ကျောက်တော်မြို့နယ် တင်းမရွာသားများ ပျောက်ဆုံးနေမှုအပေါ် ခိုင်လုံသော သက်သေအထောက်အထား ရှိပါက တိုင်းစစ်ဌာနချုပ်နှင့် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနိုင်ကြောင်း တပ်မတော် ပြောကြား

ကျောက်တော်မြို့နယ် တင်းမရွာသားများ ပျောက်ဆုံးနေမှုအပေါ် ခိုင်လုံသော သက်သေအထောက်အထား ရှိပါက တိုင်းစစ်ဌာနချုပ်နှင့် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနိုင်ကြောင်း တပ်မတော် ပြောကြား
Published 30 December 2020

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တင်းမရွာသာ ၂၁ ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ခိုင်လုံသောသက်သေအထောက်အထားများဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့တွင် တိုင်ကြားနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တင်းမရွာသားများ ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများ ငြိမ်သက်နေသည့် ယခုကဲ့သို့သောအချိန်မျိုးတွင် သက်ဆိုင်ရာကာယကံရှင်များအနေဖြင့် ၎င်းတို့နှင့်ပတ်သက်၍ ခိုင်လုံသောအထောက်အထားများဖြင့် တိုင်းစစ်ဌာနချုပ်နှင့် ဒေသတွင်းရှိ တပ်နယ်များတွင် တိုင်ကြား၍ ရနိုင်ပြီး သို့မှသာ ၎င်းတို့နှင့် ပတ်သက်၍ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်၍ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ကျွန်တော်ပြောသလိုပဲ တိုင်းစစ်ဌာနချုပ်မှာပဲဖြစ်ဖြစ် တပ်နယ်မှာပဲဖြစ်ဖြစ် တိုင်ကြားလို့ရတယ်လို့ ကျွန်တော် ဆိုလိုခြင်းဖြစ်ပါတယ်။ တိုင်လည်း တိုင်ကြားလို့ ရပါတယ်။ တိုင်လည်း တိုင်ကြားနေတဲ့ဟာတွေလည်း ရှိပါတယ်။ ရဲစခန်းမှာ အမှုဖွင့်တာမှ မဟုတ်ဘူး။ တိုင်လည်း တိုင်ကြားတယ်။ ကျွန်တော်တို့မြင်တာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကိုလည်း တိုင်တာပဲ။ ဒီဘက်မှာ တိုင်ကြားနေတဲ့ဟာတွေ မျိုးစုံပေါ့နော်။ သူတို့ရဲ့ တွေ့ရှိချက်တွေ၊ ထင်မြင်ယူဆချက်တွေ တိုင်ကြားနေတာတွေ ရှိပါတယ်။ ဒီလမ်းကြောင်းတစ်ကြောင်းမှာမှ ရှိတာ မဟုတ်ပါဘူး။ လမ်းကြောင်းများစွာ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တင်းမကျေးရွာသာ ၂၁ ဦးသည် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ကျေးရွာအတွင်းမှ ပျောက်ဆုံးသွားခဲ့ပြီး ၎င်းတို့အား ထိုစဉ်က တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်တွင် တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များက ယူဆမှုများရှိနေသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပျောက်ဆုံးနေသာ တင်းမကျေးရွာသားတစ်ဦး၏ မိသားစုဝင်တစ်ဦးနှင့် အဆိုပါဖြစ်စဉ်နှင့်ပတ် သက်၍ လိုက်ပါကူညီပေးနေသူတစ်ဦးက စစ်တွေအခြေစိုက် ရခိုင်ရှေ့နေများကောင်စီထံ ဒီဇင်ဘာ ၂၆ ရက်တွင် စာပေးပို့၍ အကူအညီတောင်းခံထားပြီး အဆိုပါအကူအညီတောင်းခံစာတွင် ၎င်းတို့ကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အလောင်းဖျောက်ထားခြင်းခံနေရသည်ဟု ယူဆရသည့်အတွက် အထူးစိုးရိမ်တုန်လှုပ်မိကြောင်း ဖော်ပြထားသည်။

တင်းမကျေးရွာသစ်မှ ဒေသခံ ရှစ်ဦး၊ တင်းမကျေးရွာကြီးမှ ဒေသခံ ၁၀ ဦးတို့သည် ၎င်းတို့၏ မိသားစုနှင့်အတူ နေအိမ်တွင် ရှိနေစဉ် တောင်ရှည်တောင်တွင် တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်း မတ် ၁၃ ရက်နှင့် မတ် ၁၆ ရက်တို့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရွာတွင် အစောင့်အဖြစ် ချန်ထားခဲ့သော ရွာသားသုံးဦးကိုလည်း တပ်မတော်စစ်ကြောင်းကပင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မှတ်ယူကြောင်း အဆိုပါ အကူအညီ တောင်းခံစာတွင် ဖော်ပြခဲ့သည်။

“ အဲဒီခေတ်ကာလတုန်းကတော့ အဲဒီဘက်မှာ အခြေအနေတော်တော်ရှုပ်ထွေးပါတယ်။ အဲဒါကို ခုနက ပြောသလို တပ်ကနေ ဖမ်းသွားတယ်လို့ တစ်ဖက်သတ်စွပ်စွဲလို့လည်း မရပါဘူး။ အဲဒီမှာလည်း ဖြစ်ပျက်နေတဲ့ လူသတ်မှုတွေ၊ လူသေမှုတွေ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာလည်း မီဒီယာတွေလည်း သိပြီး ဖြစ်မယ်။ စျေးလယ်ခေါင်မှာတောင်မှပဲ ခေါင်းဖြတ်သတ်ခံရတဲ့ဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့တာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ၂၁ ဦးအနက် မွေးရာပါ ဆွံ့အစကားမပြောတတ် သူတစ်ဦး၊ မွေးရာပါ ခြေတစ်ဖက်သေးငယ်ကာ ပုံမှန်လမ်းမလျှောက်နိုင်သူ တစ်ဦး၊ အသက် ၁၄ နှစ်အရွယ်ရှိ ရှစ်တန်းတက်နေသူ ကလေးငယ်တစ်ဦးနှင့် အသက် ၇၁ နှစ်အရွယ်ရှိ အဖိုးအိုတစ်ဦးတို့ ပါသွားကြောင်း ရခိုင်ရှေ့နေများကောင်စီသို့ ပေးပို့ထားသည့် အကူအညီတောင်းခံစာတွင် ဖော်ပြခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မတ် ၂၃ ရက်နှင့် ဒီဇင်ဘာ ၆ ရက်တို့တွင် ကျောက်တော်ရဲစခန်းတွင် တိုင်ကြားခဲ့ဖူးသော်လည်း ရဲစခန်းက လက်ခံဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ဥပဒေကြောင်းအရ ကိုင်တွယ်ဖြေရှင်းနိုင်ရန် အကူအညီရယူလိုကြောင်း ရခိုင်ရှေ့နေများကောင်စီသို့ ဒေသခံအချို့က အကူအညီတောင်းခံခဲ့သည်။

Most Read

Most Recent