အိမ်လေးတစ်လုံးနဲ့ အနုပညာသမား

အိမ်လေးတစ်လုံးနဲ့ အနုပညာသမား
Published 4 February 2021
နေချိုသွေး

အရုဏ်ဦးရဲ့ နေရောင်ခြည် ဖြန်းပက်စ နံနက်ခင်းမှာ နှင်းမြူတွေလွှမ်းခြုံနေတဲ့ လမ်းလေးအတိုင်း လူတစ်ယောက် အိမ်လေးတစ်လုံးဆီ ခရီးနှင်နေတယ်။ ကြယ်မြင်လမြင် ကာလတွေနဲ့ ကြုံတွေ့နေတဲ့ အိမ်လေးက အုတ်ကြွပ်ပြားနဲ့ မိုးထားပြီး သစ်သားခွဲသားပြားတွေနဲ့  ကာရံထားသလို သစ်သားပျဉ်ပြားခင်းလို့ တည်ဆောက်ထားတဲ့ မြေစိုက်အိမ်လေးတစ်လုံးပါပဲ။ လေကြီးမိုးကြီးကျတဲ့ရာသီမှာ ကျူးကျော်ကျလာတဲ့ မိုးစက်မိုးပေါက်တွေနဲ့ အိမ်လေးကစိုထိုင်းလို့ နေခဲ့ပုံရတယ်။

နှစ်‌ပေါင်းများစွာ ဥတုသုံးပါးစလုံး ကြံ့ကြံ့ခံခဲ့တဲ့အိမ်လေးထဲမှာ စာပေအနုပညာကို အလုပ်တစ်ခုလို ၀ါသနာပါခဲ့တဲ့ လူတစ်ယောက်ရဲ့ တစ်ပေပတ်လည် ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရတယ်။ ဆေးသားပြယ်လွင့်နေတဲ့ အရောင်မှိန်မှိန်ပန်းချီကားနဲ့အတူ အိုဟောင်းနေတဲ့စာအုပ်စင်လေးနဲ့ ဖုန်တက်နေတဲ့ စာအုပ်‌ပေါင်းမြောက်မြားစွာက အိမ်တံစက်မြိတ်အောက်က ဝင်ရောက်လာတဲ့ လူတစ်ယောက်ကို ဆီးကြိုနေတယ်။

အိမ်လေးရဲ့ ဧည့်ခန်းနဲ့တွဲလျက် ဘုရားစင်ပေါ်မှာညှိုးရော်ခြောက်သွေ့နေတဲ့ သစ္စာပန်း‌တွေက ပန်းအိုးသေးသေးလေးထဲကနေ ငိုက်စိုက်ကျလို့။ ဘုရားစင်အောက် ထောင့်တစ်နေရာမှာ ရေမရှိတော့တဲ့ သောက်ရေအိုးတစ်လုံး ခြောက်သွေ့အက်ကွဲမှုတွေ တမြည့်မြည့် လှိုက်စားနေတာကို မြင်တွေ့လိုက်ရတယ်။

ပြတင်းပေါက်ကိုဖွင့်လိုက်တဲ့အခါ သစ်ပင်အိုသစ်ပင်ကြားက ဖြာကျလာတဲ့နေရောင်ခြည်ရဲ့ အနွေးဓာတ်ကိုရတယ်။ အခန်းထဲက ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်နေတဲ့ အသက်ရှူသံတွေကို ကြားမိလိုက်သလိုပဲ။ တကယ်ဝောာ့ ဒါဟာပြတင်းပေါက်ကနေ တစ်ဆင့်ရုတ်တရက် တိုးဝင်လာတဲ့ လေပြည်လေညင်းရဲ့ တီးတိုးနှုတ်ဆက်သံပဲဖြစ်မှာပါပဲ။

အခန်းထောင့်မှာ လဲလျောင်းနေတဲ့ တံမြက်စည်းကိုကောက်ယူပြီး လှည်းကျင်းလိုက်တဲ့အခါ လွင့်ပါးသွားတဲ့ ဖုန်တွေကိုငေးရင်း လာရာလမ်းရဲ့ နံနက်ခင်းအချိန်မှာကျဆင်းနေတဲ့ မြူနှင်းတွေကို သတိရနေမိပါ‌တော့တယ်။

ပင့်ကူမျှင်တွေကို ရှင်းလင်းရင်းနဲ့ အတွေးတွေက အတိတ်က အရိပ်ထဲဆီကို ရောက်ရှိသွားတယ်လို့ ထင်ရတယ်။ လူမနေတာကြာခဲ့ပြီဖြစ်တဲ့ အိမ်လေးရဲ့ အမိုး‌‌ဟောင်း အုတ်ကြွပ်ပြားတွေရဲ့ တချို့နေရာတွေကနေ တစ်ဆင့် နေပြောက်ထိုးကျလာတာကို မြင်ရတယ်။ မိုးရာသီတုန်းက ရေထိထားလို့ အစိုဓာတ်ရှိနေတဲ့ ကြမ်းခင်းတွေမှာ ခြစားထားတဲ့ နေရာတွေကိုတွေ့လိုက်ရတယ်။  အောက်ခြေသစ်သားတိုင် တွေကနေတစ်ဆင့် ရောက်ရှိလာတဲ့ ခြတွေက အိမ်လေးကိုကာရံထားတဲ့ ပျဉ်ပြားတချို့မှာ အိမ်ဖွဲ့နေထိုင်ရင်းနဲ့ နေရာ တော်တော်များများကို ကိုက်ဖြတ်စားသောက်ပစ်လိုက်ကြတယ်။

ခြစားထားတဲ့အတွက် ဆွေးမြည့်ပျက်စီးနေတဲ့ ကြမ်းခင်းတချို့နဲ့ အကာအရံတွေကို မြင်တွေ့လိုက်ရတာ စိတ်မချမ်းမြေ့ဖွယ်ပါပဲ။

အိမ်လေးရဲ့ နေရာအနှံ့အပြားမှာ ဘယ်လောက်အထိ ခြစားထားပြီလဲဆိုတာ စေ့စေ့စပ်စပ် သေသေချာချာကြည့်ရင်း ရှင်းလင်းရတော့မယ့် အခြေအနေတွေပါပဲ။ အိမ်‌လေးမှာ ခြစားနေတဲ့ နေရာတွေကို ပြုပြင်ပြီးအစားထိုး အသစ်လဲစရာရှိရင် အချိန်မဆိုင်းဘဲနဲ့ ပြုပြင်လဲလှယ်လို့ နောက်ထပ်ခြမစားနိုင်ဖို့ ရေနံချေးသုတ် အလှဆင်ရတော့မယ်။ ရေနံချေးက ပိုးကောင်မွှားကောင်တွေနဲ့ ခြတွေကို အတော်လေးနိုင်တယ်လို့ ဆိုရမယ်။ ရေနံချေးသုတ်ထားတဲ့ ပျဉ်ထောင်အိမ်တွေဆိုရင် ခြမစားနိုင်တဲ့အတွက် လူမနေလည်း ပျက်စီးယိုယွင်းခြင်းမရှိဘဲနဲ့ နှစ်ကာလကြာတဲ့တိုင်အောင် အကောင်းပကတိတည်ရှိနေတတ် တယ်။ ရေနံချေးဝနေတဲ့ အိမ်တွေက ညို့ညို့မှိုင်းမှိုင်းနဲ့ ခန့်ခန့်ထည်ထည်ရှိနေတယ်လို့ မြင်မိတယ်။ ပိုက်ဆံတန်ဖိုး စျေးမကြီးဘဲနဲ့ အလွယ်တကူဝယ်ယူလို့ရတဲ့ ရေနံချေးက အတော်လေးအသုံးဝင်တယ်လို့ ဆိုရမယ်။

ခြတွေစတင်စားရာ မြေစိုက်အိမ်တိုင်ခြေ တွေကို ရေနံချေးသုတ်ရအုံးမယ်။ ခြကောင်တွေရဲ့ သဘောသဘာဝကသူတို့ကိုက်ဖြတ်စားထားတဲ့ နေရာလမ်းတ‌စ်လျှောက် အသိုက်ပြုမျိုးပွားကြရင်းသူတို့ မှီတင်း‌နေထိုင်ရာ စားကျက်ခင်းနေရာအဖြစ် ဖန်တီးသွားကြတာပါပဲ။ တဖြည်းဖြည်းလှိုက်စားနေတဲ့ ခြတွေ  မျိုးပွားများပြားလာတာနဲ့အမျှ ခြတွေစားကျက်ကျရာ နေရာဖြစ်သွားတဲ့အခါ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံဖြစ်ပါစေ ခဏလေးနဲ့ ပြိုကျပျက်စီးတော့တာပါပဲ။

ကိုယ်ကိုယ်တိုင်လည်း ခြလိုလူမဖြစ်‌စေဖို့ သတိထားနေထိုင်ရှင်သန်ရမယ်။ ခြမစားအောင်လို့ သေချာဂရုစိုက်ရတော့မယ်။  ခြ‌ကောင်တွေကို မုန်းတီးမိတဲ့ ခိုင်လုံတဲ့အကြောင်းရင်းကလည်း ရှိနေတယ်။ တစ်နယ်တစ်ကျေး ကို မကြာခဏပြောင်းရွှေ ့နေထိုင်ရတဲ့ အခြေအနေတွေမှာ အမြတ်တနိုးတန်ဖိုးထားရတဲ့ စာအုပ်တွေကို ထင်းရှူးသေတ္တာထဲထည့် သိမ်းထားရတယ်။ မှတ်မှတ်ရရ အိမ်ပြောင်းဖို့ အကြောင်းဖန်လာတော့ တစ်ကိုယ်ရေတစ်ကာယ အသုံးအဆောင်ပစ္စည်းလေးတွေကို ထုပ်သိမ်းနေမိတယ်။ မမေ့မလျော့ သယ်ယူလေ့ရှိတဲ့ ထင်းရှူးသေတ္တာကိုဖွင့်ကြည့်တော့ ခြကောင်တွေကို စာအုပ်‌တွေကြားမှာတွေ့လိုက်ရတယ်။ မသင်္ကာစိတ်နဲ့ စာအုပ်တွေကို ကြမ်းပြင်ပေါ်စီချရင်း ကြည့်မိတော့ ထင်းရှူးသေတ္တာအောက် တစ်နေရာကနေ ခြတွေစားထားလိုက်ကြတာ အောက်ဆုံးက စာအုပ်လေးငါးအုပ်လောက်က ခြတွေစားထားတဲ့ အတွက် ရစရာကိုမရှိတော့ပါဘူး။

အချိန်ရတဲ့အခါ ဖတ်မှတ်လေ့လာရင်း အမြတ်တနိုး တန်ဖိုးထားရတဲ့ စာအုပ်တွေကို ဝယ်ယူစုဆောင်းထားတတ်တဲ့ အကျင့်နဲ့ ရေကြည်ရာ နေရာဒေသတွေကိုပြောင်းရွှေ့နေထိုင်ရတဲ့ လူတစ်ယောက်အနေနဲ့ ထင်ရှူးသေတ္တာထဲ စာအုပ်တွေကိုအစီအရီထပ်သိမ်းထားမိတယ်။ စာအုပ်တွေကိုထည့်သိမ်းစရာကလည်း သယ်ယူရတာလွယ်ကူတဲ့ ထင်ရှူးသေတ္တာပဲရှိနေတာဆိုတော့။  ဒေါသတရားကို တာလွှတ်လို့ စိတ်ရှိလက်ရှိနဲ့ ခြတွေကို ချေမှုန်းရေး စတင်ပါတော့တယ်။ ‌နောက်တစ်ခါ မြတ်နိုးတန်ဖိုးထားရတဲ့ အရာတွေကို ခြတွေကိုက်ဖြတ်မစားနိုင်အောင်လို့ သေသေချာချာဂရုစိုက်ရတော့မယ်။ ခြဆိုတဲ့ အကောင်တွေကလည်း အလစ်အငိုက်ကိုချောင်းပြီး အုပ်စုလိုက်နဲ့ အမိအရကိုက်ဖြတ်စားဖို့ အခွင့်အရေးစောင့်နေကြတော့တာပါပဲ။ ခြတွေကို ချေမှုန်းရင်း နောက်တစ်ခါ ခြမစားနိုင်အောင် ခြစားတဲ့ဘေးအန္တရာယ်ဆိုးကနေ ကြိုတင်ကာကွယ်ရေးကို ပြုလုပ်ဖို့ လိုအပ်တယ်ဆိုတာ သိလိုက်ရတယ်။

ဘယ်နေရာဘယ်ဒေသရောက်ရောက် ခြကောင်တွေကိုရွံရှာစက်ဆုပ်မုန်းတီးမိတဲ့စိတ်ကတော့ မပျောက်တော့ပါဘူး။  ပြောင်း‌ရွှေ ့အ‌ခြေချဖြစ်တဲ့ နေရာကတော့ရှမ်းပြည်နယ် (မြောက်ပိုင်း) တောင်ပေါ်ဒေသရဲ့ မြို့လေးတစ်မြို့။ အေးချမ်းတဲ့ မြို့လေးကပင်လယ်ရေမျက်နှာပြင်အထက် ၂၈၀၆ ပေ အမြင့်မှာတည်ရှိနေတဲ့ တောင်ပေါ်မြို့လေးပါ။ မြို့လေးရဲ့အစွန်မှာ တစ်နေရာနဲ့ တစ်နေရာ ခေါ်မကြား အော်မကြားလောက်တဲ့အထိ ကျယ်ဝန်းတဲ့ ခြံဝင်းတွေနဲ့ အိမ်လေးတွေကို မြင်တွေ့နေရတယ်။ စိတ်ရဲ့ ကျယ်ပြောပြန့်ကားနေမှုနဲ့ လွတ်လပ်အေးချမ်းမှုတွေကို ဒီဒေသ ဒီနေရာပတ်ဝန်းကျင်မှာ ရရှိတော့မယ်ဆိုတာ သေချာတယ်။ အဝေးကနေ နားခိုအိပ်စက်ရမယ့် အိမ်လေးကိုလှမ်းမြင်နေရတယ်။ အုတ်ကြွပ်မိုး၊ ပျဉ်ကာနဲ့ ရေနံချေးရောင်မှိန်မှိန် အိမ်လေးထဲဝင်ရောက်လာခဲ့ပါတော့တယ်။

အိမ်လေးမှာသုတ်ထားတဲ့ ရေနံချေးတွေက အချိန်ကြာနေပြီဖြစ်တဲ့အတွက် ရာသီဥတုဒဏ်ခံနိုင်အောင်နဲ့ အိမ်လေးကို ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ ပိုးမွှားအန္တရာယ်တွေနဲ့ ခြတွေကိုက်ဖြတ်စားကြမယ့် ဘေးဆိုးကနေ ကာကွယ်ဖို့ ရေနံချေးထူထူကို ထပ်ပြီးသုတ်ရဦးမယ်။ အိမ်ခြံဝင်းတစ်ဝန်းလုံးကို သန့်ရှင်းရေးပြုလုပ်ပြီး အမှိုက်သရိုက်တွေကို မီးရှို့ပစ်ရမယ်။ အိမ်လေးထဲအဝင်မှာ အရင်ဆုံး ဘုရားစင်မှာသစ္စာပန်းတွေကို ကပ်လှူပူဇော်မိတယ်။ သစ္စာပန်းတွေက အိမ်ခြံဝင်းထဲမှာ အရင်အိမ်ပိုင်ရှင်စိုက်ပျိုးထားခဲ့တာ‌ နေမှာပါပဲ။ သစ္စာပန်းတွေက ရေတွင်းဘေး စိုက်ခင်းမြေဘောင်မှာ ငွါးငွါးစွင့်စွင့် ဖူးပွင့်လို့နေတယ်။

သီးပင်စားပင်တွေကိုစိုက်ပျိုးလို့ ဘဝကိုရိုးရှင်းစွာနဲ့ ဖြတ်သန်းနိုင်ဖို့ ကြိုးစားရဦးမယ်။ အသွေးအသားထဲမှာ ငုပ်လျှိုးနေတဲ့ ၀ါသနာကို ပျိုးထောင်ရဦးမယ်။ လေးစားတန်ဖိုးထားရတဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေရဲ့ စာအုပ်တွေကိုဖတ်ရှုခံစားဖတ်မှတ်လေ့လာရင်း အသွေးအသားထဲမှာ ငုပ်လျှိုးနေတဲ့ စာပေအနုပညာတွေကို ရေးသားဖန်တီးနိုင်အောင် အားထုတ်ရတော့မယ်။ တောင်ပေါ်မြို့လေးမှာ အခြေတကျနဲ့ နေထိုင်ရှင်သန်ရင်း ကဗျာတွေစာတွေ ရေးတော့မယ်လို့ သံန္နိဋ္ဌာန် ချလိုက်တော့တယ်။

သတင်းစာဆရာ၊ စာရေးဆရာကြီး တက်တိုးပြောခဲ့တဲ့ “အရာရှိတစ်ယောက်သေရင် သူ့သမိုင်းဟာ ရုံးဖိုင်တွဲတွေမှာ ကျန်ခဲ့တယ်။ စာရေးဆရာတစ်ယောက် သေရင် သူ့သမိုင်းဟာတိုင်းပြည်မှာကျန်ရစ်တယ်”ဆိုတဲ့  အတွေးအမြင်က စာရေးဖို့ကို အပျင်းပြေ သဘောမျိုးနဲ့မဟုတ်ဘဲ အလုပ်တစ်ခုလို ဇောက်ချလုပ်ဖို့အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့တယ်။

တောင်ပေါ်မြို့က အိမ်လေးမှာရိုးမြေကျတဲ့အထိ နေထိုင်ဖို့  ရောက်တဲ့အခါ ထင်းရှူးသေတ္တာကို အနားပေးတဲ့အနေနဲ့ သယ်ယူလာတဲ့ စာအုပ်စာပေတွေအတွက် စာအုပ်စင်လိုအပ်‌နေတယ်။  အိမ်လေးရဲ့ ဝင်ဝင်ချင်း ဧည့်ခန်းထဲက ဘုရားစင်ရဲ့အောက်ဘက် အနိမ့်ပိုင်းတစ်နေရာမှာ စာအုပ်စင်လေးကို သစ်သားပြားတွေနဲ့ အသေအချာအကျအန ပြုလုပ်လိုက်တယ်။ မြေဝါမှုန့်နဲ့ တာပင်တိုင်ဆီရောပြီး ဆေးသုတ်ထားတဲ့ စာအုပ်စင်လေးက သစ်လွင်တောက်ပနေမှုနဲ့အတူ တစ်နေ့တခြား များပြားလာတဲ့ စာအုပ်မျိုးစုံ အစီအရီနဲ့ စာပေရတနာသိုက်ကြီးဖြစ်လို့နေပါတော့တယ်။

အိမ်လေးရဲ့ ဧည့်ခန်းထဲက စာအုပ်စင်ဘေးမှာ ကိုယ်တိုင်ရေးပုံတူ ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားလိုက်တယ်။ တစ်ပေပတ်လည်ရှိတဲ့ ပန်းချီကားကြီးက နှစ်တွေဘယ်လို ပြောင်းပြောင်း နှစ်လိုဖွယ် အပြုံးတွေက အိုဟောင်းသွားတယ်လို့ မထင်ရပါဘူး။  နှစ်ကာလတွေ ဘယ်လိုပြောင်းပြောင်းအိမ်လေးတစ်လုံးနဲ့ လူတစ်ယောက်ကတော့ မပြောင်းလဲဘဲ ရှိနေပါတော့တယ်။

အိမ်ခြံဝင်းရဲ့ အနီးအနားမှာ ရေချောင်းလေး တစ်ချောင်းက မြောက်အရပ်ကနေ တောင်ဘက်အရပ်ကို ဖြတ်သန်းစီးဆင်းနေတာကိုမြင်တွေ့ရတယ်။ မိုးကာလရောက်တဲ့အခါ ရေစီးသန်တဲ့ချောင်းဘက် မရောက်ဖြစ် တော့ဘူးဆိုပေမဲ့ ရေချောင်းလေးကတော့ သဘာဝအတိုင်းအတားအဆီးမရှိ ဖြတ်သန်းစီးဆင်းနေမှာပါပဲ။ ချောင်းလေးထဲကရေမှာ  နွေကာလနဲ့ ဆောင်းကာလတွေဆို အေးမြကြည်လင်မှုနဲ့ တသွင်သွင်စီးဆင်းနေပြီး ကျောက်ဆောင်ကျောက်တုံးတွေကြားမှာ ကူးခတ်နေတဲ့ ငါးလေးတွေကိုအတိုင်းသား  မြင်တွေ့နေရတယ်။ ဘယ်အရာမဆို လူတွေရဲ့ လိုဘစိတ်တွေနဲ့ ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ဒဏ်က ကင်းလွတ်နေတဲ့ သဘာဝတရားရဲ့ လက်ဆောင်တွေမှာနှစ်လိုဖွယ်ရာအတိရှိလို့နေတယ်။

အိမ်ခြံဝင်းလေးရဲ့ အဝင်လမ်းဘေးဝဲ ယာတစ်လျှောက်မှာ အရိပ်ရစေမယ့် သစ်ပင်တွေ စိုက်ပျိုးခဲ့တယ်။ လမ်းရဲ့ယာဘက်တစ်လျှောက်မှာ ထင်ရှူးပင်ပေါက်လေးတွေကို စိုက်ပျိုးထားလိုက်တယ်။ အရိပ်လည်းရ လှလည်းလှပတဲ့ ချယ်ရီပင်တွေကိုတော့ အိမ်ခြံဝင်းအဝင်လမ်းရဲ့ ဘယ်ဘက်လမ်းဘေး တစ်လျှောက်မှာ စိုက်ပျိုးထားခဲ့ပါတယ်။

အိမ်ခြံဝင်းလေးထဲကနေ လှမ်းမျှော်ကြည့်ရင် အဝေးတောင်ရိုးပေါ်မှာ ဖြူဖြူ‌ဖွေးဖွေးနဲ့ စေတီတစ်ဆူကိုဖူးမြင်ရတယ်။ အလိုလောဘနဲ့ အတ္တကြီးတဲ့လူတချို့ရဲ့ လိုဘစိတ်တွေနဲ့ ဝေးရာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးရိပ်ငြိမ် ဒေသလေးမှာ နွေ၊ မိုး၊‌ ဆောင်း အကြိမ်ကြိမ်အခါခါ ၀ါသနာပါတဲ့ ကဗျာတွေ စာတွေရေးပြီးဘဝကို ရိုးရှင်းစွာနဲ့ ဖြတ်သန်းရင်း မီးစာကုန်ဆီခန်းတဲ့ အချိန်‌ရောက်တဲ့ အထိ နေထိုင်ရှင်သန်ခဲ့ပါတယ်။

Most Read

Most Recent