ဗြိတိန်အစိုးရ၏ စည်းမျဉ်းသစ်အရ ပြည်ပခရီးစဉ် သွားရောက်သည့် ပရီးမီးယားလိဂ်ကစားသမားတိုင်း (၁၀)ရက်ကြာ သီးခြားနေထိုင်မှု ပြုလုပ်ရမည်

ဗြိတိန်အစိုးရ၏ စည်းမျဉ်းသစ်အရ ပြည်ပခရီးစဉ် သွားရောက်သည့် ပရီးမီးယားလိဂ်ကစားသမားတိုင်း (၁၀)ရက်ကြာ သီးခြားနေထိုင်မှု ပြုလုပ်ရမည်
Photo: Getty Image
Photo: Getty Image
Published 23 February 2021

ဗြိတိန်အစိုးရ၏ နောက်ဆုံးထုတ်ပြန်လိုက်သည့် စည်းမျဉ်းသစ်အရ ပြည်ပခရီးစဉ်သွားရောက်သည့် ပရီးမီးယားလိဂ်ကစားသမားတိုင်း ဗြိတိန်သို့ ပြန်လည်ရောက်ရှိချိန်တွင် (၁၀)ရက်ကြာ သီးခြားနေထိုင်မှု ပြုလုပ်သွားရမည်ဖြစ်ကြောင်း သိရသည်။

    

ဗြိတိန်အစိုးရသည် ယခင်က ပြည်ပသို့ ထွက်ခွာ၍ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားရသည့် ကစားသမားများနှင့် ပတ်သက်၍ သီးခြားစည်း မျဉ်းသတ်မှတ်ချက်ပြုလုပ်ခဲ့ခြင်းမရှိသော်လည်း ယခုအခါ (၁၀)ရက်ကြာ သီးခြားနေထိုင်သွားရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ သတ်မှတ်မှုတွင် ကစားသမားများသာမက ကလပ်အသင်းများမှ နည်းပြအဖွဲ့ဝင်များ၊ ဝန်ထမ်းများအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် ဗြိတိန်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ပြီး Negative အဖြေထွက်ခဲ့ပါက သီးခြားနေထိုင်ရမည့်ကာလကို (၅)ရက်သို့ လျှော့ချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    

ယခုစည်းမျဉ်းသတ်မှတ်ချက်အရ ယခုရက်သတ္တပတ်အတွင်း ဥရောပပြိုင်ပွဲ အဝေးကွင်းပွဲစဉ်များ သွားရောက်ယှဉ်ပြိုင်ရမည့် ချယ်လ်ဆီး၊ မန်စီးတီးနှင့် အာဆင်နယ်အသင်းတို့ မှာ အဆိုပါစည်းမျဉ်း၏ သက်ရောက်မှုများကို စတင်ခံစားရမည်ဖြစ်သည်။

သို့သော် ကစားသမားများနှင့် နည်းပြများ၊ ဝန်ထမ်းများအနေဖြင့် သီးခြားနေထိုင်မှုပြလုပ်ရမည်ဖြစ်သော်လည်း အသင်းနှင့်အတူ လေ့ကျင့်ခွင့်၊ ပွဲကစားခွင့်များကိုမူ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်အစိုးရက ယခုကဲ့သို့ စည်းမျဉ်းတင်းကျပ်မှုများ ပြုလုပ်ထားသော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှာ ဆက်တိုက်ကျဆင်းနေပြီး ဖေဖော်ဝါရီ(၁၅)ရက်မှ (၂၁)ရက် အတွင်း ပြုလုပ်ခဲ့သည့် စစ်ဆေးမှု၌ Positive အဖြေထွက်သူ (၂)ဦးသာရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလအတွင်း စုစုပေါင်း(၆)ဦးသာရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent