၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၂၇ ဘီလျံခန့် ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး လက်ရှိအစိုးရ သက်တမ်း လေးနှစ်ကိုးလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၀၃၄၈ ဘီလျံကျော်ရှိ

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၂၇ ဘီလျံခန့် ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး လက်ရှိအစိုးရ သက်တမ်း လေးနှစ်ကိုးလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၀၃၄၈ ဘီလျံကျော်ရှိ
Published 12 January 2021
စည်သူအောင်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၂၇ ဘီလျံခန့် ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး လက်ရှိ အစိုးရသက်တမ်း လေးနှစ်ကိုးလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၀၃၄၈ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၆၀၅ ခုကို လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံခွင့် ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၁၀၃၄၈၃၆၈ ဒသမ ၄၁၈ သန်း (ကျပ် ၁၀၃၄၈ ဘီလျံကျော်) ရှိခြင်း ဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၃၀၅၆ ဒသမ ၃၄၉ ဘီလျံ (လုပ်ငန်း ၃၉ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၁၆၉၈ ဒသမ ၂၀၃ ဘီလျံ (လုပ်ငန်း ၂၂၂ ခု)၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁ ဒသမ ၆၄၅ ဘီလျံ (လုပ်ငန်း ၁၅ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ကျပ် ၁၀၂၃ ဒသမ ၆၀၁ ဘီလျံ (လုပ်ငန်း ၁၁၃ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၃၆ ဒသမ ၆၆၈ ဘီလျံ (လုပ်ငန်း ၁၆ ခု) တို့ ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၃၂၄ ဒသမ ၅၂၃ ဘီလျံ (လုပ်ငန်းသုံးခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၄၇ ဒသမ ၈၅၂ ဘီလျံ (လုပ်ငန်း ၂၉ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၂၈ ဒသမ ၁၃၀ ဘီလျံ (လုပ်ငန်းအရေအတွက် မဖော်ပြထား)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၇၅ ဒသမ ၃၅၁ ဘီလျံ (လုပ်ငန်းကိုးခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၂ ဒသမ ၂၂၆ ဘီလျံ (လုပ် ငန်း ၁၅ ခု)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၃ ဒသမ ၇၂၃ ဘီလျံ (လုပ်ငန်း နှစ်ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၁၈၆၀ ဒသမ ၀၉၂ ဘီလျံ (လုပ်ငန်း ၁၄၂ ခု) ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်) အထိ  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရ တက်ရောက်ပြီး သက်တမ်း လေးနှစ်ကိုးလအတွင်း (လပေါင်း ၅၇ လအတွင်း) ကျပ် ၁၀၃၄၈ ဘီလျံဝန်းကျင် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် အဓိကများပြားလာခဲ့ရာ ယခင်ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကို  ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် စတင် ကျော်ဖြတ်၍ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာအထိ ရင်းနှီးမြှုပ်နှံထားသော ကျပ် ၁၀၂၂၀ ဘီလျံကျော်၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံထားသည့် ရာခိုင်နှုန်းမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ၂၉ ဒသမ ၅၃ ရာခိုင်နှုန်း၊ အခြားကဏ္ဍတွွင် ၁၇ ဒသမ ၉၇ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၆ ဒသမ ၄၁ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ၁၁ ဒသမ ၀၃ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ၁၀ ဒသမ ၈၆ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၄ ဒသမ ၂၂ ရာခိုင်နှုန်း၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ၃ ဒသမ ၁၄ ရာခိုင်နှုန်း၊ မွေမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၃ ဒသမ ၃၆ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၂ ဒသမ ၂၀ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် သုည ဒသမ ၇၃ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သုည ဒသမ ၄၁ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် သုည ဒသမ ၁၃ ရာခိုင်နှုန်းတို့ ဖြစ်သည်။

နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ  ခွင့်ပြုမိန့်ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။

ပြည့်စုံသော အဆိုပြုလွှာများကို အဆိုပြုလွှာစိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေး အဖွဲ့အစည်းအဝေးက အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ တင်သွင်းသူထံ အကြောင်းပြန်ခြင်း၊ လက်ခံပြီးသည့် အဆိုပြုလွှာနှင့် ပတ်သက်၍ ကော်မရှင်ရုံးအဖွဲ့က  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ သဘောထား၊ သက်ဆိုင်ရာဝန်ကြီးဌာန သဘောထားများ တောင်းခံခြင်း၊ သဘောထားမှတ်ချက် ပြည့်စုံပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အစည်းအဝေးသို့ အဆိုပြုချက်ကို တင်ပြဆွေးနွေးခြင်း၊ MIC အစည်းအဝေးမှ ခွင့်ပြုကြောင်း ဆုံးဖြတ်ပါက ရင်းနှီးမြှုပ်နှံသူထံ ခွင့်ပြုမိန့်ထုတ်ပေးကြောင်း သိရသည်။

Most Read

Most Recent