ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ် လက်မခံသည့် သဘောထား ထုတ်ပြန်ချက်များ၊ ဆောင်ရွက်ချက်များကို နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် UEC ထုတ်ပြန်

ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ် လက်မခံသည့် သဘောထား ထုတ်ပြန်ချက်များ၊ ဆောင်ရွက်ချက်များကို နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် UEC ထုတ်ပြန်
နိုဝင်ဘာ ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
နိုဝင်ဘာ ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Published 30 December 2020
ဉာဏ်လင်းထွန်း

ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ်ကိုလက်မခံသည့် သဘောသက်ရောက်သော သဘောထား ထုတ်ပြန်ချက်များ၊ ဆောင်ရွက်ချက်များကို နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။

မြို့နယ်အချို့တွင် မဲမသမာမှုဖြစ်စေနိုင်သည့် မဲစာရင်းစိစစ်တွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၂၉  ရက်က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သုံးကြိမ်မြောက်ထုတ်ပြန်မှုအပြီး ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကော်မရှင်ကထိုသို့ ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။

ထိုသို့ မဲမသမာမှု ဖြစ်စေနိုင်သည့် မဲစာရင်းများဟူ၍ တပ်မတော်၏ တတိယထုတ်ပြန်ချက်တွင် ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနားနှင့် တံတားဦးမြို့နယ်များပါဝင်ပြီး ယခင်ထုတ်ပြန်ခဲ့သည့် နှစ်ကြိမ်တွင် မြို့နယ်ခုနစ် မြို့နယ် ပါဝင်သည်။

ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် အတိုက်အခံပါတီ အချို့ကလည်း ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့ကြောင်းနှင့် ရွေးကောက်ပွဲရလဒ်ကို လက်ခံနိုင်ခြင်းမရှိကြောင်း သဘောထား ထုတ်ပြန်မှုများ ရှိခဲ့သည်။

မဲစာရင်းထပ်သည်၊ မှတ်ပုံတင် အမည်မပါ၊ မဲမသမာမှု ဖြစ်နိုင်သည် စသည်ဖြင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်သည့် မဲစာရင်းများသည် ဒုတိယအကြိမ် ထုတ်ပြန်သည့် မဲစာရင်းများကို အခြေခံထုတ်ပြန်နေခြင်းဖြစ်သည်ကို သုံးသပ်တွေ့ရှိရသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၃၀ ရက်တွင် ပြန်လည်ထုတ်ပြန်သည်။

အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲစာရင်းတွင် အမည်မပါလျှင် တောင်းဆိုရန်၊ မပါဝင်သင့်သူများ ပါဝင်နေပါက ကန့်ကွက်ရန်၊ အချက်အလက် မှားယွင်းပါက ပြင်ဆင်ရန် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုသာ PDF ဖိုင်ဖြင့် ဖြန့်ဝေထားသည့် မဲစာရင်းဖြစ်ကြောင်း ကော်မရှင်ထုတ်ပြန်ချက်က ဆိုသည်။

ထိုသို့ မဲစာရင်းဒုတိယအကြိမ် ကပ်ထားစဉ် ပုံစံ (၃)၊ ပုံစံ (၄) ၊ ပုံစံ (၄-ဂ) တို့ဖြင့် ထပ်မံလျှောက်ထားသဖြင့် ထပ်မံပြင်ဆင်ဖြည့်စွက်ရသည်များရှိပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်သည့် မဲစာရင်းမှာ နိုဝင်ဘာ ၈ ရက်တွင် မဲပေးသည့် နောက်ဆုံးမဲစာရင်း မဟုတ်ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သည့် မြို့နယ်များတွင် မဲစာရင်းစိစစ်မှုကို တရားမဝင် Online အချက်အလက်များကို ရယူထားခြင်းမဟုတ်ဘဲ ခိုင်မာသည့် အရင်းအမြစ်များမှ ရရှိထားသည့် မဲစာရင်းပုံစံ (၁) PDF ဖိုင်များကို ဖိုင်အဖြစ် ပြောင်းလဲ၍  ထုတ်ပြန်ခြင်းဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် တစ်ကြိမ်ထက် ပို၍မဲပေးခွင့်ရနိုင်သည့် ထပ်နေသာ မဲစာရင်းနှင့် မဲမသာမှု ဖြစ်စေနိုင်သည့် မဲစာရင်းမြို့နယ်လေးခုတွင် စုစုပေါင်း ၅၄၀၀၀ ကျော်ရှိကြောင်း ဖော်ပြပါရှိသည်။

မဲစာရင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်တို့ စုပေါင်းပြုစုခြင်းဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင်လည်း ပညာရေးဝန်ကြီးဌာနမှ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များဖြစ်သော ဆရာ၊ ဆရာမများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့သည့်    ရွေးကောက်ပွဲလုပ်ငန်းစဉ်များဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ရှင်းလင်းသည်။

ထို့ပြင် COVID-19 ရောဂါ ဖြစ်ပွားနေသော်လည်း မဲဆန္ဒရှင် ရာခိုင်နှုန်း ၇၀ ကျော် မဲပေးခဲ့ကြ၍ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာခေါင်းဆောင်များနှင့် မဲဆန္ဒရှင်များ ကိုယ်တိုင်က အသိအမှတ်ပြုထားသည့် ရွေးကောက်ပွဲဖြစ်သည်ဟု ကော်မရှင် ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိအချိန်ကာလသည် ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲနေ့တွင် ဖြစ်ပွားခဲ့သည့်  ရဲအရေးပိုင်သော ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှုများအတွက်  တင်သွင်းလာသော ကန့်ကွက်လွှာများကို စစ်ဆေးလျက်ရှိသည့် ကာလဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent