ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစတွင် ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိ ဘဏ္ဍာနှစ် နှစ်လခွဲခန့်၌ ပို့ကုန်တင်ပို့မှု လျော့ကျခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၈၀ ခန့် ဖြစ်ပေါ်

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစတွင် ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိ ဘဏ္ဍာနှစ် နှစ်လခွဲခန့်၌ ပို့ကုန်တင်ပို့မှု လျော့ကျခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၈၀ ခန့် ဖြစ်ပေါ်
Published 19 December 2020
  ဇေယျာငြိမ်း

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့သော်လည်း လက်ရှိ ဘဏ္ဍာနှစ် နှစ်လခွဲခန့်တွင် ပို့ကုန်တင်ပို့မှု လျော့ကျခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၈၀ ခန့်အထိ ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ နှစ်လခွဲခန့်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၆၄၇ ဘီလျံသာ ရှိသည်။ ယခင်နှစ် ကာလတူတွင် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံအထိ ရှိသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လခွဲခန့်တွင် ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်အထိ လျော့ကျခဲ့သည်။

ကုန်သွယ်မှုလိုငွေ ဆိုသည်မှာ မြန်မာနိုင်ငံက တင်ပို့သည့် ပို့ကုန်ပမာဏထက် အခြားပြည်ပမှ တင်သွင်းရသည့် သွင်းကုန်ပမာဏ ပိုများနေခြင်းကို ဆိုလိုသည်။

လက်ရှိဘဏ္ဍာနှစ် နှစ်လခွဲခန့်တွင် မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၂ ဒသမ ၆၄၇ ဘီလျံသာ ရှိသော်လည်း သွင်းကုန်တင်သွင်းမှုသည် ၂ ဒသမ ၉၂၅ ဘီလျံအထိ ရှိသည်။

အဆိုပါ ကာလအတွင်း ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှု နှိုင်းယှဉ်ကြည့်ပါက သွင်းကုန် တင်သွင်းမှုသည် ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၂၇၈ ဒသမ ၁၈၄ သန်း ပို၍များနေသည်။ ထို့ကြောင့် ကုန်သွယ်မှု လိုငွေမှာလည်း ဒေါ်လာ ၂၇၈ ဒသမ ၁၈၄ သန်း ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်လခွဲခန့်တွင် ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁၂၇ ဒသမ ၁၉၇ သန်းအထိ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှု မြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာများ ရေးဆွဲ၍ အကောင်အထည် ဖော်နေသကဲ့သို့ တခြားတစ်ဖက်တွင်လည်း ပြည်တွင်း လိုအပ်ချက်များကြောင့် ပြည်ပမှ မဖြစ်မနေ တင်သွင်းရသည့် ကုန်စည်များကိုလည်း လျှော့ချ၍ မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေ လျော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ် အခက်အခဲ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

“တကယ် လက်တွေ့လုပ်တဲ့ အခါကျတော့ ကိုယ်ပြည်တွင်းလည်း စားသုံးမှု အားကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာ မွေးမြူရေးက တက်လာတယ်။ ကြက်စာ အရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ် ကြိတ်ဖတ်ဆိုရင် ဟိုတုန်းက တန်ချိန် နှစ်သောင်းလောက် တစ်နှစ်ကို။ အခုဆို တန်ချိန် ငါးသောင်းအထိ သွင်းလာတဲ့ အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလည်း ဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ။ ဒါတွေကလျှော့လို့ မရဘူးလေ။ တချို့ကလည်း ခရီးသွား တက်လာတဲ့အခါမှာ ဒီမှာမထုတ်နိုင်တဲ့ ဝက်အူချောင်းတို့၊ အကောင်းစား ငါးတွေ တင်သွင်းရတာ ရှိတယ်။ စားအုန်းဆီကလည်း လျှော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျှော့လို့မရဘူး။ ဆေးဝါးကလည်း လျှော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျှော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ လျှော့ချရန် မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ် ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ် ကြားကာလခြောက်လတွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၁၈ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၉ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ငါးဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

Most Read

Most Recent