၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ်ရှိခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်မှု ခုနစ်ကြိမ်ရှိ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ်ရှိခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်မှု ခုနစ်ကြိမ်ရှိ
Published 30 December 2020
အောင်မင်းသိန်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ်ရှိခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်မှု ခုနစ်ကြိမ်ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။

“၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၂၃ ရက်အထိ မိမိတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းမှာ TNLA အဖွဲ့နဲ့ သုံးကြိမ်၊ MNDAA အဖွဲ့နဲ့ နှစ်ကြိမ်၊ TNLA ပူးပေါင်းအဖွဲ့နဲ့ နှစ်ကြိမ်၊ MNDAA ၊ TNLA ပူးပေါင်းအဖွဲ့နဲ့ နှစ်ကြိမ်၊ TNLA ၊ SSPP/SSA ပူးပေါင်းအဖွဲ့နဲ့ တစ်ကြိမ်၊ MNDAA ပူးပေါင်းအဖွဲ့နဲ့တစ်ကြိမ် စုစုပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ လက်နက်ကိုင်အချင်းချင်း ထိတွေ့မှုအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းမှာ TNLA နဲ့ SSPP/SSA ပူးပေါင်းအဖွဲ့နဲ့ RCSS/SSA အဖွဲ့တို့ အချင်းချင်းတိုက်ခိုက်မှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နယ်မြေကျော်လွန် လှုပ်ရှားမှုများအနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း၌ တစ်ကြိမ်၊ အရှေ့မြောက်တိုင်းစစ်ဌာချုပ်နယ်မြေအတွင်း TNLA အဖွဲ့က နယ်မြေကျော်လှုပ်ရှားမှု ၂၆ ကြိမ်၊ KIA အဖွဲ့က ကိုးကြိမ်၊ RCSS/SSA အဖွဲ့က ခုနစ်ကြိမ်၊ SSPP/SSA အဖွဲ့က လေးကြိမ်နှင့် MNDAA အဖွဲ့က တစ်ကြိမ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း RCSS/SSA အဖွဲ့က ၁၄ ကြိမ်နှင့် SSPP/SSA အဖွဲ့က ၁၃ ကြိမ် ရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ဆက်ကြေးကောက်ခံမှုအနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာ KIA အဖွဲ့ ရှစ်ကြိမ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာ TNLA အဖွဲ့ နှစ်ကြိမ်၊ အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းမှာ SSPP/SSA အဖွဲ့ နှစ်ကြိမ်၊ RCSS/SSA အဖွဲ့ တစ်ကြိမ် စုစုပေါင်း ၁၃ ကြိမ် ရှိပါတယ်” ဟု ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လူသစ်စုဆောင်းမှုအနေနှင့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း KIA အဖွဲ့က လေးကြိမ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း TNLA အဖွဲ့က နှစ်ကြိမ်နှင့် KIA အဖွဲ့က တစ်ကြိမ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာချုပ်နယ်မြေအတွင်း၌ RCSS/SSA အဖွဲ့က နှစ်ကြိမ် စုစုပေါင်း ကိုးကြိမ် ဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ မူးယစ်ဆေး ဖမ်းဆီးရမိမှုအနေနဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၂၅ ရက်အထိ တိုင်းစစ်ဌာချုပ်နယ်မြေ ၁၀ ခုမှာ ဘိန်းဖြူ ၃၆ ဒသမ ၄၇ ကီလိုခန့်၊ ဘိန်းစိမ်း ၁၃၈ ကီလိုခန့်၊ စိတ်ကြွဆေးပြား ၁၁၅ သိန်းခန့်နဲ့ အိုက်စ် ၅၁ ကီလို၊ အခြားမူးယစ်ဆေး ၅ ဒသမ ၃၅ ကီလိုခန့် ဖမ်းဆီးရမိပြီး တန်ဖိုးငွေကျပ်ကတော့ ၁၁ ဒသမ ၈၃၉ ဘီလျံကျော် ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

Most Read

Most Recent