ရွေးကောက်ပွဲအနိုင်ရ ကချင်ပြည်သူ့ပါတီနှင့် လီဆူပါတီ ပါတီနှစ်ခုနှင့် NLD ပါတီ တွေ့ဆုံမည်

ရွေးကောက်ပွဲအနိုင်ရ ကချင်ပြည်သူ့ပါတီနှင့် လီဆူပါတီ ပါတီနှစ်ခုနှင့် NLD ပါတီ တွေ့ဆုံမည်
Published 30 December 2020
ဉာဏ်လင်းထွန်း

ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) နှင့် လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) တို့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် မြစ်ကြီးနားမြို့၌ ပူးတွဲတွေ့ဆုံမည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက The Daily Eleven သတင်းစာကို ပြောကြားသည်။

ထိုသို့ တိုင်းရင်းသားပါတီများနှင့် မတွေ့ဆုံမီဒီဇင်ဘာ ၃၁ ရက်တွင် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များ၊ ပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ပြည်နယ်တွင်အနိုင်ရ NLD ပါတီလွှတ်တော် ကိုယ်စားလှယ်များနှင့် ကနဦး တွေ့ဆုံမည်ဟု ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

“ အကုန်လုံးတွဲတွေ့မှာ။ KSPP ရယ် လီဆူရယ်၊ KSPP လေးယောက်နဲ့ လီဆူနဲ့ တွဲတွေ့မှာ။ ငါးယောက်” ဟု ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

လတ်တလောတွင် KSPP ပါတီ၊ LNDP ပါတီမှ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များနှင့် အစီအစဉ်သာရှိပြီး ကျန်ပါတီများနှင့် တွေ့ဆုံခြင်း ရှိ၊ မရှိကို ယတိပြတ် မဆုံးဖြတ်ရသေးကြောင်း ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

“ ကချင်ပြည်နယ် NLD အလုပ်အမှုဆောင်အဖွဲ့တို့၊ ဝန်ကြီးချုပ်တို့၊ ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ခဲ့တဲ့ ဥက္ကဋ္ဌတို့ ဒုဥက္ကဋ္ဌတို့ အတွင်းရေးမှူးတို့ သူတို့နဲ့တိုင်ပင်ပြီးကာမှ ဘယ်အဖွဲ့အစည်းတွေ၊ ဘယ်ပါတီတွေ တွေ့မယ်၊ မတွေ့ဘူးဆိုတာအတိအကျသိရမှာ” ဟု ၎င်းက ပြောကြားသည်။

NLD ပါတီသည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများကို စတင်တွေ့ဆုံမည် ဆိုသည့် သတင်းထွက်ခဲ့သော်လည်း ဒီဇင်ဘာ ၂၉ ရက် ပါတီအလုပ်အမှုဆောင် အစည်းအဝေးအပြီး ကချင်ပြည်နယ်ရှိတိုင်းရင်းသားပါတီများနှင့် စတင်တွေ့ဆုံမည့် အစီအစဉ်   ဖြစ်လာခြင်းဖြစ်သည်။

“ အဲဒါကပြောရရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်တာပဲ။ သူတို့ ဆုံးဖြတ်တဲ့အတိုင်းပဲ ကျွန်တော်တို့ကဟိုဟာ ဖြစ်ကြတာ။ ရှမ်းက ကျယ်လည်းကျယ်တယ်၊ ကြီးလည်းကြီးတယ်။ ပြီးတော့ SNLD နိုင်ထားတာတွေလည်းအများကြီးပဲ။ အဲဒီတော့ ကျွန်တော်တို့က အေးအေးဆေးဆးပြေပြေလည်လည် အလွယ်နဲ့ ဖြေရှင်းနိုင်တဲ့ ပြည်နယ်တွေကို စဉ်းစားတယ်နဲ့ တူပါတယ်” ဟု ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

NLD ပါတီထံမှတွေ့ဆုံရန် ကမ်းလှမ်း မှုရရှိထားသော်လည်း ဆွေးနွေးမည့်အကြောင်း အရာအသေးစိတ်ကို မသိရှိရသေးဟု KSPP ပါတီနှင့် LNDP ပါတီတာဝန်ရှိသူများက ပြောကြားသည်။

“ ဒီနေ့မနက်ကြားတာတော့ နှစ်ဆန်းတစ်ရက်နေ့မှာတွေ့ဖို့ဆိုတဲ့ ဟာမျိုးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန်ပဲ ကျွန်တော်တို့ CEC  အစည်းအဝေးရှိတာကိုး” ဟု KSPP ပါတီဒုတိယဥက္ကဋ္ဌ (၂)  ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ကချင်ပါတီလေးပါတီပေါင်းစည်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည် ကချင်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် သုံးနေရာနှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တစ်နေရာအနိုင်ရထားသည်။

ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် နှစ်နေရာ အနိုင်ရရှိထားသော လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ဥက္ကဋ္ဌ ဦးရွှေမင်းကလည်းတွေ့ဆုံမှုကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် ပြည်နယ် NLD ပါတီရုံး၌ တွေ့ဆုံမည်ဟု သိရကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ကလောလောဆယ် ဘာမှ (ပါတီတွင်း) ဆွေးနွေးထားတာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဆွေးနွေးမယ့် ခေါင်းစဉ်၊ ဘာအကြောင်းအရာလဲ ကျွန်တော်တို့ မသိသေးတဲ့အခါကျတော့လေ” ဟု LNDP ပါတီဥက္ကဋ္ဌ ဦးရွှေမင်းက ပြောကြားသည်။

ကချင်ပြည်နယ်တွင်း အနိုင်ရတိုင်းရင်းသားပါတီများကို စတင်တွေ့ဆုံသည်ဆိုသော်လည်း ပြည်နယ်ရှိမဲဆန္ဒနယ် နှစ်နေရာကို အနိုင်ရခဲ့သည့် ပန်ဝါမြို့၊ ချီဖွေမြို့နယ် အခြေစိုက် ဒီမိုကရေစီပါတီသစ် (ကချင်) ကို NLD ပါတီအနေဖြင့် ဆက်သွယ်လာခြင်း မရှိသေးကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးတိန့်ဆောင်က ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။

Most Read

Most Recent