သံသယဖြစ်ဖွယ်ရာ မဲစာရင်း စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍  ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်ရန်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

သံသယဖြစ်ဖွယ်ရာ မဲစာရင်း စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍  ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်ရန်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 30 December 2020
အောင်မင်းသိန်း

သံသယဖြစ်ဖွယ်ရာ မဲစာရင်းစစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍  ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်ရန်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပုံမှန် သတင်စာရှင်းလင်းပွဲတွင် တပ်မတော်က ထုတ်ပြန်နေသည့် မဲစာရင်းများနှင့် ပတ်သက်၍ မည်သို့ ဆက်လက် ဆောင်ရွက်သွားမည်နည်းဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်အနေဖြင့် မဲစာရင်းများကို စိစစ်ရာတွင် မှတ်ပုံတင်ကတ်များကို အဓိကထား စိစစ်ခဲ့ခြင်းဖြစ်ပြီး သံယဖြစ်နိုင်သည့် မဲစာရင်းများနှင့် ထပ်နေသည့် မဲစာရင်းများကို နည်းပညာအခြေခံ၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

"စစ်ဆေးတဲ့ အခါမှာတော့ အများအားဖြင့်ကတော့ မူတည်တာသည် လူတစ်ယောက်ရဲ့ ID သည် မြန်မာနိုင်ငံမှာတော့ လူတစ်ယောက်ရဲ့ ID လို့ပြောရင် ID သည် မှတ်ပုံတင်နံပါတ်ပဲ။ မှတ်ပုံတင်ကတ်ပဲ ဖြစ်တယ်။ အဲဒီ မှတ်ပုံတင်ကတ်တွေကိုပဲ ကျွန်တော်တို့ အဓိကထားပြီးတော့ စစ်ဆေးခဲ့တယ်။ မှတ်ပုံတင်ကတ်တွေနဲ့ ပတ်သက်ပြီးတော့ပဲ Excel ဖိုင်မှာ စစ်ဆေးခဲ့တဲ့အခါမှာ မှတ်ပုံတင်ကတ်များ ထပ်နေပြီးတော့ တွေ့ရှိခဲ့ရတဲ့လူတွေ၊ ကျွန်တော်တို့ ဒီထုတ်ပြန်ချက်ထဲမှာလည်း ပါပြီး ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်ထဲမှာပါတဲ့ အခြေအနေပေါ့၊ ကျွန်တော်တို့ ထုတ်ပြန်တဲ့အခါမှာ မဲစာရင်း ထုတ်ပြန်တဲ့အခါမှာ သံသယဖြစ်နိုင်တဲ့ ဟာတွေပေါ့။ ထပ်နေနိုင်တဲ့ဟာတွေဆိုပြီး ဒါတွေက နည်းပညာနဲ့ အခြေခံပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ အခြေခံတဲ့ဟာတွေကတော့ ထုတ်ပြန်ပြီးသားဟာတွေပေါ်မှာ အခြေခံပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်သွားမယ့်ဟာကတော့ ဥပဒေအတိုင်းပဲ ဆက်လက် လုပ်ဆောင်ဖို့ ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မဲစာရင်း စိစစ်တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ တပ်မတော်က သုံးအကြိမ်အထိ ထုတ်ပြန်ထားပြီး မဲစာရင်းစိစစ် ဖော်ထုတ်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ မဲဆန္ဒရှင်စာရင်းများကို ကြေညာခဲ့ခြင်းများ၊ ပါတီများသို့ ပေးထားသည့် မဲဆန္ဒရှင်စာရင်း PDF ဖိုင်များကို Excel ဖိုင်အဖြစ် ပြောင်းလဲ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဥပဒေအတိုင်း ဆောင်ရွက်မည်ဆိုခြင်းမှာ တပ်မတော်သားများအနေဖြင့် မဲဆန္ဒရှင်အနေဖြင့် ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာ တင်သွင်းမည့် သဘောမျိုးလားဆိုသည့် မေးမြန်းမှုအပေါ် ၎င်းက "လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈(က)၊ နည်းဥပဒေ ၈၇ တို့အရ ယှဉ်ပြိုင်အရွေးခံတဲ့ မည်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းကမဆို ဒါမှမဟုတ် ယင်းမဲဆန္ဒနယ်တွင် ဆန္ဒပေးခဲ့သည့် မည်သည့် မဲဆန္ဒရှင်ကမဆို ကန့်ကွက်နိုင်တာ ဖြစ်ပါတယ်။ ယခုကန့်ကွက်တာတွေကတော့ တပ်မတော်သားများအနေဖြင့် မဲဆန္ဒရှင်အနေနဲ့ ကန့်ကွက်လွှာ တင်သွင်းခြင်း ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များထ ုတ်ပြန်ရာတွင် တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ တပ်မတော်အနေဖြင့် တပ်မတော်သား မဲဆန္ဒရှင်များ မဲပေးခဲ့သည့် နယ်မြေများတွင် တွေ့ရှိချက်များကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မဲစာရင်း စိစစ်ရာတွင် မည်သည့် မဲစာရင်းကို အခြေခံ၍ စိစစ်ခဲ့သနည်း ဆိုသည့် မေးမြန်းမှုအပေါ် ၎င်းက "ပြောချင်တာကတော့ ဝင်ပြီးယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေမှာတောင်မှ မဲစာရင်း စုံစုံလင်လင် မရခဲ့ဘူး၊ ကျွန်တော်တို့ သိထားသမျှတော့။ သက်ဆိုင်ရာ မဲဆန္ဒနယ်အလျှောက် ဝင်ပြီးယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့လည်း တချို့ဆိုရင် ရွေးကောက်ပွဲကျင်းပတဲ့ ရက်နီးကာမှ ရရှိခဲ့တာရှိတယ်။ တချို့ဆိုရင် ရွေးကောက်ပွဲပြီးမှ မဲစာရင်းရရှိခဲ့တာ ဖြစ်တယ်။ တစ်ချို့ဆိုရင် အခုထိ တိတိကျကျ မသိသေးဘူး။ ဒါ ကျွန်တော်တို့ သိထားတဲ့ သိရှိချက်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ခုနကပြောတဲ့ ဘယ်ဟာကို အခြေခံခဲ့လဲဆိုတာ ပြောပြီးသား ဖြစ်တယ်။ ပုံစံ (၁) မဲစာရင်း ထုတ်ပြန်တုန်းကဟာကို အခြေခံခဲ့တယ်။ CD ပြားတွေနဲ့ ဝေလိုက်တဲ့ဟာကို အခြေခံခဲ့တာ ဖြစ်တယ်။ ဒီခိုင်မာတဲ့ဟာတွေအပေါ်မှာပဲ ကျွန်တော်တို့ အခြေခံပြီးတော့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဝင်ယှဉ်ပြိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တောင်မှ မဲစာရင်း စုံစုံလင်လင် မရခဲ့ဘူး။ နံပတ် (၂) ကတော့ သက်ဆိုင်ရာ မဲဆန္ဒနယ်အလျှောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့လည်း တချို့ဆိုရင် ရွေးကောက်ပွဲရက်နီးမှ ရခဲ့တာရှိတယ်။ တချို့ဆိုရင် ရွေးကောက်ပွဲပြီးမှ မဲစာရင်းရခဲ့တာတွေရှိတယ်။ တချို့ဆိုရင် အခုအထိ ရေရေရာရာတောင် မသိသေးဘူး။ ကျန်တဲ့ မဲစာရင်းဆန္ဒရှင်တွေတော့ ပြောမနေနဲ့ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်တွေတောင်မှ အဲဒီလိုအခြေအနေမျိုး ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ဥပဒေအတိုင်း ဆောင်ရွက်မည်ဆိုသည်က မည်သည့်အချိန်အထိ ဆောင်ရွက်သွားရန် ရှိပါသနည်းဆိုသည့် မေးမြန်းမှုအပေါ် ၎င်းက ' ဥပဒေထဲမှာ အကျုံးဝင်တဲ့ဟာ မှန်သမျှ လုပ်ဆောင်သွားမယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်" ဟု ပြန်လည်ဖြေကြားသည်။

Most Read

Most Recent