သဖန်းဆိပ် ဆည်ရေသောက် ဧရိယာအတွင်း နှစ်စဉ် နွေသီးနှံဧက သုံးသိန်းကျော် စိုက်ပျိုးလျက် ရှိသော်လည်း ယခုနှစ်တွင် ဆည်ရေလျော့နည်း နေခြင်းကြောင့် ဧကခုနစ်သောင်းခန့်သာ စိုက်ပျိုးရေ ပေးဝေနိုင်မည်

သဖန်းဆိပ် ဆည်ရေသောက် ဧရိယာအတွင်း နှစ်စဉ် နွေသီးနှံဧက သုံးသိန်းကျော် စိုက်ပျိုးလျက် ရှိသော်လည်း ယခုနှစ်တွင် ဆည်ရေလျော့နည်း နေခြင်းကြောင့် ဧကခုနစ်သောင်းခန့်သာ စိုက်ပျိုးရေ ပေးဝေနိုင်မည်
မိုးခေါင်မှုကြောင့် ဆည်ရေလျော့ကျနေသည့် သဖန်းဆိပ်ဆည်ကို ယခင်နှစ်က တွေ့ရစဉ်
မိုးခေါင်မှုကြောင့် ဆည်ရေလျော့ကျနေသည့် သဖန်းဆိပ်ဆည်ကို ယခင်နှစ်က တွေ့ရစဉ်
Published 3 January 2021
ဌေးလှအောင်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်တွင် ပါဝင်သည့် သဖန်းဆိပ် ဆည်ရေသောက် ဧရိယာအတွင်း နှစ်စဉ် နွေသီးနှံ ဧကသုံးသိန်းကျော် စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဆည်ရေလျော့နည်း နေခြင်းကြောင့် ဧကခုနစ်သောင်းခန့်သာ စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

နွေသီးနှံ စိုက်ပျိုးရန်အတွက် သဖန်းဆိပ်ဆည်၌ ဆည်ရေလျော့နည်းနေခြင်းကြောင့် ဆည်ရေသောက် ဧရိယာအတွင်း ဧက ၇၀၀၀၀ ခန့်သာ စိုက်ပျိုးရေး ပေးဝေသွားမည်ဖြစ်ပြီး ရေလိုအပ်ချက်များသည့် နွေစပါးကို စိုက်ပျိုးနိုင်မည် မဟုတ်ဘဲ ရေလိုအပ်မှု နည်းပါးသည့် အခြားသီးနှံများကိုသာ စိုက်ပျိုးသွားရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆည်ရေလျော့နည်းနေခြင်းကြောင့် နွေစပါးစိုက်ပျိုးနိုင်ခြင်း မရှိသဖြင့် ဧက ၇၀၀၀၀ ခန့်တွင်  အခြား အစားထိုး သီးနှံများဖြစ်သည့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

“သဖန်းဆိပ် ဆည်ရေသောက်ဧရိယာမှာ ပုံမှန်အားဖြင့်ဆိုရင် မိုးစပါးလေးသိန်းကျော်နဲ့ နွေစပါး သုံးသိန်းကျော်ကို ဆည်ရေရှိရင် ပုံမှန်ရေပေးနိုင်ပါတယ်။ အခုရာသီဥတု ပြောင်းလဲဖောက်ပြန်လာပြီး မိုးခေါင်လာတဲ့အတွက် ပြီးခဲ့တဲ့နှစ်ကဆိုရင် မိုးစပါးနဲ့မိုးသီးနှံကိုပဲ ရေပေးနိုင်ခဲ့ပြီး ဆောင်းသီးနှံနဲ့ နွေသီးနှံကို ဆည်ရေမပေးနိုင်ခဲ့ဘူး။ ဒီနှစ်မှာတော့ မိုးစပါး လေးသိန်းကျော်ကို ဆည်ရေပေးနိုင်ခဲ့ပါတယ်။ နွေသီးနှံမှာတော့ ဧကပေါင်း ခုနစ်သောင်းကို ဆည်ရေပေးသွားမှာပါ။ ဧကတော့ လျော့သွားတယ်။ ဒါပေမဲ့ မနှစ်ကထက် ယှဉ်ရင်တော့ နွေသီးနှံဧကပေါင်း ခုနစ်သောင်းကို အောင်ရေရတဲ့အထိ ဆည်ရေပေးသွားနိုင်မှာပါ။ နွေသီးနှံ ဧကပေါင်း ခုနစ်သောင်းကို ဆည်ရေပေးမယ်။ အဲဒီလို ပေးတဲ့အခါမှာ ရေလိုအပ်ချက်များတဲ့ နွေစပါးကိုတော့ စိုက်ပျိုးနိုင်မှာ မဟုတ်တော့ဘဲ တီစိမ်းနဲ့ နှမ်းစိုက်ပျိုးဖို့အတွက် တောင်သူတွေကို အသိပညာ ပေးထားပါတယ်}} ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောကြားသည်။

ထိုသို့ သဖန်းဆိပ် ဆည်ရေသောက် ဧရိယာအတွင်း နွေသီးနှံအတွက် ဧကပေါင်း ခုနစ်သောင်းကို ဆည်ရေ ပေးဝေမည်ဖြစ်ရာ ကျန်ရှိနေသည့် ဧကပေါင်း နှစ်သိန်းကျော်ကို မိုးစပါး ရိတ်သိမ်းပြီးပါက အဆိုပါ လယ်ယာမြေများအတွင်း အခြားသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် ဒေသခံတောင်သူများထံ အသိပညာ ပေးထားပြီး လိုအပ်သည့် နည်းပညာများလည်း ပေးထားကြောင်း ဦးဝင်းလှိုင်ဦးက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက မိုးခေါင်မှုကြောင့် သဖန်းဆည်အတွင်း ဆည်ရေနည်းပါးသွားသဖြင့် ၂၀၂၀ ပြည့်နှစ် နွေစပါးစိုက်ပျိုးရန် ဆည်ရေပေးဝေနိုင်မှု မရှိခဲ့ဟု သိရသည်။

သဖန်းဆိပ်ဆည်မှ နှစ်စဉ် မိုးစပါးစိုက်ဧက ငါးသိန်းဝန်းကျင်နှင့် နွေစပါးစိုက်ဧက သုံးသိန်းကျော်ကို ဆည်တည်ဆောက် ဖွင့်လှစ်ခဲ့သည့် ၂၀၀၁ ခုနှစ်မှစတင်၍ ပုံမှန်စိုက်ပျိုးရေ ဖြန့်ဝေပေးနေခြင်းဖြစ်ကာ ၂၀၂၀ ပြည့်နှစ်၌ ဆည်တည်ဆောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နွေစပါးအတွက် ဆည်ရေဖြန့်ဝေမှု ရပ်ဆိုင်းခဲ့ရသည့်နှစ် ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင်လည်း နွေစပါး စိုက်ပျိုးနိုင်မည် မဟုတ်ဘဲ ဧကခုနစ်သောင်းခန့်သာ ရေလိုအပ်မှု နည်းပါးသည့် အခြားသီးနှံများကို ဆည်ရေဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၁၉၉၆ ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် သဖန်းဆိပ်ဆည်မှာ ၂၀၁၉ ခုနှစ်တွင် အဆိုပါ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဆိုးရွားသည့် မိုးခေါင်မှုကြောင့် ဆည်အတွင်း ရေဝင်ရောက်မှုနည်းပါးကာ ဆည်တည်ဆောက်ပြီး နောက်နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆည်အတွင်း ဆည်ရေနည်းပါးသည့် ရက်အကြာဆုံးနှင့် ဒုတိယမြောက် ဆည်ရေပြည့်မှတ်အောက်သို့ ကျဆင်းသွားခဲ့သည့် နှစ်တစ်နှစ် ဖြစ်ခဲ့ရသည်။

ပထမအကြိမ် ဆည်ရေနည်းမှုမှာ ၂၀၀၄ ခုနှစ်ကဖြစ်ပြီး ဆည်ရေပြည့်မှတ်အောက် ၄၉၈ ပေအထိ ကျဆင်းခဲ့ပြီး များမကြာမီ မိုးပြန်လည် ရွာသွန်းလာသဖြင့် ရက်ပိုင်းအတွင်း ဆည်ရေပြည့်မှတ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

၂၀၁၉ ခုနှစ်က ဒုတိယအကြိမ် ဆည်ရေနည်းမှုမှာ ဆည်ရေမှတ် ၅၀၃ ပေအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ယခု ဇန်နဝါ ရီ ၂ ရက်တွင် သဖန်းဆိပ် ဆည်ရေမှတ်မှာ ၅၂၀ ကျော်ဖြစ်ကြောင်း ယင်းဆည်၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကို တပ်မတော်အစိုးရလက်ထက် ၁၉၉၆-၁၉၉၇ ခုနှစ်တွင် စီမံကိန်းစတင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်နိုင်ခဲ့သည်။ မူးမြစ်ပေါ်တွင်ပိတ်၍ ဆည်တည်ဆောက် ထားခြင်းဖြစ်ပြီး ရေဆင်းဧရိယာ ၃၄၆၀ စတုရန်းမိုင်၊ နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၃၇ ဒသမ ၉၁ လက်မ၊ နှစ်စဉ် ပျမ်းမျှစီးဝင်ရေ ၃၅၃၄၀၀၀ ဧကပေ၊ တမံအမြင့် ၁၀၈ ပေ၊ တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ၂၇၉၄၂၄၀ ဧကပေ၊ ကန်ရေသေ ရေလှောင်ပမာဏ ၁၄၁၃၆၀ ဧကပေ၊ ကန်ရေပြည့် ရေပြင်ကျယ်ဧရိယာ ၁၀၆၂၀၀ ဧက၊ ကန်ရေပြည့်မှတ် ၅၄၅ ဒသမ ၀၀ ပေ ဖြစ်သည်။ သဖန်းဆိပ် ရေလှောင်တမံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၃၀ မဂ္ဂါဝပ် ထွက်ရှိကြောင်း သိရသည်။

သဖန်းဆိပ် ရေလှောင်တမံမှ အောက်ဘက် ကိုးမိုင်အကွာရှိ ကင်းတပ်ရေထိန်းတမံ၏ လက်ယာ တူးမြောင်းမကြီးနှင့် လက်ဝဲတူးမြောင်းမကြီးတို့မှ စိုက်ပျိုးရေဧက ၁၇၀၀၂၀ ဧက၊ ကင်းတပ်ရေထိန်းတမံမှ အောက်ဘက် ၂၄ မိုင်အကွာရှိ ကာဘိုးရေလွှဲဆည်မှ ရွှေဘိုမြောင်းမတော်၊ ရေဦးမြောင်းမတော်တို့မှ စိုက်ပျိုးရေဧက ၃၂၁၆၆၇ ဧက စုစုပေါင်း စိုက်ပျိုးရေ ဧက ၄၉၁၆၆၇ ဧကအား စိုက်ပျိုးရေ ဖြန့်ဝေပေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

သဖန်းဆိပ်ဆည်မှ ကန့်ဘလူ၊ ဇီးကုန်း၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာတော်၊ စစ်ကိုင်း အစရှိသည့် မြို့နယ်များသို့ စိုက်ပျိုးရေ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent