ဒီရာသီမှာ ဥရောပပြိုင်ပွဲ(၃)ခုစလုံးရဲ့ ဗိုလ်လုပွဲကို အင်္ဂလန်ကလပ်တွေ တက်ရောက်နိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အက်စတွန်ဗီလာ၊ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်တို့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ကြတာပါ။
ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ၂၀၂၁-၂၂ ရာသီမှာမှ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲ ကျင်းပချိန်ကစတွက်ရင် ဥရောပပြိုင်ပွဲ(၃)ခုစလုံးရဲ့ ဗိုလ်လုပွဲကို အင်္ဂလန်ကလပ်တွေ တက်ရောက်နိုင်တာ ဒီရာသီက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
၂၀၂၂-၂၃ ရာသီမှာတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မန်စီးတီး၊ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို ဝက်စ်ဟမ်းတို့ တက်ရောက်ခဲ့ပေမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုတော့ အင်္ဂလန်ကလပ်ထဲက တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။
၂၀၂၄-၂၅ ရာသီမှာတုန်းကလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲကို စပါး၊ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို ချယ်လ်ဆီးတို့ တက်ရောက်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ အင်္ဂလန်ကလပ်ထဲက တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။
ဒီရာသီမှာတော့ ဗိုလ်လုပွဲ(၃)ခုစလုံးကို အင်္ဂလန်ကလပ်တွေ စုံလင်စွာ တက်ရောက်နိုင်ခဲ့တာပါ။
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်က ပြင်သစ်ကလပ် PSG၊ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာက ဂျာမန်ကလပ် ဖရိုင်းဘတ်၊ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်က စပိန်ကလပ် ဗယ်လက်ကာနိုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အစောဆုံးကျင်းပမယ့် ဗိုလ်လုပွဲက မေ(၂၀)မှာ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲဖြစ်ပြီး ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲက မေ(၂၇)၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲက မေ(၃၀)မှာ ယှဉ်ပြိုင်ရမှာပါ။















