကားသစ်ကြီးက ဘာဖြစ်လို့လဲ၊ ဘော်ဒီနည်းနည်း ရွှိုင်းရမှာပဲ။ ဒီနေ့ ငြိမ်နေပါ့လားနော်၊ “မြောင်”ကတော့ နေ့တိုင်းပြနေတာပဲ။ မနက် ၈ နာရီဆို ထွက် ကြတာဟ။ ကိုဗစ်တောင် ဘယ်ရောက်သွားလဲ နော်။ အပိုင်းပိုင်းအစတွေ တစ်ထုပ်ကြီး ရ လာခဲ့တယ်။ ကျွန်တော် ထထွက်လာခဲ့တယ်။ အဲဒီဆိုင်က အခုထိ စိမ်းနေတုန်းပဲ။ ကျွန် တော် လျှောက်နေတဲ့လမ်းတွေ၊ ရက်ပေါင်း ၁၅ ရက်၊ ရက် ၂၀ စိမ်းနေတုန်းပဲ။

နောက်ကနေ တထုန်းထုန်းအသံကြား ရတာနဲ့ လမ်းဘေးချဆင်းလိုက်ပါတယ်။ ဒီ အသံလေး မစိမ်းဘူး။ ရောက်ရာအရပ်တိုင်း ကြားနေကျပဲ။ မျှော်လင့်တကြီး လှည့်ကြည့် ပြုံးပြလိုက်တယ်။ အသားညိုညို၊ ဆံပင်ရှည် ရှည်နဲ့ မောင်းသူက။ ဂွန်ဒေါင်းလို့ခေါ်တဲ့       “ထော်လာဂျီ”။ ပြန်တောင် ပြုံးမပြဘူး၊ ဒီအ တိုင်း ကျော်သွားတယ်။ ဟ ထော်လာဂျီ တောင် စိမ်းနေပါ့လား။

ဆရာပါရဂူရေးတဲ့ စာထဲကပဲ၊ “မင်း၊ မိန်းမ၊ နွယ်” နီးစပ်ရာ ခင်တွယ်တတ်ကြသတဲ့။ ဆရာ ပီမိုးနင်းကလည်း ဒါကြောင့်ပြောတာ ထင်ပါ့၊ အိမ်နောက်ဖေးနဲ့ ရှေ့အိမ်ရဲ့ သား သမီးချင်း သမီးရည်စားဖြစ်တတ်တယ်တဲ့။ ဒါပေမဲ့ ကျွန်တော့်အမေအိမ်က ဘုန်းကြီး ကျောင်းနဲ့ ကပ်လျက်ကြီး ဖြစ်နေတယ်။ ဘဝ ပေး အခြေအနေပေါ့။ ဆိုတော့ကား တစ်နေ့ သုံးလေးခါ ရွာထဲ ထွက်ဖြစ်ပါတယ်။ မနက်၊ ရွာ့ရှေ့ပိုင်း လမ်းလျှောက်၊ လက်ဖက်ရည် သောက်။ နေ့လယ်ပိုင်း စာလေးဘာလေး ဖတ်။ ညနေ နေချိုတာနဲ့ ရွာထဲ မျက်နှာပြပေါ့။ ညနေ ခြင်းဝိုင်း၊ ဘောလုံးပွဲ အားပေး။ တောက် ဘယ်သူမှာ လာမရောဘူး။ ကိုယ့်မှာ သွားအအေးပတ်တာပဲ အဖတ်တင်တယ်။

ခါတိုင်းဆိုရင်ပေါ့။ ဧည့်တွေ့ရင်ကို ဝမ်းသာ အယ်လည်းမဟုတ်လား။ ဟိုအိမ်က ခေါ်၊ ဒီ အိမ်က ခေါ်ပေါ့။ ကျွေးသမျှ မစားလို့၊ မကုန် လို့တောင် ရန်လုပ်ခံရပါတယ်။ “မနက်စာ လေး ကျွေးချင်လို့၊ ရေနွေးသောက်လာပါဦး၊ ညနေစာ အိမ်လာစားနော်”ဆိုတာတွေ။ “ဘု ရားပွဲ” ရှိလို့လားဆိုတော့၊ မဟုတ်။ ပွဲမရှိလည်း မြို့က ဧည့်၊ ရွာကို လာတဲ့ဧည့်၊ ဆွေမကင်းမျိုး မကင်းတွေက သောင်းသောင်းဖျဖျပေါ့လေ။ ဟိုအိမ် သွားလိုက် ဒီအိမ်လာလိုက်၊ ပျင်းချိန် တောင် မရှိဘူး။ ပြန်သာ ပြန်သွားတယ်၊ ဖိတ်ထားသမျှ အိမ် မစေ့ခဲ့ပါဘူး။ လှည်းခေတ် လှေခေတ်တုန်းကပေါ့။

တရုတ်ဆိုင်ကယ်ခေတ်၊ ထော်လာဂျီ ခေတ်ရောက်လာပြီ။ ခွေးဘီလူးခေတ်၊ လိုက်ထ် ရက်ခေတ်ဆိုတော့ “အိပ်ဖောင်းလို့ စိတ် ပြောင်းတာလား”လို့ တွံတေးသံကြီးနဲ့ ဆို လိုက်ချင်ပါတယ်။ အဲဒီလိုလားလို့ တွေးမိ တော့ အရင်ကတော့ စိတ်မပြောင်းပါဘူးတဲ့။ အခုတော့ “ငဗစ်”ဆိုတာကြီးကလည်း ဖိစီး နေ၊ “ငညစ်” ဆိုတဲ့ အရိုင်းစိုင်းဆုံး လှိုင်းက လည်း ထပ်ဖိလာတော့ လူတွေလည်း စိမ်းသရ ဖူ စိမ်းကုန်တာပေါ့တဲ့။ တွေးတွေးဆဆ ပြော ကြတယ်။ ဟုတ်မှာပါလေ။

ည ညဆိုရင် ခွေးဟောင်သံကြားတိုင်း လန့်နိုးလာတယ်။ ဘာလို့များ ဆိုင်ကယ်က ပတ်မောင်းနေပါ လိမ့်။ အရေးပေါ်ကားလား နားထောင်စမ်းပါဦး။ တိတ်ဆိတ်တဲ့ ညအခါ ဆိုတော့ ပရစ်သံ၊ ဖားသံတောင် စူးစူးဝါးဝါး။ ညသံဆိုတာ တောင်ကလိုလို၊ မြောက်ကလို လို။ အဝေးက တီးတိုးသံတွေ နားစိုက်ထောင် ကြည့်လေ ဝေ၀ါးလေပဲ။ သံပန်းတွန်းတံခါး တဂျောင်းဂျောင်း၊ ဘာလို့များ ဖွင့်လိုက်ပိတ် လိုက် လုပ်နေပါလိမ့်။

“ပရိမ္မ”ရောက်တုန်း ကျွဲချိုလေးခွ လိုက် ရှာဝယ်တယ်။ မတွေ့ဘူး။  ရှိတဲ့ လေးခွပဲ ဝယ် လာရတယ်။ ကျောက်ဒိုးလုံးလည်း မရှိ၊ ဖန် ပေသီးလည်း မရ။ ကျောက်စရစ်ကုန်းကနေ ကျောက်ခဲလုံးလုံးလေးတွေ ကောက်လာ တယ်။ “အဖေက ဘာပစ်မလို့လဲ” တဲ့၊ ခြင်၊ ပုရွက်ဆိတ်တောင် မသတ်ရဲမှန်း သမီးက သိ တယ်။ လိုရမယ်ရပေါ့ သမီးရယ်။ ဖြစ်လွယ် ပျက်လွယ် သဘောကို လက်တွေ့မျက်တွေ့ ရှိနေတာကိုး။ ည ညဆိုရင်၊ အသံတစ်သံသံ နားစွန်နားဖျားကြားမိတိုင်း လေးခွကို စမ်း ကြည့်မိတယ်။ တစ်ချက်မှ ပစ်မကြည့်ရသေး ပေမဲ့ လက်တွေ့မှာ အသုံးဝင်ကောင်းပါရဲ့။ နေရာက စိမ်းနေတာကိုး။

ကျွန်တော့်မှာသာ အေးနေတာပါ၊ မနက် ၄ နာရီဆို “ပဋ္ဌာန်း”ထဖွင့်ကြပြီ။ နာရီကို လော်စပီကာ တပ်ထားတော့ “မနက် လေးနာ ရီထိုးပါပြီရှင်”က အကျယ်ကြီး။ ကြက်တွန် သံကြီးက ပါလိုက်သေးတယ်။ တောရွာဆိုပေ မဲ့ “ကြက်တွန်သံ”တောင် အတုလုပ်နေရပြီ နော်။ အရင်ကဆို ဟိုအိမ် ဒီအိမ် အပြိုင်တွန် တဲ့ ကြက်တွေ ဘယ်ရောက်နေပါလိမ့်။

ဟုတ်တယ်၊ အရင်က ရောက်ဖူးတုန်းက ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေပါပဲ။ မနက် မိုး လင်းရင်၊ ကြက်တွန်သံနဲ့ အုန်းမောင်းနဲ့ ပဲ ပြုတ် ငချိတ်ပေါင်းနဲ့။ အခုတော့ မနက် ၆ နာရီလောက် အိပ်ရာထပြီး လက်ဖက်ရည်ဆိုင် ထွက်ခဲ့ရတယ်။ စားပွဲလွတ်တစ်လုံးမှာ ငုတ် တုတ်ကြီး သွားထိုင်လိုက်ဦးမယ်။