ပန်းတိုင်ရည်မှန်းချက်သီးနှံ ၁၀ မျိုးတွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီခြင်းကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၈ ဘီလျံခန့် ထိခိုက်နစ်နာဆုံးရှုံးလျက်ရှိပြီး စိုက်ဧကအတိုင်း သီးထပ်စွမ်းအားပြည့်မီအောင်စိုက်ပျိုးနိုင်မည်ဆိုပါက နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံခန့် ပိုမိုအကျိုးအမြတ်ရရှိနိုင်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ယနေ့(မေ ၁၅ ရက်)မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ် သက်၍ ဆွေးနွေးရာတွင် ၎င်းအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်း ဆောင်ပြီးနောက်ပိုင်း ပြည်သူလူထုနှင့်ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့သည် အထက်မြန်မာနိုင်ငံ၏ စီးပွားရေးမြို့၊ စက်မှုမြို့ဖြစ်သကဲ့သို့ ရှေးဟောင်းအမွေအနှစ်များဖြင့် ပြည့်ဝနေသည့်မြို့တစ်ခုဖြစ်ကြောင်း၊ ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း မိမိတို့နိုင်ငံ၏နှစ်သစ်ကူးပွဲတော်ဖြစ်သည့် အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ပီပီပြင်ပြင်ဖြင့်ဖော်ပြနိုင်ခဲ့ပြီး
နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့သဖြင့် မန္တလေးမြို့ရှိပြည်သူများအားလုံးကို ဂုဏ်ပြုကျေးဇူးတင်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားလုံး၌ အောင်မြင်ဖြစ်ထွန်းမှုရှိသော ထူးခြားသည့်တိုင်းဒေသကြီး တစ်ခုဖြစ်ကြောင်း၊ အရေးကြီးသီးနှံ(၁၄)မျိုး စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် အားရကျေနပ်ဖွယ် အနေအထားတွင်ရှိပြီး ပန်းတိုင်ရရှိမှုမြင့်မားစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ တိုင်းဒေသကြီး၏ GDP အနေဖြင့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၉ ဘီလျံခန့်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၁၀ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း ၊လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများအရကမ္ဘာ့ နိုင်ငံတိုင်းတွင် လောင်စာဆီအခက်အခဲများကြုံတွေ့နေရမှုနှင့်အတူ မိမိတို့နိုင်ငံသည်လည်း ခံစားရလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး Public Transportation ကို ကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရထားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းတိုင်ရည်မှန်းချက် မပြည့်မီခြင်းကြောင့် ပန်းတိုင်ရည်မှန်းချက်သီးနှံ ၁၀ မျိုးတွင် နှစ်စဉ် မြန်မာကျပ်ငွေ ၃၇၆၅ ဘီလျံခန့် လျော့နည်းနစ်နာဆုံးရှုံးရလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၈ ဘီလျံခန့် ထိခိုက်နစ်နာဆုံးရှုံးရလျက်ရှိကြောင်း၊ လက်ရှိစိုက်ပျိုးနေသည့် စိုက်ဧကအတိုင်း သီးထပ်စွမ်းအားပြည့်မီအောင်စိုက်ပျိုးနိုင်မည် ဆိုပါက နှစ်စဉ် အမေရိကန် ဒေါ်လာ ၂၀ ဘီလျံခန့် ပိုမိုအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံအများအပြား၌ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေရဆဲဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ကမ္ဘာ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည်ပင်လျင် စိုက်ပျိုးရေး ထုတ်ကုန်များကိုထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ အများအပြားတင်ပို့နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်း (Agro-based Industries)၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်တွင် အတန်းပညာမြင့်မားပြီး အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ များစွာရရှိရန်လို အပ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
ထို့အတူ မိမိတို့နိုင်ငံ၏ ပညာရေးကို ကြည့်မည်ဆိုပါက ခေတ်အဆက်ဆက်တွင် အားနည်းလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အတက်ပညာ၊ အသိပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အတန်းပညာမှတစ်ဆင့် အတက်ပညာ၊ အသိပညာများကို ပိုမိုပြည့်စုံအောင်ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေး ရည်မှန်းချက်အဖြစ် KG+9 အထိ မသင်မနေရပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတက်လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထားဆောင်ရွက်သည့်နိုင်ငံဖြစ်သဖြင့် စိုက် ပျိုးမွေးမြူရေးဆိုင်ရာ ပညာရှင်များ ပိုမိုပေါ်ထွက်လာစေရေး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းတို့တွင် သင်ကြားပေးလျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်လူရွယ် များကို ဆက်လက်အားပေးမွေးထုတ်ပေးရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယင်းအပြင် မွေးမြူရေးလုပ်ငန်းပိုင်း ဆိုင်ရာများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းအသား၊ ငါး ဈေးနှုန်းများကြီးမြင့်လျက်ရှိသည်ကိုတွေ့မြင်ရကြောင်း၊ ဒေသတွင်းစားသုံးမှုဖူလုံမှုမှတစ်ဆင့် နိုင်ငံတစ်ဝှမ်းလုံးဖူလုံရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက အသား၊ ငါးများ၏ ကုန်ဈေးနှုန်းများသည်လည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များကို အခြေခံသည့် တိရစ္ဆာန်အစာများကို ပိုမိုတိုးမြှင့်ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်မည်ဆိုပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကိုလည်း လျှော့ချနိုင်စေမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏မျှော်မှန်းသက်တမ်းသည် ၂၀၂၄-၂၀၂၅ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ၆၉ နှစ်ဖြစ်သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက် နည်းပါးနေဆဲဖြစ်သည် ကိုတွေ့ မြင်ရကြောင်း၊ ထို့ကြောင့် နိုင်ငံသားတိုင်း ကျန်းမာရေးကောင်းမွန်ရန်လိုကြောင်း၊ လူတစ်ဦး ချင်းစီ၏ ကျန်းမာရေးကောင်းမွန်ရန်အတွက် စီးပွားရေး ကောင်းမွန်ရန်လိုပြီး စီးပွားရေးကောင်းမွန်မှသာလျှင် နေထိုင်စားသောက်မှု၊ ပညာသင်ကြားမှုများ တိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ပညာရေးအားကောင်းမွန်လာခြင်းနှင့်အတူ လူမှုစီးပွားဘဝ များသည်လည်း တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံသားတိုင်း သက်ရှည်ကျန်းမာ သည့် လူမှုဘဝကို ပိုင်ဆိုင်နိုင်ကြမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ဝါစိုက်ပျိုးမှုအနေဖြင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဝါကိုစိုက်ပျိုးပြီး မန္တလေးတိုင်းဒေသကြီးသည် ဒုတိယ အများဆုံး စိုက်ပျိုးသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီး အတွင်း ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်နိုင်မည် ဆိုပါက ဒေသနှင့် နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရက်ကန်းလုပ်ငန်းများ တိုးတက်လာစေရေးအတွက်လည်း တာဝန် ရှိသူများနှင့် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝါမှချည်နှင့်ချည်ထည် များကို ထုတ်လုပ်နိုင်သကဲ့သို့ ဝါစေ့ဆီနှင့် ဝါကြိတ်ဖက်မှ တိရစ္ဆာန်အစာများကို ထုတ်လုပ် နိုင်ကြောင်း၊ ဝါဖန်စက်များကိုလည်း စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး အောင်မြင်ပြီးပါက ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါကိုအခြေခံသည့် စက်မှု လုပ်ငန်းများ မန္တလေးတိုင်းဒေသကြီးအတွင်း တိုးတက်လာစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
ထုတ်ကုန်ပစ္စည်းများအနေဖြင့် ဈေးကွက်ရရှိရန်လိုအပ်မည်ဖြစ်ပြီး ရောင်းကုန်ပစ္စည်းများလည်း ဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတိုင်းတွင် စီးပွားရေးအသိအမြင်များရှိရန်လည်း မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များ၌ စီးပွားရေးပညာရပ်များကို ထည့်သွင်းသင်ကြားပေးလျက်ရှိနေခြင်းဖြစ်ကြောင်း၊ “ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်” ဖြစ်ပြီး ထိုသို့ ဆောင်ရွက်သွားမည်ဆိုပါက ဈေးကွက်ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ဆိုသည်မှာ စုပေါင်းဆောင်ရွက်သည့် စနစ်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းတွင် အားနည်းသူများစုပေါင်း ၍ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ အောင်မြင် လာပြီးဝင်ငွေများပိုမိုရရှိလာကြမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် သမဝါယမ စနစ်ကိုကျင့်သုံးလျက်ရှိနေကြကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
အလားတူ လာမည့် ဇွန် ၁ ရက်ဆိုပါက ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ယခုလ ၂၅ ရက်မှစ၍ ကျောင်းအပ်နှံရေးရက်သတ္တပတ် လှုပ်ရှားမှုများ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေး၊ ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားနိုင်ရေး အားလုံးကဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ရေရရှိရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ရေဖူလုံစွာရရှိရေး ရှိပြီးဖြစ်သည့် အရင်းအမြစ်များကို အကျိုးရှိအောင်အသုံးချ၍ ဆောင်ရွက်သွားကြ စေလိုကြောင်း၊ စိမ်းလန်းစိုပြေရေးနှင့်ပတ်သက်၍ ရာသီဥတုပူပြင်းလာခြင်းကို မိမိတို့ အနေဖြင့် ပြောင်းလဲ၍မရနိုင်သော်လည်း သက်သာအောင်ဆောင်ရွက်နိုင်ကြောင်း၊ ရပ်ရွာများ၊ မြို့များအလိုက်သစ်ပင်များစိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စနစ်တကျ ဖြင့် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပူပြင်းသည့်ရာသီဥတုကို တွန်းလှန် နိုင်မည်ဖြစ်သကဲ့သို့ စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်နှင့် ညီညွတ်မျှတသည့် ရာသီ ဥတုရရှိစေနိုင်မည် ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြေသည့်မြင်ကွင်းများကို မြင်တွေ့ရခြင်း၊ကျန်းမာရေးနှင့် ညီညွတ်မျှတသည့်ရာသီဥတုကို ရရှိစေခြင်းတို့ဖြင့် မျက်စိပသာဒကို ဖြစ်ပေါ်စေပြီး လူများ၏စိတ်နှလုံးကိုအေးမြစေသည့် အကျိုးကျေးဇူးကိုရရှိစေ မည်ဖြစ်ကာ ဒေသသို့ လာရောက်လည်ပတ်သူများလည်း များပြားလာစေမည် ဖြစ်ကြောင်း၊ အိမ်သာလျှင် ဧည့်လာမည်ဟူသည့်အတိုင်း မိမိတို့ဒေသ သာယာ လှပရေး၊ ဒေသ၏ ရိုးရာအမွေ အနှစ်များ၊ ရိုးရာအဝတ်အစားနှင့် အစားအသောက်များ ကောင်းမွန်စေရေး၊ ဝန်ဆောင် မှုကောင်းပေးနိုင်ရေးတို့ကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း ခရီးသွားများဝင်ရောက်ခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သဖြင့် ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ မန္တလေးတိုင်း ဒေသကြီး အနေဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီး ဖြစ်သည့်အတွက် အားလုံးကဝိုင်း ဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာ ကြားလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ခင်းကျင်းပြသထားသည့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်း များမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက် စားသောက်ကုန်များ၊ လက်မှု ပစ္စည်းများ၊ အဝတ်အထည်များအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦးနှင့် ဦးမျိုးသန့်၊ ဒုတိယဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှတပ်မတော် အဆင့်မြင့်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ် တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။















